စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် ရခိုင်ပြည်နယ် မြောက်ဦးမှာ စစ်သုံ့ပန်း ၂၈ ဦး သေဆုံး
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၁၉ မြင်ကွင်း
မိုးမခ၊ ဇန်နဝါရီ ၂၀၊ ၂၀၂၅
စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် ရခိုင်ပြည်နယ် မြောက်ဦးမှာ စစ်သုံ့ပန်း ၂၈ ဦး သေဆုံး
စစ်ကောင်စီရဲ့ တိုက်လေယာဥ်တွေက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ရမ်းချောင်းအနီး မှာရှိတဲ့ စစ်သုံ့ပန်းတွေ ထားရှိတဲ့ အချုပ်စခန်းကို ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် AA က ထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း၊ ရဲတပ်ဖွဲ့ဝင် နဲ့ မိသားစုဝင် ၂၈ ဦးသေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီမတိုင်ခင် သီတင်းတပတ်ခန့်ကလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့ လူစည်ကားတဲ့ ဈေးတွေ၊ လူနေအိမ်တွေ နဲ့ ရုံးတွေရှိတဲ့နေရာကို စစ်ကောင်စီ လေယာဥ်တွေက ဗုံးကြဲခဲ့ပြီး သေဆုံးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်မှာတော့ AA ရဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတဦး သေဆုံးတဲ့အထဲပါဝင်ပြီး အရပ်သားတွေလည်း ထိခိုက်သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
တနှစ်ကျော်ကာလအတွင်း ရခိုင်ပြည်နယ် တခုလုံးနီးပါးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ AA အနေနဲ့ သိမ်းယူထားတဲ့ နယ်မြေတွေ၊ မြို့တွေကို ကောင်းမွန်လုံခြုံစွာ အုပ်ချုပ်နိုင်ခြင်း မရှိအောင် ရည်ရွယ်ချက်နဲ့ စစ်ကောင်စီတပ်က အခုလို သတင်းအချက်အလက် လျှို့ဝှက်စွာ စုဆောင်းရယူပြီး လေကြောင်းက တိုက်ခိုက်မှုတွေ လုပ်နေတာလို့ အများက ယူဆထားကြပါတယ်။
မြေပြင်ကနေ မြို့တွေနယ်တွေ ပြန်လည် သိမ်းယူနိုင်မယ့် အလားအလာ မရှိတဲ့ အနေအထားမှာ ရခိုင်ပြည်နယ်ရဲ့ ၉၀ ရာနှုန်းနီးပါး သိမ်းယူထားပြီးဖြစ်တဲ့ AA အနေနဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ တရားစီရင်ရေးတို့လို ပုံမှန်အခြေအနေမျိုး ရောက်ရှိအောင် မလုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ကုန်စည်ကူးသန်း ပို့ဆောင်မှုတွေ ပိတ်ပင်ထားသလို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြို့တော် စစ်တွေနဲ့ ကျောက်ဖြူမြို့ ၂ မြို့တို့ကို AA က တိုက်ခိုက်သိမ်းယူခြင်း မရှိသေးပဲ အဆိုပါ မြို့ ၂ မြို့ကိုတော့ အရပ်ဘက်လေကြောင်းလိုင်းတွေ ပြေးဆွဲနေဆဲဖြစ်ပြီး စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေး ဘက်ကသူတွေ၊ အဆိုပါမြို့တွေမှာ နေထိုင်နေတဲ့ အရပ်သားတွေ ကူးသန်းသွားလာမှု ရှိနေသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ယခုတကြိမ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရတဲ့အထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နဲ့ ၄င်းတို့မိသားစုတွေက အများစု ဖြစ်တဲ့ အနေအထားလို့ ခန့်မှန်းရပြီး စစ်ကောင်စီအနေနဲ့ ဖမ်းဆီးခံထားရတဲ့ ၄င်းတို့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့က သူတွေနဲ့ မိသားစုတွေကို ထိခိုက်သေဆုံးစေမယ့် တိုက်ခိုက်မှုကို ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်သလဲဆိုတဲ့ အချက်ကို နားလည်ဖို့ ခက်ခဲစရာ ဖြစ်ပါတယ်။ အလားတူ ဖြစ်ရပ်မျိုး ယမန်နှစ်ကလည်း ကရင်နီဒေသမှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ လက်အောက်က ရဲအချုပ်ခန်း တခုကို စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပါတယ်။ ယမန်နှစ် အောက်တိုဘာလအတွင်းက မန္တလေးတိုင်း သို့မဟုတ် ရှမ်းမြောက်နယ်စပ်မှာ MDY-PDF က တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေကို ထားရှိတဲ့ အချုပ်ခန်းတခုကို စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ သုံ့ပန်း ၈ ဦးသေဆုံးခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပျက်ခဲ့ပါတယ်။ အလားတူ ယမန်နှစ် စက်တင်ဘာလ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ AA ရဲ့ အချုပ်ခန်းတခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စစ်သုံ့ပန်း ၅၀ လောက် သေဆုံးခဲ့ရတယ်လို့ AA က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒီဖြစ်ရပ်တွေကို ကြည့်ရင် စစ်ကောင်စီကို ဆန့်ကျင် တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ PDF အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေထဲက သတင်းအချက်အလက်တွေ စုဆောင်းပြီး တိုက်ခိုက်ရာမှာ ၄င်းတို့ဘက်က သုံ့ပန်းတွေ ထားရှိတဲ့ အချုပ်စခန်းတွေပါ ပစ်မှတ်အဖြစ် သတ်မှတ်တိုက်ခိုက်နေတဲ့ သဘောလို့ ကောက်ချက် ချရမှာ ဖြစ်ပါတယ်။
အခုလို ဖြစ်ရပ်တွေက စစ်ကောင်စီတပ်အနေနဲ့ ၄င်းတို့ တပ်ကို ပြန်ချနင်းနေတဲ့ သဘောဖြစ်ပြီး တိုက်ပွဲတွေမှာ ဖမ်းဆီးခြင်း ခံရသူ၊ သို့မဟုတ် လက်နက်ချသူတွေကို ပြန်လည်ကယ်ဆယ်ဖို့ ရည်ရွယ်ချက် မရှိတဲ့ အဓိပ္ပာယ်လည်း သက်ရောက်တာ ဖြစ်ပါတယ်။
စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြီး တနိုင်ငံလုံးမှာ လူငယ်တွေကို တပ်သားသစ် အဖြစ် အလှည့်ကျ မဲနှိုက်တာ၊ အဓမ္မ ခေါ်ယူတာစတဲ့နည်းတွေနဲ့ အသဲအသန် စုဆောင်းနေချိန်မှာ ၄င်းတို့တပ်ထဲက တိုက်ပွဲတွေမှာ ဖမ်းဆီးခံရသူတွေကို တန်ဖိုးထား ကယ်ဆယ်ဖို့ စိတ်ကူးမရှိပဲ အချုပ်ခန်းတွေကို လေကြောင်း တိုက်ခိုက်မှုရဲ့ ပစ်မှတ်အဖြစ် ထားရှိတဲ့ အချက်က မိမိတပ်ကို ပြန်နင်းတဲ့ လုပ်ရပ်လို့ ဆိုရမှာပါ။ စစ်မှုမထမ်းမနေရ ဥပဒေအရ စုဆောင်းခံရတဲ့ စစ်သားသစ်တွေနဲ့ နှိုင်းယှဥ်ရင် လက်ရှိ စစ်ကောင်စီတပ်ထဲက ရာထူး အဆင့်အမျိုးမျိုး ရှိသူတွေက တိုက်ခိုက်ရေး အတွေ့အကြုံအရ၊ စစ်တပ်ရဲ့ ဝါဒဖြန့်မှုအောက်မှာ အသားကျနှင့်ပြီးသားသူတွေလို့ ဆိုနိုင်ပါတယ်။ စစ်တပ်နဲ့ ရဲအဖွဲ့ထဲမှာ နှစ်အတော်များများ အတွေ့အကြုံရှိပြီးသူတွေကို အခုလို တိုက်ပွဲမှာ ဖမ်းဆီးခံရတာ သို့မဟုတ် လက်နက်ချလိုက်တဲ့နောက် စစ်ကောင်စီခေါင်းဆောင်တွေက ၄င်းတို့လူအဖြစ် မသတ်မှတ်တော့တဲ့ သဘောလားလို့ ယူဆစရာ ရှိနေပါတယ်။
AA အဖွဲ့ထံမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ် အဆင့်ကနေ တပ်သားတွေ၊ မိသားစုဝင်တွေအထိ ရာထောင်ချီ ရှိနေသလို ရှမ်းမြောက်မှာလည်း MNDAA, TNLA တို့ လက်ထဲမှာ အလားတူ အခြေအနေမျိုးလို့ ဆိုရမှာပါ။ စစ်ကောင်စီအနေနဲ့ ရှမ်းမြောက်က သုံ့ပန်းတွေနဲ့ ပတ်သက်လို့ ခုလလယ်မှာ ကျင်းပတဲ့ ယူနန်ပြည်နယ်က ဆွေးနွေးပွဲမှာ ပြန်လွှတ်ပေးဖို့ MNDAA ကို တောင်းဆိုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။
အခုလို ဖမ်းဆီးခံရတဲ့ ကိုယ့်တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းထားတဲ့ အချုပ်စခန်းတွေကို စစ်ကောင်စီက ပြန်ပြီး ဗုံးကြဲတိုက်ခိုက်ခြင်းဟာ စစ်ကောင်စီရဲ့ စည်းရုံးရေး ကျဆုံးခြင်း ပြယုဂ်တခု ဖြစ်တာ အသေအချာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar