မာတီနာ - စိတ်နှောင်ကြိုး
စိတ်နှောင်ကြိုး
မာတီနာ
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၂၅
သားကြီးကိုခေါ်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ လာခဲ့သည်။ မှတ်ပုံတင်လုပ်ရန်အတွက် ရပ် ကွက်ထောက်ခံလာယူခြင်းဖြစ်သည်။ အရပ်ခြောက်ပေ၊ ကိုယ်လုံးကိုယ်ထည်တောင့်တောင့် တင်းတင်းနှင့် သားသည် ၁၈ နှစ် တင်းတင်းပြည့်ခဲ့ပြီ။ ရပ်ကွက်ရုံးမှ ထုတ်ပေးသောပုံစံစာရွက်တွင် မွေးနေ့သက္ကရာဇ်၊ နေရပ်လိပ်စာတို့ကိုဖြည့်သွင်းသည်။ ထောက်ခံစာရလျှင် လဝကရုံးသို့ ဆက်သွားရဦးမည်။ ၁၈ နှစ်ပေါ့နော် ဟူသောအမေးကိုဟုတ်ကဲ့ ဟုပြန်ဖြေလိုက်ရင်းအုပ်ချုပ်ရေးမှူးနှင့် မျက်လုံးချင်းဆုံမိသည်။ အကြည့်၊ အုပ်ချုပ်ရေးမှူး၏ အကြည့်ကိုမကြိုက်။ ဖြုန်းကနဲသတိဝင်လာသည်။
လမ်းဘေးတဖက်တချက်တွင် ယူနီဖောင်းဝတ်စစ်သားများထိုင်နေသည်။ သူတို့လက်ထဲတွင် ကိုင်ထားသောလက်နက်များကဖြတ်သန်းသွားလာသူတို့ကိုခြိမ်းခြောက်လျက်ရှိသည်။ သူတို့ကသားကိုကြည့်နေကြသည်။ ချက်ခြင်းများဆွဲခေါ်သွားလေမလားဟုရင်တထိတ်ထိတ်ဖြင့် ဖြတ်လျှောက်လာခဲ့သည်။ အိမ်သို့ အမောတကောပြန်ခဲ့သည်။ သားကိုချက်ချင်းဒီကထွက်ရအောင်၊ ဘာမှယူမနေနဲ့ ၊ သွားစို့၊ သွားစို့ ဟုလောဆော်သည်။ ရှိနေသည့် ပိုက်ဆံကိုကျစ်ကျစ်ပါအောင် ထုတ်လိုက်သည်။ သားကိုလက်အဆွဲ..
အိမ်ရှေ့မှာရပ်ကွက်လူကြီးနှင့်အတူလက်နက်ကိုင်စစ်သားအချို့ရောက်နေကြပြီ။ မခေါ်ပါနဲ့၊ မခေါ်ပါနဲ့၊ ကျမပိုက်ဆံပေးပါ့မယ်၊ ကျမသားအခုမှ ဆယ့်ရှစ်နှစ်ပြည့်တာပါ။ ပိုက်ဆံယူပါ။ ဒီအိမ်ကိုလည်းယူချင်ယူလိုက်ပါ၊ သားကိုမခေါ်ပါနဲ့ ဟုအလူးအလဲတောင်းပန်သည်။ သေနတ်ကိုင်ထားသောစစ်သားနှစ်ယောက်ကသားကိုဆွဲခေါ်ရန် ပြင်သည်။ သားကိုဘာပြောရမလဲ။ ထွက်ပြေး၊ ပြေး၊ ပြေး။ အမေကာထားမယ်။ ပြေး၊ ပြေးပါသား…
အလန့်တကြားလူးလိမ့်ရုန်းကန်လိုက်မိသည်။ မျက်နှာကြက် ဖြူဖြူကိုမြင်သည်။ သား၊ သားဘယ်ရောက်သွားပြီလဲဟုစဉ်းစားသည်။ ဟင်၊အိပ်မက်ပါလား။ အိပ်မက်ဆိုး။ အေးစိမ့်သောရာသီဥတုတွင် ချွေးစို့နေသည်။ အာခေါင်ခြောက်ပြီးလူကမောပန်းနေသည်။ အိပ်ရာမှ လူးလဲထ ၍ ရေတခွက်သောက်သည်။ ခြေဖွနင်းလျက် တဖက်အိပ်ခန်းကိုအသာဖွင့်ကြည့်သည်။ သားသည် အိပ်မောကျလျက်။ ဟူးခနဲသက်ပြင်းချမိသည်။ နာရီကိုကြည့်လိုက်တော့ မနက် ရှစ်နာရီ။
ပြတင်းမှန်တံခါးမှ တဆင့် အပြင်ဘက်ကိုလှမ်းမျှော်ကြည့်တော့ အရုဏ်ကျင်းစအချိန်လိုမှောင်ရီရီ။ ကောင်းကင်တွင် တိမ်ညိုများထူထပ်လျက်။
အရွက်ကင်းမဲ့သောသစ်ကိုင်းခြောက် ထိုးထိုးထောင်ထောင်များသည် သားကောင်ကိုဖမ်းဆုတ်ကုတ်ဖဲ့ရန် မကောင်းဆိုးဝါးတကောင်၏ ဆန့်ထုတ်လာသည့် လက်သည်းချွန်များနှင့် တူနေသည်။ မီးလာနေတုန်းထမင်းအိုးတည်ထားမှပဲဟုယောင်ယမ်းတွေးလိုက်ပြီးမှ မီးမှ မပျက်ပဲဟုသတိရသည်။ မျက်နှာသစ်ကာတနေ့တာလုပ်ဖွယ် ကိစ္စတို့ကိုစတင်သည်။ အိပ်မက်ဆိုးသည် ခေါင်းထဲတွင်တဝဲလည်လည်။ ကြက်သွန်နီတလုံးကိုစတင်လှီးချွတ်လိုက်ရင်းမျက်တောင်များကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာမျက်လုံးထဲတိုးဝင်လာသည့် အခိုးအငွေ့တို့ကိုကာကွယ်ရလေသည်။
အိမ်အလုပ်များပြီးသောအခါ စိတ်ပြေလက်ပျောက် လမ်းလျှောက်ရန် အနီးဆုံးပန်းခြံသို့ ထွက်ခဲ့သည်။ ဓာတ်ရထားမှတ်တိုင်ကလေးတွင် အလယ်တန်းကျောင်းသားကလေးများဟုယူဆရသောကလေးသာသာလူငယ်ကလေးများရှိနေသည်။ လက်ထဲတွင် အချိုရည်သံဘူးများကိုင်ထားကြပြီးလူငယ်လေးတယောက်၏ လက်ထဲမှ မုန့်များကိုဝိုင်းနှိုက်စားနေကြသည်။ တယောက်တပေါက် စကားပြောနေကြသဖြင့် သူတို့၏ အသံများမှာဓါတ်ရထားမှတ်တိုင်တွင် ဆူညံ၍ နေသည်။ ခဏအကြာဓာတ်ရထားရောက်လာ၍ သူတို့အားလုံးရထားပေါ်တက်သွားကြသည်။ သူတို့ ရပ်ခဲ့သောနေရာတွင် မုန့်ထုတ်အခွံများ၊ မုန့် အစအနများနှင့် သံဗူးခွံအချို့ ပွစာကြဲ၍ ကျန်ခဲ့လေသည်။ တာဝန်သိသိဖြင့် အမှိုက်တစမကျန်အောင် သိမ်း ဆည်းပေးခဲ့သောလူငယ်များကားအဘယ်မှာနည်း။
လမ်းကိုဖြတ်၍ ပန်းခြံဆီသို့ ဆက်လျှောက်ခဲ့သည်။ လမ်းဘေးနေရာအချို့တွင် သစ်ရွက်ဆွေးများနှင့် မိုးရေတို့ကြောင့် ဗွက်ပေါက်ကာမဲညစ်နေသည်။ လမ်းဘေးအမှိုက်ပုံးအနီးတွင် ကျီး ကန်းသုံးကောင်သည် တစုံတရာကိုထိုးဆိတ်နေကြသည်။ အရိုးပြိုင်းပြိုင်းဝက်သစ်ချပင်ပေါ်မှတွဲလောင်းကျနေသည့် ရေညှိဖတ်သည် ကျက်သရေကင်းမဲ့စွာလှုပ်ယမ်းနေလေသည်။
၂၀၂၁ မှာ ၁၄ နှစ်ရှိသော ကြီးကောင်ဝင်စကောင်ကလေးသည် ၂၀၂၄ မှာ၁၈နှစ်အရွယ် လူငယ်လေးဖြစ်နေပြီ။ ၁၀ နှစ် ၁၁ နှစ်အရွယ်ပီဘိကလေးလေးများက ၁၄ နှစ် ၁၅ နှစ် ရှိလာပြီးအရွယ် ရောက်စပြုပြီ။ အိမ်ထဲမှာဝှက်ထား၍လည်းမလုံ၊ အပြင်လည်းမထုတ်ဝံ့သောအခြေအနေ။ လူငယ်ဖြစ်ခြင်းကပင် ဘေးအန္တရာယ် ဖြစ်နေသောအရပ်သည် သောင်ရယ် ကမ်းရယ် မမြင်နိုင်သောပင်လယ်ပြင်တွင် မြောပါနေသည့် သင်္ဘောပျက်တစီးလိုပင်။ အိပ်မက်ဆိုးသည် ခေါင်းထဲတွင် တရစ်ဝဲဝဲ။ အိပ်မက်များ။
သွားရင်းလာရင်းဖုန်းအစစ်ခံရခြင်း၊ ရုတ်တရက် ဧည့်စာရင်းဝင်စစ်၍ ကွန်ပြူတာ၊ ဖုန်းတို့ကိုဝှက်ရခြင်း၊ လက်နက်ကိုင်များဝိုင်းထား၍ ပြေးပေါက်ရှာရခြင်းတို့ကိုမကြာခဏအိပ်မက်မက်သည်။ အပြင်ထွက်လျှင် ဖုန်းထဲရှိမလွတ်မကင်းဖြစ်နိုင်သမျှတို့ကိုဖျက်ရသည်မှာအကျင့်ပါနေသည်။ VPN ဖျက်ရသည်။ playstore မှ history ဖျက်ရသည်။ ဖေ့စ်ဘုတ်၊ တယ်လီဂရန် တို့ကိုဖျက်ရသည်။ ဓာတ်ပုံများ၊ ဗီဒီယိုများကိုဖျက်ရသည်။ အပြန်အလှန်စကားပြောထားသည်များကတော့ ပြောပြီးသည်နှင့် တခါတည်းဖျက်ပြီးဖြစ်သည်။ သိမ်းထားလိုသောအချက် အလက်များ၊ ဓာတ်ပုံများကိုကွန်ပျူတာထဲသို့ ရွှေ့ပြောင်း၍ ဖုန်းကိုရှင်းထားခြင်းသည် အကျင့်လိုဖြစ်နေကာဆက်လက်လုပ်ဆောင်မိနေဆဲ။
ခုတော့ အိမ်တိုင်းစေ့ တံခါးခေါက်နေပြီဖြစ်သောတပ်သားစုဆောင်းရေးကိုပါ အိပ်မက်မက်လာပြီ။ နံနက်တိုင်းပုံမှန်သောက်နေရသောသွေးကျဆေးကိုယနေ့ မသောက်မိ။ အစာအိမ်နာဖြစ်၍ ဆေးကုနေရသောညီမငယ်တယောက်ထံသို့ ဆေးဘိုးဝါးခကူညီပေးချင်သည်။ ရောဂါရှိနေမှန်းပင် မသိလိုက်ရပဲ Heart Attack ရပြီးရုတ်တရက် ကွယ်လွန်သွားရှာသည့် မိတ်ဆွေကိုသတိရမိပြန်သည်။ လွတ်မြောက်သွားခြင်းသာဖြစ်ပါစေတော့ ဟုဆုတောင်းမိသည်။
အားကစားဝတ်စုံဝတ်ထားသောလူငယ်အုပ်စုတစုသည် ပန်းခြံကိုပတ်၍ ပြေးနေကြသည်။ နည်းပြဖြစ်ဟန်တူသောလူငယ်တဦးကနံဘေးမှ လိုက်ပါလာသည်။ တွေဝေငေးမောနေသောမိမိအပါးမှ အသက်ရှူသံပြင်းပြင်း၊ နီရဲသောမျက်နှာများဖြင့်ဖြတ်ပြေးသွားကြသည်။ အားကစားဖိနပ်သံတဖျတ်ဖျတ်သည် တဖြည်းဖြည်းဝေးသွားလျက် ရရာဖိနပ်များဖြစ်သလိုစီး၍ ဖုန်အလူးလူးဖြင့် လေ့ကျင့်နေကြသောခြေသံများကနားထဲဝယ် တစတစကျယ်လောင်လာလေသည်။
နောက်ကျိနေသောစိတ်ကိုပြေစေသောငှာခပ်သွက်သွက် လမ်းလျောက်လိုက်သည်။ ခွေးများကိုဆွဲ၍လျှောက်နေသောသက်ကြီးရွယ်အိုများကိုကျော်ဖြတ်၍လျှောက်သည်။ စကားတပြောပြော လျှောက်နေကြသောစုံတွဲများကိုကျော်ဖြတ်၍ လျှောက်သည်။ မျက်နှာချင်းဆိုင်မှ လမ်း လျှောက်လာသောအုပ်စုကိုရှောင်ရန် လမ်းဘေးမြက်ခင်းပေါ်သို့ နင်း၍ လျှောက်မည်ပြင်သည်။ မြက်ခင်းတဖက်တွင် ရပ်နေသောလုံခြုံရေးဝန်ထမ်းကိုမြင်သောအခါ ခြေလှမ်းထားသည်ကိုပြန်ရုပ်မိသည်။ မြက်ခင်းတွေကနင်းလျှောက်လို့ရသော်လည်းယူနီဖောင်းဝတ်ကိုရှောင်ကွင်းလိုစိတ်ကအရင်ဦးလေသည်။
အိမ်ပြန်ရောက်သော် ဖုန်းကိုဖွင့်ကာကလစ်ခြင်း၊ ယူကျုဖွင့်ခြင်း၊ ဖေ့စ်ဘုတ်တွင် RCS လုပ်ခြင်းတို့ကိုဝတ္တရားမပျက် လုပ်သည်။ ထို့နောက် အင်္ဂလိပ်စာသင်တန်းမှ လေ့ကျင့်ခန်းအဖြစ် ဖတ်ခိုင်းထားသောအန်းနက်စ်ဟဲမင်းဝေး၏ ကမ္ဘာကျော်စာအုပ်ကိုဖတ်ရန် ကြိုးစားသည်။ မောင်ဆုရှင်ဘာသာပြန်သည့် “ပင်လယ်ပြာနှင့် တံငါအို”ကိုလွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ဖတ်ဖူးခဲ့လေရာအကြောင်းအရာအားဖြင့် သိပြီးဖြစ်သည်ဟုဆိုနိုင်သည်။ တံငါတို့၏ ဆင်းရဲခြင်း၊ အဘိုးအို၏ အိုမင်းမစွမ်းခြင်းတို့နှင့်အပြိုင် ရက်စက်ကြမ်းကြုတ်သောကမ်းမမြင်လမ်းမမြင်ပင်လယ်၊ အဘိုးအိုဖမ်းမိသောငါးကြီး၊ ပင်လယ်သားရဲငါးမန်းများ၊ အင်အားချိနဲ့နေပြီဖြစ်သောအဘိုးအို၏ မာန် တို့ကိုရင်တမမဖြင့် ဖတ်ရခဲ့ရသည်။
ရင်အနာရဆုံးကားသက်စွန့်ဆံဖျားဖမ်းယူလာခဲ့ရသောငါးကြီး၏ အရိုးများသာအဘိုးအို၏ ရုန်း ကန်ခြင်းသက်သေအဖြစ် ကျန်ရစ်ခြင်းဖြစ်လေသည်။ အသားများကားပင်လယ်ပြင်မှ သားရဲတို့ ဝိုင်းဝန်းဖဲ့ရွဲ့စားသောက်ကြ၍ ကုန်ခဲ့ပြီ။ အဘိုးအိုအတွက် ဆုလာဘ်ကားအဘယ်နည်း။
အိပ်မက်လှလှ မက်လိုလှပါပြီ။
မာတီနာ
-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar