ငလျင်လှုပ်ပြီး သီတင်း ၂ ပတ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုစိပ်လာ
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၁၄ မြင်ကွင်း
မိုးမခ၊ ဧပြီ ၁၅၊ ၂၀၂၅
ငလျင်လှုပ်ပြီး သီတင်း ၂ ပတ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုစိပ်လာ
မတ်လ ၂၈ ရက်နေ့ ငလျင်ကြီး လှုပ်ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံအနှံ့က တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နေရာဒေသ အများအပြားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးစိပ်လာတဲ့ အနေအထားတွေ တွေ့မြင်နေရပါတယ်။
ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကရင်နီပြည်(ကယား) နဲ့ ကရင်ပြည်နယ်၊ ပဲခူး တိုင်း၊ မန္တလေးတိုင်း စတဲ့ဒေသတွေမှာ နေ့စဥ်လိုလို လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာ တွေ့ရပါတယ်။ စစ်ကိုင်းမြို့ အနောက်မြောက်ဘက်ကို ဗဟိုပြုတဲ့ ငလျင်ကြီးလှုပ်တဲ့နေ့ ဖြစ်တဲ့ မတ်လ ၂၈ ရက်နေ့ မွန်း လွဲပိုင်းမှာပင်လျင် လနဲ့ချီရင်ဆိုင်တိုက်ခိုက်နေတဲ့ နောင်ချိုမြို့နယ်ထဲက ကျေးရွာတချို့ကို လေကြောင်းတိုက် ခိုက်မှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ အင်းတော်မြို့သိမ်းတိုက်ပွဲ ချင်းပြည်နယ် ဖလမ်းမြို့သိမ်း တိုက်ပွဲတွေမှာ မြို့ ၂ မြို့ လက်လွှတ်ဆုံးရှုံးခဲ့ရတာကိုလက်စားချေတဲ့အနေနဲ့ ချင်းပြည်နယ်၊ အင်းတော်မြို့နယ် အနီးက ဝန်းသိုမြို့အနီးက ကျေးရွာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူဆယ်ဂဏန်းနဲ့ချီ သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီနောက် AA ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်က မြို့အချို့ကို သင်္ကြန်အကြိုနဲ့ အကျရက်တွေမှာလည်း လေကြောင်းကတိုက်ခိုက်ခဲ့ပြီး သေဆုံးမှုတွေရှိခဲ့ပါတယ်။ သင်္ကြန်မတိုင်ခင်ရက်ပိုင်းတွေအတွင်း မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ထဲက ကျေးရွာအချို့ကိုလည်း ဗုံးကြဲခဲ့သလို အခုသင်္ကြန်ရက်အတွင်းမှာ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာအချို့ တန့်ဆည်မြို့နယ်ထဲက ကျေးရွာအချို့ကိုလည်း လေကြောင်းကတိုက်ခိုက်ခဲ့လို့ ဘုန်းတော်ကြီးကျောင်းတချို့လည်းထိမှန်ပြီး ကိုရင်အချို့သေဆုံးတဲ့အဖြစ်အပျက်တွေလည်း ဖြစ်ပွားခဲ့တာတွေ့ရပါတယ်။
သီတင်း နှစ်ပတ်ကျော်ကာလ လေကြောင်းတိုက်ခိုက်မှုတွေကိုဆန်းစစ်ကြည့်တဲ့အခါ အချို့တိုက်ခိုက်မှုတွေက မြေပြင်မှာ နယ်မြေလက်လွှတ်ဆုံးရှုံးမှုအတွက် လက်စားချေတုံ့ပြန်တိုက်ခိုက်မှုတွေ ဖြစ်ပြီးအချို့သော တိုက် ခိုက်မှုတွေကတော့ PDF တပ်ဖွဲ့ဝင်တွေစုဝေးတဲ့နေရာလို့ မြေပြင်သတင်းပေးပို့ချက်တွေအရ လေကြောင်းက တိုက်ခိုက်တာတွေ ဖြစ်နိုင်ချေရှိပါတယ်။ မြို့သိမ်းတိုက်ပွဲတွေကြောင့် လက်စားချေတုံ့ပြန်တိုက်ခိုက်မှုတွေက လက်နက်ကိုင်တပ်ဖွဲ့တွေကိုထိမှန်ခြင်းမရှိဘဲ အရပ်သားနေအိမ်တွေနဲ့ အရပ်သားလူစုလူဝေးတွေကို ထိမှန်ပြီး အစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးကြရတဲ့ အဖြစ်တွေဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲက ကျေးရွာအချို့ကို လေကြောင်းတိုက်ခိုက်တဲ့အဖြစ်အပျက်တွေမှာလည်း အရပ်သားနဲ့ ကို ရင်ငယ်တွေ ထိမှန်သေဆုံးကြရပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ထိခိုက်တဲ့သတင်းမျိုး ထွက်ပေါ်လာတာ မတွေ့ကြရပါဘူး။
စစ်ကောင်စီအနေနဲ့ တဖက်သတ် အပစ်ရပ်မယ်လို့ ကြေညာထားချိန်မှာ အခုလို လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်တာဟာ ၄င်းထုတ်ပြန်ချက်ကို ၄င်းတို့ကိုယ်တိုင် ချိုးဖောက်ခြင်း ဖြစ်ပါတယ်။ ငလျင်ဘေးဒဏ်ကို လူပေါင်းသန်းနဲ့ချီ ခံစားနေကြရချိန်မှာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားပြီး ကယ်ဆယ်ရေး၊ ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးတွေကို လုပ်ကိုင်ကြဖို့ နိုင်ငံတကာ အစိုးရနဲ့ ကုလသမဂ္ဂတို့က တိုက်တွန်းပြောဆိုကြပေမယ့် ငလျင်ဘေးကယ်ဆယ်ရေးတွေ အရေးတကြီးလုပ်ဖို့ လိုအပ်နေချိန်မှာ အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
ငလျင်ဘေးကယ်ဆယ်ရေးနဲ့ ကူညီရေးတွေကိုအကြောင်းပြုပြီး နိုင်ငံတကာအစိုးရအချို့က အာဏာသိမ်း စစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံလာနေကြတာကြောင့် စစ်ကောင်စီအနေနဲ့ တဖက်မှာသံတမန်ရေးအရ ဖယ်ကျဥ်ထားခံရတဲ့အခြေအနေကနေလွတ်မြောက်လာတဲ့လက္ခဏာတွေတွေ့နေရပါတယ်။ လာမယ့် ရက်ပိုင်းအတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်အပါအဝင် အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တချို့နဲ့ စစ်ကောင်စီခေါင်းဆောင်တို့ဘန်ကောက်မြို့မှာတွေ့ဆုံကြဖို့ ရှိပါတယ်။
ခုလိုသဘာဝဘေးအန္တရာယ်ကြောင့် အာဏာသိမ်းစစ်အစိုးရနဲ့ထိတွေ့ဆက်ဆံလာတဲ့အခြေအနေကို စစ်ကောင်စီအနေနဲ့ သံတမန်ရေးမှာအသာစီးရလာတယ်လို့ အကဲဖြတ်မှာ အသေအချာဖြစ်ပြီး သံတမန်ရေး အသာ စီးရလာတဲ့အနေအထားနဲ့ စစ်ရေးမှာလည်း ပြန်လည်ဖိပြီးတိုက်ခိုက်လာတာမျိုး ဖြစ်နိုင်ပါတယ်။
အပစ်ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးစကားပြောဆိုကြဖို့ နိုင်ငံတကာရဲ့ တိုက်တွန်းမှုတွေကို စစ်ကောင်စီကလျစ်လျူရှုထားသလို တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့လည်း မြို့ကို လနဲ့ချီ ဝိုင်းပိတ် ဆို့ကာ တိုက်ခိုက်နေတဲ့မြို့အချို့ကို အခုလိုအချိန်ကျမှ လက်လျှော့မည့်အဖြစ်မျိုးကို မလိုလားကြတဲ့အနေအထားဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့လက်လွှတ်ဆုံးရှုံးထားတဲ့ မြို့တွေ တပ်စခန်းတွေကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် လေ ကြောင်းတိုက်ခိုက်မှုတွေက အဆုံးအဖြတ်ပေးတဲ့နည်းလမ်းမဟုတ်ဘူးဆိုတာကိုလည်း သဘောပေါက်ကောင်းပေါက်မှာ ဖြစ်ပေမယ့် လေကြောင်းတိုက်ခိုက်မှုနဲ့ တဖက်လက်နက်ကိုင်တပ်တွေ ကောင်းစွာအုပ်ချုပ်ခြင်း မပြုနိုင်အောင် ကြိုးပမ်းမှုလို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။
တဖက်မှာတော့ NUG အစိုးရနဲ့ အချို့သောနိုင်ငံရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့တွေက လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်သွားအောင် လေယာဥ်ဆီ ပိတ်ဆို့ရေး၊ စစ်ဖက်လေယာဥ်တွေ အပိုပစ္စည်း ရောင်း ချခြင်းမပြုရေးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေကြပါတယ်။ သို့ပေမယ့် ရုရှား၊ တရုတ်၊ ဗီယက်နမ်၊ ဘီလာရုစ် အစရှိတဲ့ စစ်ကောင်စီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြတဲ့ နိုင်ငံတွေက လေယာဥ်ဆီ ဝယ်ယူရရှိနိုင်ဖို့နဲ့ စစ်ဘက်လေယာဥ်တွေ ပြုပြင်ထိန်းသိမ်းရေးအပိုပစ္စည်းတွေ ရရှိဖို့ ကူညီမှုတွေ ရှိနေတာကြောင့် လေယာဥ်ဆီ ပိတ်ဆို့ရေးလှုပ်ရှားမှုတွေ အခုချိန်ထိတော့ အောင်မြင်မှု မရနိုင်သေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံအဖို့ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးရဲ့ပျက်စီးဆုံးရှုံးမှုတွေကနေပြန်လည်ထူထောင်ရေးက လနဲ့မကပဲ နှစ်နဲ့ချီ အချိန်ယူရမှာဖြစ်ပါတယ်။ အလားတူပဲ ပြည်တွင်းစစ်ရပ်စဲရေး တနည်း ငြိမ်းချမ်းရေးဆိုတဲ့ အရာကလည်း စကားလုံးအဖြစ်သာပြောဆိုနိုင်ပြီး လက်တွေ့မှာ ဖြစ်ပေါ်လာဖို့ အလှမ်းဝေးနေဆဲအရာတခုလို့သာ ဆိုရမယ့်အနေအထားဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar