Breaking News

ကောင်းဇေလူ - နွေဦးတော်လှန်ရေး ဆက်လက်ရင်ဆိုင်ရမယ့် တရုတ်ရဲ့ ခေတ်သစ်နယ်ချဲ့ဝါဒ

ကောင်းဇေလူ - နွေဦးတော်လှန်ရေး ဆက်လက်ရင်ဆိုင်ရမယ့် တရုတ်ရဲ့ ခေတ်သစ်နယ်ချဲ့ဝါဒ

မိုးမခ ၊ ဧပြီ ၂၀ ၊ ၂၀၂၅


လက်ရှိအချိန်အထိ မြန်မာ့ပြည်တွင်းရေး မငြိမ်မသက်ဖြစ်နေရခြင်းရဲ့ အဓိက တရားခံဟာ အကြမ်းဖက်စစ်ကောင်စီ ဖြစ်တယ်။ ဒါပေမဲ့ အခြေအနေကို ပိုမိုဆိုးရွားအောင် မြန်မာပြည်သူတွေ ဆင်းရဲတွင်းနက်ပြီး အခက်ကြုံအောင် လုပ်နေသူဟာ တရုတ်ခေါင်းဆောင် 'ရှီကျင့်ဖျင်ဝါဒ' (Xi Jinping) နဲ့ အစီအစဉ်အကောင်အထည်ဖော်သူ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ ဖြစ်တယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်မှု၊ စစ်ဖြစ်နေမှုများကို ဆန့်ကျင်ပြီး ပြည်ပအင်အားစုများက မြန်မာနိုင်ငံပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုဟူသရွေ့ကို ဆန့်ကျင်ကြောင်း ရံဖန်ရံခါ ပြောခဲ့ဖူးတယ်။ တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်မှုများဟာ ကုလသမဂ္ဂပဋိညာဥ်စာတမ်းအပါအဝင် နိုင်ငံတစ်နိုင်ငံရဲ့  "ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး" ဆိုတဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကိုပါ မျက်ကွယ်ပြု ချိုးဖောက်နေတာ ဖြစ်တယ်။ ကုလသမဂ္ဂပဋိညာဥ်စာတမ်းကို ချိုးဖောက်မှုအတွက် တရုတ်အနေနဲ့ တာဝန်ယူရမှာဖြစ်ကြောင်း ထောက်ပြဝေဖန်တဲ့ ကြေညာချက်မျိုး တော်လှန်ရေးဘက်က ထုတ်ပြန်သင့်ပြီ ဖြစ်တယ်။ မြန်မာပြည်သူတွေရဲ့  စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးအပေါ် တရုတ်နိုင်ငံအနေနဲ့ ဩဇာလွှမ်းမိုး ချုပ်ကိုင်နေခြင်းကို တော်လှန်ရေးအင်အားစုတွေ အနေနဲ့လက်ခံနီုင်စရာ မရှိဘူးလို့ မြင်ပါတယ်။  

ကျောက်ဖြူမှာ တရုတ်လက်နက်ကိုင်တွေ ဝင်နေရာယူလာမှု၊ ဒရုန်းနည်းပညာ သင်တန်းပေးခြင်းဖြင့် စစ်ကောင်စီဘက်က ပါဝင်တိုက်ခိုက်လာမှုကို သတိပြုသင့်တယ်။ အလားတူ KNU နယ်မြေအတွင်းက စကစတပ်တွေနဲ့အတူ တရုတ် ဒရုန်းတိုက်ခိုက်ရေးသမားတွေ ပါဝင်နေကြောင်းလည်း သတင်းတွေ ကြားနေရတယ်။ လာရှိုးမြို့ပေါ် ကနေ MNDAA တပ်ဖွဲ့ ဆုတ်ခွာပေးရတဲ့အ‌ခြေအနေရဲ့ နောက်ကွယ်မှာ တရုတ်လက်မည်းကြီးကို ထင်ထင်ရှားရှားမြင်လာရတယ်။ နိုင်ငံရေးလုပ်ဟန်မဟုတ်တော့ဘဲ မာဖီးယားလူဆိုးဂိုဏ်းကြီးရဲ့ လုပ်ပုံကိုင်ပုံမျိုးကို တရုတ်က ကျင့်သုံးလာတာ တွေ့ရတယ်။ MNDAA ခေါင်းဆောင်ပိုင်း မိသားစုဝင်တွေကို ပြန်ပေးဆွဲထားသလို အကျယ်ချုပ်ဖမ်းဆီးထားတဲ့ သတင်းတွေလည်း ကြားနေရတယ်။ အလွန် အော့နှလုံးနာဖွယ် တရုတ်နိုင်ငံရဲ့  မာဖီးယားဂိုဏ်းဆန်ဆန် လုပ်ရပ်ဖြစ်ကြောင်း မြန်မာပြည်သူအများ သိရှိခဲ့ကြပြီဖြစ်တယ်။ ဒါကြောင့်လည်း မြန်မာပြည်သူတွေအတွင်း တရုတ်မုန်းတီးရေး စိတ်ဓါတ်ကြီးမားလာနေတယ်။  ဒီအနေအထားကို ကြည့်ရင် နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ တရုတ်နယ်ချဲ့သမားကိုပါ ဆက်လက်တိုက်ထုတ်ရမယ့် သဘောပါပဲ။ ဒါကြောင့် ယနေ့ Gen.Z တော်လှန်ရေးလူငယ်တပ်ဖွဲ့ဝင်များအတွက် သွေးစည်းညီညွတ်ရေးကို ပိုမိုကျစ်လျစ် ခိုင်မာအောင် တည်ဆောက်ကြရပေလိမ့်မယ်။

အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံက မြန်မာ ပြည်သူများရဲ့ ဆန္ဒကို လျစ်လျူရှုပြီး မြန်မာပြည်သူများကို သတ်ဖြတ်နှိပ်စက်နေတဲ့ စစ်ကောင်စီကို ပြောင်ပြောင် တင်းတင်း ထောက်ခံနေခြင်းဟာ တရုတ်က မြန်မာ့အရေးမှာ တိုက်ရိုက် ဝင်ရောက်စွက်ဖက်နေတာ ဖြစ်တယ်။ အထူးသဖြင့် လက်နက်ခဲယမ်း၊ တိုက်လေယာဉ်တွေ ဗုံးသီးတွေ၊ ဒုန်းလက်နက်တွေ၊ ဒရုန်းတွေနဲ့ လေယာဉ်ဆီအပါအဝင် စစ်ရေးလိုအပ်ချက်အမျိုးမျိုးကို စစ်ကောင်စီထံ တရုတ်က ရောင်းချနေတာ ဖြစ်တယ်။  မြန်မာ့ စစ်ရေးပဋိပက္ခတွေ အဆုံးမသတ်နိုင်ခြင်းဟာ တရုတ်က အကြမ်းဖက်စစ်တပ်ကို လက်နက်ထောက်ပံ့နေလို့ဆိုတာ ထင်ရှားနေတယ်။    

တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ တရုတ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ မူဝါဒကိုင်စွဲပြီး တရားဝင် စုပေါင်းတုန့်ပြန်ချက်မျိုး  ထုတ်ပြန်ရမယ့် အချိန်ရောက်ပြီလို့ ဆိုချင်တယ်။

လတ်တလော မြန်မာပြည်သူတွေဟာ သဘာဝ ငလျင်ဘေးကြီး ကြုံတွေ့ခံစားနေရတယ်။ စစ်ကောင်စီ မီးသတ်ဦးစီးဌာနရဲ့ ဧပြီလ ၁၁ ရက်နေ့ည ထုတ်ပြန်ချက်နှစ်ခုအရ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ ကျော်အထိ ရှိလာတယ်လို့ RFA သတင်းအရ သိရတယ်။ စစ်ကောင်စီရဲ့ နိုင်ငံပိုင် MRTV သတင်းမှာ ဧပြီလ ၁၁ ရက် ညနေ ၆ နာရီအထိ သေဆုံးသူ ၃၆၈၉ ဦး၊ ဒဏ်ရာရရှိသူ ၅၀၂၀ ဦးနဲ့ ပျောက်ဆုံးသူ ၁၃၉ ဦးအထိ ရှိနေတယ်လို့ ဖော်ပြထားတယ်။ မတ်လ ၂၈ ရက်က စစ်ကိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံအနှံ့မှာ ဌာနဆိုင်ရာအဆောက်အအုံတွေနဲ့ စာသင်ကျောင်းပေါင်း ၉,၀၀၀ လောက် ပြိုကျပျက်စီးခဲ့တယ်လို့ ဧပြီ  ၁၃ ရက် ညပိုင်းက စစ်ကောင်စီ ထုတ်ပြန်တဲ့စာရင်းတွေအရ သိရတယ်။

ငလျင်ဒဏ်ကြောင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူးနဲ့ ရှမ်းတောင်မှာ ဌာနဆိုင်ရာအဆောက် အအုံ ၅၀၃၃ လုံး၊ အခြေခံပညာကျောင်း ၂၄၉၂ ကျောင်း၊ အဆင့်မြင့်ပညာသင်ကျောင်း ၈၄ ကျောင်း၊ သင်တန်းကျောင်း ၁၆ ကျောင်းနဲ့ ပုဂ္ဂလိကစာသင်ကျောင်း ၃၅ ကျောင်း ပျက်စီးပြိုကျခဲ့တယ်။ မြေငလျင်ကြောင့် ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၄၂၉၉ ကျောင်း၊ ဗလီ ၁၄၅ လုံး၊ တခြားဘာသာရေးအဆောက်အအုံ ၆၄၉ လုံး ၊ ဘုရားစေတီ ၆၀၃၁ ခု ပြိုကျပျက်စီးခဲ့တယ်လို့ ဖော်ပြခဲ့တယ်။ လူနေအိမ် ၅၁၃၄၈ လုံး၊ ဆေးရုံဆေးခန်း ၆၄၀ ခု၊ စူပါးမားကက်နဲ့ ရှော့ပင်းမော ၇၆ ခု၊ ဟိုတယ်-မိုတယ် ၂၁၂ လုံး၊တည်းခိုခန်း ၃၈လုံ း၊ရထားဘူတာ ရုံ ၅၁ရုံ၊ တံတား ၁၅ စင်း၊ တာတမံ ၂၇ ခုနဲ့ ဆယ်သွယ်ရေးတိုင် ၆၆ တိုင် ပြိုကျပျက်စီးခဲ့တယ်လို့ဆိုတယ်။ ဒါပေမယ့် မြေပြင်လက်တွေ့ အခြေအနေတွေနဲ့ ပျက်စီးဆုံးရှုံမှု အခြေအနေတွေ ကွဲလွဲနေဆဲလို့ သတင်းတွေက ဆိုတယ်။ DVB သတင်းဌာနက ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ  အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း  ၄,၃၄၆  ယောက်၊   ဒဏ်ရာရသူ ၇,၈၃၀ ယောက်၊ ပျောက်ဆုံးနေသူ ၂၁၀ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၆၅၃ ယောက်ရှိတယ်လို့ ဆိုတယ်။

အဲဒီလောက် မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း ပြည်သူတွေ ထောင်နဲ့ချီသေဆုံးပြီး ပျက်စီးဆုံးရှုံမှု ကလည်း အလွန်ကြီးမားနေချိန်မှာ  မြန်မာစစ်ခေါင်းဆောင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဧပြီလ ၄ ရက်နေ့က ပြုလုပ်တဲ့ BIMSTEC ထိပ်သီးစည်းဝေးပွဲကို အသည်းအသန်သွားပြီး တက်ခဲ့တာတွေ့ရတယ်။ သူ့ရည်ရွယ်ချက်က နိုင်ငံတကာက ဝိုင်းပယ်ခံထားရတဲ့ အခြေအနေကို ကျော်ဖြတ်လိုတဲ့အတွက်  ဘန်ကောက်မြို့မှာ လူလုံးထွက်ပြလိုတာ ဖြစ်နိုင်တယ်။ နိုင်ငံတကာက လက်မခံကြောင်း ထပ်တလဲလဲ ပယ်ချခံထားရတဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဝါဒဖြန့်လိုတာကြောင့်လည်းဖြစ်နိုင်တယ်။  ဒါပေမဲ့ ဒီခရီးစဉ်ကို မဖြစ်မနေသွားရတဲ့ နောက်ကွယ်က ဖိအားရှိနေတာလည်း သိသာတယ်။

မကြာသေးခင်က မြန်မာပြည်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ စစ်ကောင်စီကို တိုက်တွန်းခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ပြောကြားကြောင်း The Nation သတင်းက ဧပြီ ၁၃ ရက်နေ့မှာ သတင်းဖော်ပြခဲ့တယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဧပြီလ ၄ ရက်နေ့က BIMSTEC ထိပ်သီးစည်းဝေးပွဲ ကျင်းပခဲ့တယ်။ အဆိုပါ အစည်းအဝေးအတွင်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကြောင်း သက်ဆင်ရှင်နာဝပ်က ထုတ်ဖော်ပြောဆိုခဲ့တယ်လို့  The Nation သတင်းက ဆိုတယ်။ ဒီအချက်ကို ထောက်ရင် နောက်ကွယ်က ဇာတ်ညွှန်းရေးသူဟာ တရုတ်ဖြစ်ကြောင်း ထင်ရှားလာတယ်။

အတိုက်အခံ တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ မြန်မာစစ်ခေါင်းဆောင်ကို အကြံပြုခဲ့တယ်လို့ သက်ဆင်ရှင်နာဝပ်က ဆိုတယ်။ စစ်ကောင်စီနဲ့ တိုက်ရိုက်စကားပြောခြင်းဟာ ငြိမ်းချမ်းရေးလမ်းစကို ရှာဖွေလိုတဲ့ အတွက်ဖြစ်ပြီး ထိုင်းနိုင်ငံက တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား ကြားဝင်ဖျန်ဖြေဖို့အတွက် အသင့်ရှိနေတယ် လို့ သက်ဆင်ရှင်နာဝပ်က ဆိုတယ်။ ဒီသတင်းအရ မင်းအောင်လှိုင် ဘန်ကောက်ကို သွားခဲ့တာဟာ BIMSTEC ထိပ်သီးစည်းဝေးပွဲ တက်ဖို့ ဆိုတာထက် သက်ဆင်ရှင်နာဝပ်နဲ့ တွေ့ဖို့က ပိုပြီး အရေးပါနေပုံရတယ်။  ဒါပေမယ့် သက်ဆင်ရှင်နာဝပ်အနေနဲ့ မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို လက်ခံ ဆွေးနွေးခဲ့ပုံမရဘူး။ ငလျင်ဘေးကြောင့် ပြန်လည်ထူထောင်ရေးတွေ မလုပ်နိုင်ခင်မှာတင် အာဏာသိမ်းစစ်ကောင်စီက ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောလာတာဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြံနေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ဝေဖန်နေကြတယ်။  

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲစာရင်းမှားတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီက ၅ နှစ်အကြာမှာ ရွေးကောက်ပွဲပြန်လုပ်ဖို့ အတည်ပြုခဲ့တာတွေ့ရတယ်။ လက်ရှိ မြန်မာပြည်သူတွေဟာ စစ်ဘေးရော၊ ငလျင်ဘေးပါ ကြုံတွေ့နေရပြီး ပြန်လည်ထူထောင်ရေး လုပ်ဖို့တောင် အခက်အခဲ အဟန့်အတားတွေ အများအပြားရှိနေတယ်။ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာလမှာ ကျင်းပသွားမယ်လို့ စစ်ကောင်စီ ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီ ၈ ရက်မှာ ကြေညာလိုက်ခြင်းဟာ ငလျင်ဘေးကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြံစည်တာဖြစ်တယ်။ နာဂစ်တုံးကလည်း မုန်တိုင်းနာဂစ်ကို အခွင့်ကောင်းယူပြီး ၂၀၀၈ အခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့တဲ့ ပုံစံပါပဲ။

ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) နဲ့ အဖွဲ့ဝင်နိုင်ငံတွေ (အထူးသဖြင့် အိမ်ရှင်နိုင်ငံဖြစ်တဲ့ ထိုင်းအစိုးရ) ဟာ မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေခြင်းဖြစ်တယ်လို့ Justice For Myanmar အဖွဲ့က ဧပြီ ၄ ရက်နေ့စွဲနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တယ်။ BIMSTEC ဟာ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေးကူညီ နေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိကြောင်း DVB သတင်းက ဆိုတယ်။ အဲဒီ အစည်းအဝေးမှာ မင်းအောင်လှိုင်က အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာလမှာ ကျင်းပသွားမယ်လို့ ဝါဒဖြန့်ချိခဲ့တယ်။

ထိုင်းနိုင်ငံရေးနဲ့ပတ်သက်ပြီး အမြဲထောက်ရှုဝေဖန်သူ ဘန်ကောက် ထမဆတ် တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးပညာဌာန ပါမောက္ခ ဒေါက်တာ တူလ်ယဖတ် ပရီချားရတ်ကလည်း “ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်အနေနဲ့  မြန်မာစစ်ခေါင်းဆောင်နဲ့ သံတမန်ရေးရာ ဆက်ဆံရေးမှာ ခပ်ခွာခွာပဲနေသင့်တယ်။ ရင်းနှီးမှုကို ပြသရင် နိုင်ငံတကာရဲ့ အမြင်မှာ ထိုင်းနိုင်ငံဟာ မြန်မာစစ်ခေါင်းဆောင်နဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို အထူးအလေးထားတယ်။ လက်ခံတယ်လို့ မြင်သွားနိုင်တယ်” လို့ The Nation သတင်းစာကို ပြောတယ်။(DVB)

နိုင်ငံတကာမျက်နှာဖုံးသတင်းတွေမှာ BIMSTEC အစည်းအဝေးတက်ခွင့်ပေးခဲ့တဲ့ ထိုင်းအစိုးရနဲ့ အတူ မင်းအောင်လှိုင်ဟာ အကြီးအကျယ် ကန့်ကွက်ရှုတ်ချခံခဲ့ရတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ပါဝင်လာပုံကို ထောက်ရင် ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ တရုတ်နိုင်ငံ ပါဝင်နေပုံရတယ်လို့ နိုင်ငံရေးအကဲခတ် တချို့က ခန့်မှန်းကြတယ်။ မင်းအောင်လှိုင်ကို ရုပ်သေးအစိုးရအဖြစ် စင်တင်ပေးနိုင်ဖို့ နောက်ကွယ်က ခြယ်လှယ်နေသူဟာ ရှီကျင့်ဖျင်နဲ့ ဝမ်ယီတို့ ဖြစ်တယ်။ လတ်တလော မြန်မာပြည်အတွင်းက စစ်ရေးပဋိပက္ခတွေမှာ တရုတ်ရဲ့ လက်ရဲဇက်ရဲ ပါဝင်စွက်ဖက်နေပုံတွေဟာ တနေ့တခြား ဗြောင်ကျလာတာ တွေ့ရတယ်။

အာဆီယံခေါင်းဆောင်တွေဟာ အခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ ရှားရှားပါးပါး တွေ့ဆုံမှာဖြစ်ပြီး မြန်မာပြည်တွင်းစစ် နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးမှာဖြစ်တယ်လို့ The Straits Times သတင်းက ဖော်ပြထားတယ်။ တရုတ်နဲ့ အာဆီယံနိုင်ငံတွေက မြန်မာ့အရေးကို လမ်းကြောင်းလွဲအောင် ဝိုင်းတွန်းနေကြတာကို အထူးသတိပြု ကြ  ဖို့လိုတယ်။ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ကပြောတယ်။

တရုတ်က မြန်မာစစ်တပ် စစ်ရှုံးပြီး အခြေပျက်သွားပါက မြန်မာပြည် ထိန်းမနိုင် သိမ်းမရ ဖြစ်ပြီး တရုတ် ၏ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်တဲ့ ရေနံပိုက်လိုင်းနဲ့ဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေး ပုံမှန် လည်ပတ်မှု ပျက်ပြားသွားမှာကို စိုးရိမ်နေတယ်။ တရက်လျှင် ဒေါ်လာ ၁၀/၁၅ သန်းအထိ အရောင်းအဝယ် ရှိတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေတာလည်း လပေါင်းများစွာ ကြာပြီဖြစ်လို့ အမြန် ပြန်ဖွင့်ရေးအတွက် စစ်ပွဲကို အမြန်ရပ်စေလိုပုံရတယ်။ တရုတ်အစိုးရက မြန်မာပြည်ပြဿနာကို မြန်မာပြည်သူများကသာ ဆုံးဖြတ်ရမှာဖြစ်တယ်။

မြန်မာ့အရေးကို သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးဖို့လိုတယ်လို့ ယေဘုယျ ပြောနေပေမယ့် လက်တွေ့မှာ တရုတ်အမျိုးသားအကျိုးစီးပွားလုံခြုံရေး အခြေခံပေါ်မှ စဉ်းစားလုပ်ကိုင်နေတာ မြင်ရတယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ စစ်ဘေးဒုက္ခသည် ပြဿနာကို တခွန်းမျှ ဖွင့်ဟပြောဆိုခြင်း မရှိတာကတော့ အိမ်နီးချင်းကောင်း မပီသတာကို မြင်သာပါတယ်။

တရုတ်၊ အိန္ဒိယ၊ ထိုင်း အပါအ၀င် အိမ်နီးချင်း အာဆီယံ နိုင်ငံအများစုဟာ မြန်မာပြည်သူတို့ ရဲ့ တရားမျှတတဲ့ ဒီမိုကရေစီ တော်လှန်ရေးစစ်ပွဲ ဆင်နွှဲ ရုန်းကန်နေမှုကို မကူညီတဲ့အပြင် တော်လှန်ရေးလမ်း‌ကြောင်း လွဲချော်ရေးအတွက်  ကြားဝင် စွက်ဖက် ဖိအားပေးနေကြပုံကလည်း သိသာထင်ရှားပါတယ်။ နွေဦးတော်လှန်ရေး မ်းမလွဲစေဖို့ နွေဦးတော်လှန်ရေးဘက်တော်သားတွေအနေဖြင့် သတိကြီးစွာထားကြရမယ့် အခြေအနေဖြစ်တယ်။ ၂၀၂၅ မှာ နွေဦးတော်လှန်ရေး ပိုမိုအရှိန်မြင့်လာနေပြီး တော်လှန်ရေးကို ဆန့်ကျင်သူမှန်သမျှ ကျဆုံးတော့မယ့် အချိန် နီးလာပြီလို့ ဆိုနိုင်တယ်။

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ရေးအတွက် မင်းအောင်လှိုင်မိသားစုကို ကာကွယ်နေကြတဲ့ စစ်သားများအနေဖြင့် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာသင့်ပြီ ဖြစ်တယ်။ ၂၀၂၅ မှာ နွေဦးတော်လှန်ရေးဘက်က ၈၅% အထိ အောင်မြင်မှု ရရှိနေပြီလို့ ဆိုရမယ်။ မြို့ပေါင်း ၁၀၀ နီးပါးကို တော်လှန်ရေးဘက်က ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်။ ၇၇ တပ်မမှူးအပါအဝင် စစ်သုံ့ပန်း ၁၇၀ ကျော် အထိ ဖမ်းမိတဲ့ စစ်ပွဲကို လေ့လာကြည့်ရင် မင်းအောင်လှိုင်တပ်တွေရဲ့ စိတ်ပိုင်း/ရုပ်ပိုင်း ဆိုင်ရာ စွမ်းရည် ကျဆင်းအားနည်းမှုကို အထင်အရှား မြင်နေရတယ်။

တရုတ်၊ အိန္ဒိယ၊ ထိုင်း နှင့် အာဆီယံနိုင်ငံတွေအနေနဲ့ စစ်ကောင်စီ သက်ဆိုးရှည်စေမယ့် လုပ်ရပ်တွေကို လုပ်မယ့်အစား မြန်မာပြည်သူတို့ရဲ့  မူလသဘောထားကို သေသေချာချာ နားလည်အောင် လုပ်သင့်ပြီ ဖြစ်တယ်။ မြန်မာလူထုရဲ့  "ဖက်ဒရယ် ဒီမိုကရေစီ" လိုလားချက်ကို ၀ိုင်း၀န်း ထောက်ခံပေးသင့်ကြောင်း သတိပေးလိုတယ်။ တရုတ်ထောက်ခံမှုနဲ့ စစ်ကောင်စီက ကျင်းပဖို့ လုပ်နေတဲ့ အတုအ‌ယောင် ရွေးကောက်ပွဲမှာ ပါ၀င်ဖို့ ပြင်ဆင်နေကြတဲ့ နိုငံရေးပါတီတွေ အနေနဲ့လည်း အချိန်မနှောင်းမီ ပြည်သူ့ အကျိုးသယ်ဆောင်ရေးဘက်သို့ ကူးပြောင်းစေလိုတယ်။ အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့်လည်း တရုတ်-အာဆီယံတို့ ဖော်ဆောင်မယ့် နိုင်ငံရေးဆွေးနွေးပွဲ အတုအယောင်တွေကို ရဲရဲဝံ့ဝံ့ ကန့်ကွက်သွားကြဖို့ လိုပါတယ်။ အထူးသဖြင့် နယ်မြေစိုးမိုးမှု ၃၀ ရာခိုင်နှုန်းတောင် မရှိတော့တဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ အရေးကြီးပါတယ်။

တော်လှန်ရေးရဲ့ အလားအလာကို လျှော့ မတွက်ကြဖို့ လည်း သတိပေးချင်တယ်။ အေပြီလ (၁၀)ရက်နေ့က  မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က ဦးဆောင်ပြီး တခြားမဟာမိတ်တပ်ဖွဲ့တွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ အကောင်အထည်ဖော်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာပြည်မှာ အာဏာရှင်တိုက်ဖျက်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးရဲ့ အကောင်းဆုံးအစပြု စစ်ဆင်ရေး ဖြစ်လာခဲ့တယ်လို့ ၁၆ နှစ်မြောက် အာရက္ခတပ်တော် (AA) ရဲ့ နှစ်ပတ်လည်နေ့မှာ ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့နဲ့ MNDAA  နဲ့ တအာင်းတပ်ဖွဲ့  PSLF/TNLA တို့က ပေးအပ်ခဲ့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ဖော်ပြ ထားတဲ့ အချက်ကို သတိပြုသင့်တယ်။ "၁၀၂၇ စစ်ဆင်ရေးဟာ တော်လှန်ပြည်သူတွေအားလုံးရဲ့ ထောက်ခံမှုနဲ့အတူ တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မယ့် ခြေလှမ်းတွေ ဖြစ်တယ်" လို့ သဝဏ်လွှာမှာ ဖော်ပြထားတယ်။

ရခိုင်လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အာရက္ခအိပ်မက် (Arakan Dream) လုပ်ငန်းစဉ်ကြီးကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အာရက္ခတပ်တော် (AA) ကို ဖွဲ့စည်းတည်ထောင်ခဲ့တာဟာ ဧပြီ ၁၀ ရက်မှာ ၁၆ နှစ် ပြည့်ခဲ့ပြီ ဖြစ်တယ်။ ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးရှည်ကြီးမှာ ရခိုင်လူမျိုးတွေအတွက် အာရက္ခအိပ်မက်ကို အကောင်အထည်ဖော်ခဲ့ကြတဲ့ အာရက္ခအာဇာနည်ရဲဘော်တွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ ပေးဆပ် ပါဝင်ခဲ့ကြတဲ့ ရခိုင်လူမျိုးတွေအားလုံးကို လေးစားဂုဏ်ယူရတယ်လို့ ဂုဏ်ပြုသဝဏ်လွှာမှာ ပါရှိတယ်။ တဆက်ထဲမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့  အခက်အခဲပေါင်းစုံကို စုစည်းညီညွတ်စွာ အတူတကွ ဖြတ်ကျော်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးစီမံချက် လှိုင်းလုံးတွေနဲ့အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိတဲ့အထိ ခိုင်မာတဲ့ ညီနောင်မဟာမိတ်စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်ပါမယ်လို့ အလေးအနက်ကတိပြုရင်း သဝဏ်လွှာပေးပို့တာဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

ဒါကြောင့် နွေဦးတော်လှန်ရေး အင်အားစုများအတွင်း နိုင်ငံရေး/စစ်ရေး တာဝန်ရှိသူများအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ စစ်ရေး နိုင်ငံရေးလုပ်ငန်းစဉ်များကို လေ့လာဆန်းစစ်ပြီး ဆက်စပ် ၀န်းရံမှု ပေးကြဖို့ လိုပါတယ်။ အထူးသဖြင့် "ဖက်ဒရယ် ဒီမိုကရေစီယုံကြည်ချက်" အရ ငြိမ်းချမ်းညီညွတ်တဲ့ လူမျိုးစုံနိုင်ငံအဖြစ် ပြန်လည် တည်ထောင်ရေးအတွက် တူညီတဲ့ လုံ့လ၀ါယမဖြင့် သွေးစည်းညီညွတ်ရေးအသိ ခိုင်ခိုင်မာမာနဲ့ လက်တွဲဆောင်ရွက်ကြရမယ့်အချိန်ရောက်ပါပြီ။

လူထုက ရွေးချယ်ပြီး လူထုကိုယ်စားပြု ဒီမိုကရေစီ အစိုးရတက်လာမှာကို တရုတ်ကွန်မျူနစ်နိုင်ငံက မမြင်လိုတဲ့ အချက်ကို အထူး သိထားသင့်တယ်။ မြန်မာနိုင်ငံမှာ ဖက်ဆစ်မင်းအောင်လှိုင်လို ခပ်ညံ့ညံ့ခေါင်းဆောင်မျိုး ရှိမှသာ တရုတ်အဖို့ "ရုပ်သေးအစိုးရ" လုပ်ဖို့ ပိုပြီးအဆင်ချောမယ်လို့ ယူဆထားတာ ထင်ရှားပါတယ်။ ဒါကြောင့် လက်ရှိအချိန်အထိ နွေဦးတော်လှန်ရေးဘက် မြန်မာပြည်သူလူထုဘက်ကို ထောက်ခံမှု မပြုဘဲ တရုတ်နိုင်ငံက နိုင်ငံရေးအမြတ်ထုတ်ဖို့ အကောက်ကြံ နေတာ ဖြစ်တယ်။  

မြန်မာတိုင်းရင်သား ပြည်သူအများစုကြီးကလည်း နိုင်ငံရေး ရေချိန်မြင့်နေပြီ ဖြစ်တယ်။ လားရှိုးကနေ MNDAA တပ်ဖွဲ့ ပြန်ရုပ်သိမ်းမယ့် ဖြစ်ရပ်အပေါ်  ပြည်သူတွေ ဘယ်လို သဘောထားအမြင် ထုတ်ဖော်ပြကြသလဲ ဆိုတာ တွေ့ခဲ့ကြပြီး ဖြစ်တယ်။  တရုတ်ကွန်မြူနစ်တို့ရဲ့ ခေတ်သစ်နယ်ချဲ့၀ါဒနဲ့ မြန်မာနိုင်ငံကို ကျွန်ပြုရန် ကြံနေပုံကို  ပြက်ပြက်ထင်ထင် သိမြင်နေကြပြီဖြစ်ပါတယ်။ ဒါကြောင့် နွေဦးတော်လှန်ရေးရဲ့ တာဝန်ဟာ တရုတ်နိုင်ငံရဲ့  ခေတ်သစ်နယ်ချဲ့၀ါဒကိုပါ ဆက်လက်တိုက်ဖျက်ဖို့ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်လူမျိုးတွေဟာ မြန်မာနိုင်ငံရဲ့ ရန်သူ မဟုတ်ပါဘူး။ နယ်ချဲ့ ဗိုလ်ကျ လိုတဲ့ 'ရှီကျင့်ဖျင်ရဲ့ ဗိုလ်ကျ လွှမ်းမိုးရေးဝါဒ (Xi Jinping's Hegemonism)  ကသာ နွေဦးတော်လှန်ရေးရဲ့ ရန်သူ ဖြစ်တာကို သတိချပ်ကြစေလိုတယ်။ Xi Jinping ရဲ့   Belt-and-Road စီမံကိန်ဟာ လက်သစ်နယ်ချဲ့ဝါဒ တမျိုးလို့ ဆိုနိုင်တယ်။ သီဟိုနဲ့ ပါကစ္စတန်နိုင်ငံတွေ တရုတ်ရဲ့‌ ကြွေးမြီထောင်ချောက်ထဲ ကျခဲ့ရတဲ့ သင်ခန်းစာကို သတိပြုကြရမှာ ဖြစ်တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar