နေ့စဥ်သတင်းတွေကို လွှမ်းမိုးနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၁၉ မြင်ကွင်း
မိုးမခ၊ ဧပြီ ၂၀၊ ၂၀၂၅
နေ့စဥ်သတင်းတွေကို လွှမ်းမိုးနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ
နေ့စဥ် သတင်းတွေရဲ့ ထိပ်တန်းသတင်း တနည်း အရေးကြီးသတင်းတွေရဲ့ အကြောင်းအရာက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ဘယ်နှဦးသေဆုံး ဆိုတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။ နေ့စဥ်ရက်ဆက် တွေ့နေရတဲ့ လေကြောင်းတိုက်ခိုက်မှု သတင်းတွေက နေရာအရပ်ဒေသသာ ပြောင်းလဲပေမယ့် ထိခိုက်သေဆုံးမှု ပျက်စီးမှုအကြောင်းအရာတွေက ဆင်တူယိုးမှားဖြစ်လာပါတယ်။ ခုရက်ပိုင်းအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု နေ့စဥ်ရက်ဆက် ခံနေရတဲ့ ဒေသက မန္တလေးတိုင်းထဲက သပိတ်ကျဥ်းမြို့နယ်၊ စစ်ကိုင်းတိုင်း ကျွန်းလှ၊ တန့်ဆည် ဒေသက ကျေးရွာတချို့၊ ရခိုင်ပြည်နယ်က မြို့ရွာအချို့ နဲ့ ကရင်ပြည်နယ်ကကျေးရွာအချို့တို့ဖြစ်ပါတယ်။
MDY-PDF လို့ အမည်ပေးထားတဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ သပိတ်ကျဥ်းမြို့နယ် စဥ့်ကူးမြို့နယ်တွေကို ခုလပိုင်းတွေမှာ မကြာခဏ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာဖြစ်ပါတယ်။ သပိတ်ကျဥ်းမြို့နယ် ဟာ အထက်ဘက်ကို ဆက်လက်တက်သွားခဲ့ရင် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ ၊ အနောက်မြောက်ဘက်မှာ ကေအိုင်အေ ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်နဲ့ NUG လက်အောက်က PDF တပ်တွေ ထိန်းချုပ်ထားတဲ့ အင်းတော်ဒေသတွေနဲ့ ဆက်စပ်နေတဲ့ ဒေသဖြစ်ခြင်း၊ တောင်ဘက်မှာ မန္တလေးမြို့နဲ့ ထိစပ်နေတဲ့ မတ္တရာမြို့နယ်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဒေသဖြစ်ခြင်းတို့အပြင် ရွှေ သယံဇာတအများအပြား တူးဖော်ကြတဲ့ ဒေသဖြစ်လို့ MDY-PDF တွေအဖို့ ဝင်ငွေရတဲ့ ဒေသဖြစ်တဲ့ အချက်တွေက စစ်ကောင်စီဘက်က ပစ်မှတ်ထားတဲ့ အကြောင်းအချက်တွေ ဖြစ်နိုင်ပါတယ်။
ကျေးရွာတွေရဲ့ စျေးတွေ၊ လူစည်ကားရာ စုဝေးရာနေရာလိုမျိုး၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့လို PDF တပ်ဖွဲ့တွေ စခန်းချလေ့ရှိတဲ့ နေရာတွေက လေကြောင်းပစ်မှတ်တွေ ဖြစ်လေ့ရှိပြီး အရပ်သားအများအပြား ထိခိုက်သေဆုံးကြရတဲ့ အကြောင်းအချက်တခုလည်း ဖြစ်စေတာတွေ့ရပါတယ်။
စစ်ကောင်စီဘက်ကတော့ မြေပြင်သတင်းပေးချက်ကိုလည်း တခါတရံ အခြေခံသလို အချို့သော တိုက်ခိုက်မှုတွေမှာ မြေပြင်မှာ PDF တွေနဲ့ ဆက်စပ်တဲ့ ထူးခြားတဲ့ အဖြစ်အပျက်၊ လူစုဝေးမှု မရှိဘဲနဲ့လည်း ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ အခုလို လေကြောင်းတိုက်ခိုက်မှုကို တိတိကျကျ သတင်းရရှိလို့ ပစ်ခတ်တိုက်ခိုက်တယ် ဆိုတာထက် ရပ်ရွာနေလူထု နဲ့ PDF အဖွဲ့တွေအကြား ဖိအားပေးမှုတခုဖြစ်လာအောင် ရည်ရွယ်တိုက်ခိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မြေပြင်မှာ သမားရိုးကျ နေရာယူစစ်ဆင်တာ၊ သိမ်းယူတာမျိုးကို လုပ်နိုင်စွမ်း ကျဆင်းလာတာကြောင့် စစ်ကောင်စီ အနေနဲ့ နေ့စဥ် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ပြီး မဟာဗျူဟာ နည်းဗျူဟာအရ ၄င်းတို့ကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့နဲ့ ရပ်ရွာလူထုကို ဖိအားပေး လုပ်ဆောင်နေတာလို့ ကောက်ချက်ချနိုင်ပါတယ်။ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်တဲ့ အနေအထား မရှိတဲ့အချက်ကို ၄င်းတို့ရဲ့ အားသာချက်အဖြစ် ကိုင်စွဲကာ တိုက်ခိုက်နေခြင်းဟာ တဖက်မှာလည်း တိုက်ခိုက်ခံရတဲ့ ဒေသခံလူထုအဖို့ စစ်ကောင်စီကို ပိုမိုနာကျည်းတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာစေမှာ အသေအချာဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေက ထိန်းချုပ်နယ်မြေတွေ စစ်တိုင်းဌာနချုပ်တွေ၊ ကွပ်ကဲရေးစစ်ဌာနချုပ်၊ တပ်ရင်းတွေ မကျအောင် ကာကွယ်တားဆီးပေးနိုင်ခြင်း မရှိပါဘူး။ တဖက်တပ်ဖွဲ့ကို အတိုင်းအတာတခုထိ ထိခိုက်စေနိုင်ပေမယ့် အရပ်သားတွေ အများအပြားသေဆုံးမှုတွေက တချိန်မှာ ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေ အဖြစ် တာဝန်ခံမယ့် အနေအထားလည်း ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း မျှော်လင့်မထားလောက်အောင် နယ်မြေပမာဏ အများအပြား သိမ်းယူလာနိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ နယ်မြေများများ သိမ်းယူပြီး အဆင့်တခုရောက်ချိန်မှာ လေကြောင်းတိုက်ခိုက်မှု ရပ်စဲရေးနဲ့ နယ်မြေတချို့ကို ပြန်လည်ပေးအပ်ပြီး အလဲအလှယ်လုပ်တဲ့ MNDAA နဲ့ စစ်ကောင်စီ တို့လို အခြေအနေမျိုးလည်း ထပ်မံပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်ပါတယ်။ MNDAA က ခုရက်ပိုင်းမှာ လားရှိုးမြို့အုပ်ချုပ်ရေးနဲ့ ထိန်းချုပ်မှုကို စစ်ကောင်စီထံ ပြန်လည်လွှဲပေးပြီး ကျန်သိမ်းပိုက်ဒေသတွေ ဖြစ်တဲ့ သိန္နီ၊ လောက်ကိုင်၊ ချင်းရွှေဟော်တို့လို ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု မလုပ်ဖို့ အပစ်ရပ်သဘောတူညီချက် ရယူခဲ့တာဟာ အခြားသော လက်နက်ကိုင် အဖွဲ့တွေအဖို့ နှိုင်းယှဥ်စဥ်းစားစရာ အခြေအနေ တခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ MNDAA နဲ့ စစ်ကောင်စီတို့ ရဲ့ အပစ်ရပ်သဘောတူညီချက်မှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့ အနေအထားမှာ ပါဝင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်မှု တနည်းအားဖြင့် ဖိအားပေးမှု မရှိဘဲ အခုလို အခြေအနေမျိုး ပေါ်ထွက်လာစရာ အကြောင်းမရှိတာလည်း အမှန်ပင်ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ လက်နက်ကိုင် ၃ ဖွဲ့အနက် တဖွဲ့ဖြစ်တဲ့ MNDAA အနေနဲ့ အခုလို စေ့စပ်ရပ်ဆိုင်း လိုက်ရတဲ့ အပေါ် အခြားသော လက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ဘယ်လို ရှုမြင်သုံးသပ်ကြသလဲ၊ လူထုက ဘယ်လို ရှုမြင်ကြသလဲ ဆိုတဲ့အချက်က စိတ်ဝင်စားစရာ အကြောင်းအရာတခု လည်းဖြစ်ပါတယ်။ အချို့သောလက်နက်ကိုင် အဖွဲ့တွေက တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် အခုလို အပစ်ရပ်ပြီး သိမ်းယူထားတဲ့ လားရှိုးမြို့ကို ပြန်ပေးလိုက်ရတာလို့ နားလည်ပေးပေမယ့် လူထုအနေနဲ့တော့ သိမ်းယူပြီး ပြန်လွှဲပြောင်းပေးရတဲ့ အဖြစ်ကို နားလည်နိင်ဖို့ ခက်ခဲပါတယ်။
နောက်ထပ် အလားတူ ဆွေးနွေးညှိနှိုင်းသဘောတူမှုမျိုး ဖြစ်ပေါ်လာရင် ဆိုတဲ့ အနေအထားကို စဥ်းစားမိပြီး MNDAA နဲ့ မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်ဖို့ ရာ ဝန်လေးတဲ့ အဖြစ်မျိုးလည်း ကြုံကောင်းကြုံရနိုင်ပါတယ်။
အထက်ကလို လေကြောင်းတိုက်ခိုက်မှုတွေ မခံရအောင်၊ သိမ်းယူထားတဲ့ နယ်မြေတွေကို တဖက်က အသိအမှတ်ပြုအောင် ကြိုးပမ်းမှုမျိုး မလုပ်ပဲ မိမိတို့ ထိန်းချုပ်နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အထိအခိုက် သေဆုံးမှုနည်းအောင် ဘယ်လို လုပ်ကြမလဲဆိုတဲ့ မေးခွန်းလည်း ရှိနေပြန်ပါတယ်။
ရပ်ရွာလူထုအနေနဲ့ စုဝေးတာမျိုး၊ လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ ပစ်မှတ်တစုတဝေးထည်း ဖြစ်မနေအောင် ဖြန့်ကြက်နေထိုင်ကြတာမျိုး သို့မဟုတ် အခြားသော နည်းလမ်းတွေနဲ့ ပစ်မှတ် အဖြစ် ဖြစ်မနေရအောင် လုပ်ဆောင်ကြံဆတာတွေ လိုအပ်ကောင်း လိုအပ်မှာ ဖြစ်ပါတယ်။
အခုလို လေကြောင်းက အကာအကွယ်မဲ့နေတဲ့ ကာလ၊ အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်ပြီး ကျားကန်နေတဲ့ကာလမှာ အရပ်သားလူထု အနေနဲ့ ထိခိုက်သေဆုံးမှု နည်းနိုင်သမျှ နည်းဖို့ နည်းလမ်းရှာကြံဖို့ လိုအပ်နေတာအမှန်ပဲ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar