Breaking News

NUG ရုံးထိုင်တော့မယ့် စစ်ကိုင်းတိုင်းရဲ့ စစ်ရေး အခြေအနေ

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၁၅ မြင်ကွင်း

မိုးမခ၊ ဇန်နဝါရီ ၁၆၊ ၂၀၂၅


NUG ရုံးထိုင်တော့မယ့် စစ်ကိုင်းတိုင်းရဲ့ စစ်ရေး အခြေအနေ 

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာနအချို့ စစ်ကိုင်းတိုင်းထဲမှာ ရုံးထိုင်ပြီး အလုပ်လုပ်ဆောင်တော့မယ် ဆိုတဲ့ သတင်းတွေ ခုရက်ပိုင်းအတွင်း မီဒီယာတွေမှာ ဖေါ်ပြလာကြပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့မှာ ပြည်ထဲရေးဝန်ကြီး တာဝန်ယူထားသူ ဦးလွင်ကိုလတ်က သတင်းဌာနတခုနဲ့ မေးမြန်းခန်းမှာ ထုတ်ဖေါ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒုဝန်ကြီးအဆင့် နဲ့ အဲဒီလက်အောက်က အတွင်းဝန်လို၊ ညွှန်ကြားရေးမှူးချုပ် အစရှိတဲ့ ရာထူးတာဝန်အဆင့်ရှိသူတွေ ရုံးထိုင်ပြီး မြန်မာနိုင်ငံတွင်းက အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ကိစ္စတွေ လုပ်ဆောင်ရာမှာ ပိုမိုထိရောက်အောင်လုပ်ဆောင်မယ် ဆိုတဲ့ အဓိပ္ပာယ်လို့ နားလည်ရပါတယ်။ 

ပြည်ထေင်စု ဒု-ဝန်ကြီး အဆင့်တာဝန်ရှိသူတွေနဲ့ ၄င်းအဆင့်အောက် အရာရှိတွေ၊ ဝန်ထမ်းတွေအနေနဲ့ အခြားသော လွတ်မြောက်နယ်မြေကနေ စစ်ကိုင်းတိုင်းထဲ လာရောက်အခြေစိုက်မယ့်သဘော နောက်တချက်က ပြည်ပရောက်နေတဲ့ သူတွေလည်း ပြည်တွင်းကို ပြန်လာပြီး အခြေစိုက်မယ့် သဘောလို့ နားလည်ရပါတယ်။ ပြည်ထောင်စုဝန်ကြီး အဆင့်တွေတော့ မပါဝင်သေးတဲ့ သဘောလည်း ဖြစ်ပြီး လုံခြုံရေးအကြောင်းကြောင့် သော်လည်းကောင်း၊ တတိယနိုင်ငံတွေ မှာရှိနေ ရောက်နေကြတဲ့ ပြည်ထောင်စုဝန်ကြီးတွေ အနေနဲ့ ပြန်လာဖို့ အခက်အခဲရှိတာကြောင့်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

အခုလို ဆုံးဖြတ်ချက်ကို ဆုံးဖြတ်ရတာ အကြောင်းအရင်းကတော့ ဝန်ကြီးဌာနတွေ ပြန့်ကျဲနေတဲ့အနေအထားမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုး ချဖို့အတွက်စုစည်းရာမှာ အခက်အခဲတွေ ကြန့်ကြာမှုတွေ ရှိခဲ့တာကို ပြေလည်စေဖို့ အခုလို စစ်ကိုင်းတိုင်းထဲမှာ အခြေစိုက်ဖို့ ဆုံးဖြတ်ရတာလို့ ပြည်ထဲရေး ဝန်ကြီးဖြစ်သူက သတင်းမီဒီယာကို ပြောဆိုခဲ့ပါတယ်။ အခုလို ရုံးစိုက်တဲ့ ကိစ္စကို ဇန်နဝါရီလအတွင်း လုပ်ဆောင်သွားမယ်လို့ ဆိုထားပြီး စစ်ကိုင်းတိုင်းရဲ့ ဘယ်နေရာ ဘယ်ဒေသတွေဆိုတဲ့ အချက်ကိုတော့ လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ စစ်ကိုင်းတိုင်းကို ရွေးချယ်ရတဲ့ အနေအထားကတော့ တိုင်းရင်းသား ဒေသ မဟုတ်ခြင်း၊ မြို့နယ်တွေများတဲ့ တိုင်းဒေသဖြစ်တာ ကျယ်ပြန့်တဲ့တိုင်းဒေသ ဖြစ်ခြင်းနဲ့ စုစည်းခြင်း မရှိသေးပေမယ့် PDF လက်နက်ကိုင် အဖွဲ့တွေ မြို့နယ်အလိုက် ခရိုင်အလိုက်ဖွဲ့စည်းထားပြီး ဖြစ်တာကြောင့် လို့ခန့်မှန်းရပါတယ်။ 

နယ်မြေ အနေအထားအရတော့ တောင်တွေလို အတားအဆီး အကာအရံတွေ ရှိတဲ့ဒေသလည်း စစ်ကိုင်းတိုင်းထဲ ပါဝင်ပေမယ့် အချို့ဒေသတွေက မြေပြန့်လွင်ပြင် သဖွယ်ဖြစ်နေတဲ့ အချက်ကိုတော့ အားနည်းချက်အဖြစ် မှတ်ယူမယ်ဆို မှတ်ယူနိုင်ပါတယ်။ ဝင်ထွက်ရာ လမ်းကြောင်းအနေနဲ့ အရပ်မျက်နှာ အသီးသီးက ဝင်ရောက်နိုင်တဲ့ မြို့တွေ နယ်တွေလို ဒေသတွေလည်း စစ်ကိုင်းတိုင်းထဲမှာ အများအပြားရှိတာကြောင့် မြေပြန့်လွင်ပြင်တွေရဲ့ လုံခြုံရေးက အားနည်းချက်ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ 

တဖက်မှာတော့ ပြည်တွင်းကို ပြန်လာကြဖို့ ယာယီသမ္မတရဲ့ မကြာသေးခင်က တိုက်တွန်းချက်ကို အကောင်အထည်ဖော်တဲ့ သဘောလည်း ဖြစ်သလို စစ်ရေးအရ စုစည်းမှု အားနည်းတဲ့ အညာဒေသ (မကွေးတိုင်း အထက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း) ကို NUG အနေနဲ့ ရုံးစိုက်လာမယ်ဆိုရင် စုစည်းလာနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်တခုလည်း ရှိကောင်းရှိနိုင်ပါတယ်။ မြို့အလိုက် သို့မဟုတ် ခရိုင်အလိုက်နဲ့ တဦးချင်း တရွာချင်း ဖွဲ့စည်းထားကြတဲ့ PDF လက်နက်ကိုင် အဖွဲ့အရေအတွက် အများဆုံးဖြစ်တဲ့ အညာဒေသကို NUG က စုစည်းဖို့ရာမှာ ဘာအခက်အခဲတွေ ရှိနိုင်လဲ ဆိုတဲ့ အချက်လည်း တွေးဆစရာ ရှိလာပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အချို့ကတော့ PDF အဖွဲ့တွေကို စစ်သင်တန်းပေး၊ လက်နက်ပေးတဲ့ နည်းနဲ့ စည်းရုံးထားကြပြီး ၄င်းတို့နယ်မြေတွေနဲ့ အဲဒီနယ်မြေတွေနဲ့ ထိစပ်ရာဒေသတွေမှာ PDF အဖွဲ့တွေကို စစ်ရေးဦးဆောင်မှုပေးပြီး လှုပ်ရှားကြတာ ဖြစ်ပါတယ်။ ရခိုင်နဲ့ ထိစပ်နေတဲ့ ဒေသအချို့၊ ကချင်နဲ့ ထိစပ်နေတဲ့ ဒေသအချို့နဲ့ ရှမ်းမြောက်နဲ့ ထိစပ်နေတဲ့ဒေသ အချို့မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တွဲဖက်လှုပ်ရှားတဲ့ PDF အဖွဲ့အများအပြား ရှိနေပြီး ရှမ်းမြောက် ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာလည်း အခြားဒေသက PDF လက်နက်ကိုင် အဖွဲ့အများအပြား လူအင်အားနဲ့ သွားရောက်ကူညီ တိုက်ခိုက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။  

အခုလို လူဦးရေထူထပ်တဲ့ စစ်ကိုင်းလို ဒေသမှာ NUG အနေနဲ့ အခြေချမယ့် ခြေလှမ်းဟာ အဆိုပါဒေသက ကွဲပြားနေတဲ့ PDF အဖွဲ့တွေကို စုစည်းနိုင်မယ့် အခွင့်အလမ်း ဖြစ်သလို အကယ်၍ အောင်မြင်စွာ မစုစည်းနိုင်ခဲ့ရင် အခြားသော ပွတ်တိုက်မှုတွေ အငြင်းပွားမှုတွေလည်း ပေါ်ထွက်လာနိုင်တဲ့ အန္တရာယ်လည်း ရှိနိုင်တာပါ။ 

စစ်ကောင်စီ အနေနဲ့ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေက ၄င်းတို့ရဲ့ အမိန့်ပေးကွပ်ကဲရေး ဌာနချုပ်ဖြစ်တဲ့ စစ်ရုံးချုပ် နေပြည်တော်နဲ့ဆိုရင် နေ့ဝက်မကြာတဲ့အကွာအဝေး မှာ ရှိနေကြတဲ့ ဒေသတွေဖြစ်ပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသတို့လို ကုန်းလမ်းဆက်သွယ်မှုကို လွယ်လွယ်နဲ့  ဖြတ်တောက် ပိတ်ဆို့ဖို့ ခက်ခဲလိမ့်မှာ ဖြစ်ပါတယ်။ ဒီအချက်ကိုလည်း စစ်ရေးအရ ပထဝီဝင်အနေအထား အရ အရေးတကြီး ထည့်သွင်းစဥ်းစားဖို့ လိုအပ်ကောင်း လိုအပ်မှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းရဲ့ ပထဝီဝင် အနေအထားက PDF တွေ ပကဖတွေအတွက် အားသာချက်လည်း ရှိကောင်း ရှိနိုင်သလို အားနည်းချက်တွေလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။ 

သို့ပေမဲ့ NUG အနေနဲ့ အိမ်နီးချင်း နိုင်ငံ၊ တတိယနိုင်ငံ၊ သို့မဟုတ် မြန်မာပြည် အလယ်ပိုင်းနဲ့ အလှမ်းဝေးတဲ့ နယ်စပ်ဒေသတခုမှာ အခြေစိုက်တာထက်စာရင် ဗမာလူမျိုးအများစု နေထိုင်ရာ စစ်ကိုင်း၊ မကွေးတိုင်းတို့လို မြေပြင်မှာ အခြေစိုက်ဖို့ နိုင်ငံရေးအရရော စည်းရုံးရေးအရပါ တွန်းအားရှိနေတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar