ကိုနီတွတ် - တော်လှန်ရေးချဥ်ခြင်း
ကိုနီတွတ် - တော်လှန်ရေးချဥ်ခြင်း
မိုးမခ ၊ ဧပြီ ၂၇၊ ၂၀၂၅
"တော်လှန်ရေး" ဆိုသည့် အဓိပ္ပာယ်ကို စဥ်းစားကြည့်မိသည်။
-တော်(တြိ) သင့်လျော်သည်၊ လျောက်ပတ်သည်၊ အံကျသည်။
-တော်လှန် (တြိ-၁) ခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်သို့ ရောက်ရှိအောင် လုပ်သည်။
(တြိ-၂) ဖီဆန်သည်၊ ပုန်ကန်သည်၊ ကာပြန်သည်။
(တြိ-၃) စနစ်တစ်ခုမှတစ်ခုသို့၊အခြေအနေတစ်ခုမှတစ်ခုသို့ပြောင်းလဲပစ်သည်။
-တော်လှန်ရေး(န) ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်သို့ ရောက်ရှိအောင် အပြင်းအထန် အားထုတ်လုပ်ကိုင်မှု။
(ခရီးဆောင်မြန်မာ့အဘိဓာန် စာ-၁၃၁)
ဤသို့ တွေ့ရသည်။ သို့ဆိုလျှင် မည်သူများက အဘယ်ကြောင့် တော်လှန်ရေးလုပ်ကြသနည်း။
( ၁ )
-(တော်(တြိ) သင့်လျော်သည်၊ လျောက်ပတ်သည်၊ အံကျသည်။)
ကျွန်တော် ငယ်စဥ်က ကမ္ဘာကျော်သတ္ထုတွင်းတစ်ခုတွင် အစ်ကိုများနှင့် နေခဲ့ရင်း ပညာသင်ကြားခဲ့ရသည်။ ထိုဒေသ၏ လူတန်းစားများမှာ အလုပ်သမား၊ ကြီးကြပ်ရေးမှူး၊ စာရေးစာချီ၊ အရာထမ်းများဟူ၍ရှိသည်။ နေထိုင်မှုစနစ်မှာ အောက်ခြေအလုပ်သမားတို့ နေရာသည် အလုပ်သမားတန်းလျား၊၁၀ ပေပတ်လည် အခန်းတစ်ခန်း မိသားစုများပါက အခန်း (၂) ခန်းရသည်။ (မပေးချင်ပါက မရနိုင်။) ကြီးကြပ်ရေးမှူးများ အိမ်တွင် အတန်ကျယ်ဝန်းသည့် အိပ်ခန်း ၂ ခန်း။ ဧည့်ခန်း၊ မီးဖိုဆောင်၊အိမ်သာ ကြွေဇလုံပါ ရေချိုးခန်း စသဖြင့် ပြည့်စုံသည့် အိမ်လုံးခြင်း။ သူတို့ထက်ကြီးသောအရာထမ်း(တ) များအတွက် သီးသန့်အိမ်လုံးခြင်း သို့မဟုတ် ကျယ်ဝန်းလှသော ခြံကျယ်ကြီးအပြင် အကာအရံများလည်း ရှိသည်။ အရာထမ်းဒု)(ပ)များအတွက် အနောက်ဥရောပစတိုင် အိမ်ကြီး အိမ်ကောင်းများ၊ ပန်းခြံပြုစုရန် မာလီအပြင် ခြံဝင်းစောင့်လည်း ပါသေး၏။
ထိုသို့ ကွဲပြားကန့်သတ်မှုက အောက်ခြေအလုပ်သမား၊ အထက်အရာရှိများနှင့် ပြဿနာမရှိနိုင်ဖူးလား။ ရှိခဲ့ပါသည်။ ထိုစဥ်က ပညာသင်ဆဲ ငယ်ရွယ်သေး၍ ဘာမှ မသိ နားမလည်ခဲ့။ ပညာအရည်အချင်း၊ ကံတို့ချင်း မတူ၍ စံစား ခံစားရပုံချင်း မတူညီနိုင်တာ နားလည်မိပါလေငြား ထိုခွဲခြားမှုအပြင် အလုပ်ခွင်ကိစ္စ၊ လူမှုရေးကိစ္စများ၌ သဟဇာတ မဖြစ်ခဲ့ကြသည်မှာ ခေတ်အဆက်ဆက်။အောက်ခြေအလုပ်သမားများမှာ မနက်၊ နေ့လယ်၊ ညဆိုင်းများဖြင့် အလှည့်ကျ အလုပ်ဆင်းနေသည့်တိုင်၊ ဘော်သတ္တု တူးဖော်မှု တန်စားပေစားများ၊ အချိန်ပို(over time)များ လုပ်နေရသည့်တိုင် ကြမ်းတမ်းဆင်းရဲမှု၊ စားဝတ်နေရေး မပြေလည်မှုများက ပင်စင်ယူသည်အထိ ပါခဲ့သည်။ အထက်အရာရှိ ဆိုသူများ၏ အနေအထားကလည်း ခေတ်အဆက်ဆက် အပေါ်စီးချည်းသာ။
ဥပမာ တစ်ခု ထိုးချင်ပါသည်။ ထိုစဥ်က အလုပ်သမားဆန်ကို သမဝါယမမှ ထုတ်ယူရသည်။ ဆိုင်မဖွင့်ခင် စာအုပ်ထပ်၊ တန်းစီ။ ဆောင်းရာသီတွင် အေးချမ်း၊ နွေရာသီတွင် ချွေးဒီးဒီးကျ၊ မိုးရာသီတွင်စိုစိုစွတ်စွတ်နှင့် ရှိခဲ့ကြသည်။ ကြုံခဲ့ကြသည်။ ဆိုငြား အဆိုပါဆန်ကို ထိုနေ့ ရချင်မှရသည်။ ရသည့် ဆန်ကား ဆန်ကြမ်း၊ စပါးလုံးနိုင်းချင်း၊ ငကျွဲ၊ ဧည့်မထ၊ ငစိန်ဆန်များတည်း။ အရာရှိများကား ထိုသို့ မဟုတ်၊ မကြိုက်လျှင် ပြန်လဲပေးရသည်။ သခင်အားရ ကျွန်ပါးဝသူများ၏ အခွင့်အရေးရလိုရငြား မောင်ငဖား မငဖားများက ရှိသေး။ ထိုအရာရှိများနှင့် ရင်းနှီးခင်မင်ခွင့်ရတာကိုပင် မဟာလာဘ်ကြီးတစ်ပါး။ (သို့သော် အောက်ခြေအလုပ်သမားများနှင့် ဒိုးတူပေါင်ဖက် အလွန်စိတ်ထားကောင်းသော သတ္ထုတွင်းခေါင်ချုပ်များကိုလည်း ရှိဖူးပါသည်။) ငယ်လည်းငယ် ပညာသင်ဆဲလည်း ဖြစ်ပြန်တော့ အရာရာ အနေအထားမှာ သင့်လျော်လျောက်ပတ် အံကျနေမှုရှိသည်ဟု မြင်ခဲ့မိပါ၏။ ထိုသတ္တုတွင်းဘေးပတ်လည်ကား ပလောင်၊ ရှမ်းလူမျိုးများနေကြသည်။ ရှမ်း၊ ပလောင် လက်နက်ကိုင် တော်လှန်သူများကို ရှမ်းသူပုန်၊ပလောင်သူပုန်ဟု သိခဲ့ရ ထင်ခဲ့ မှတ်ခဲ့ရပါ၏။ ထိုစဥ်က ပလောင်သန်းဝင်း၊ ပလောင်အိုက်ထ အမည်များကား ယခုထိ သတိရနေဆဲ။
( ၂ )
(တော်လှန်(တြိ-၁) ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်သို့ ရောက်ရှိအောင်လုပ်သည်။
(တြိ-၂) ဖီဆန်သည်၊ ပုန်ကန်သည်၊ ကာပြန်သည်။
(တြိ-၃) စနစ်တစ်ခုမှ တစ်ခုသို့၊ အခြေအနေတစ်ခုမှ တစ်ခုသို့ ပြောင်းလဲပစ်သည်။ )
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ။ လယ်ယာ ချောင်းမြောင်း အလွန်ပေါသော စပါးကျီနိုင်ငံ။ ထိုစဥ်က ဆန်စပါး တင်ပို့မှုတွင် ကမ္ဘာ့နံပါတ်တစ် နိုင်ငံဟု မှတ်ရဖူးသည်။ ဆန်စပါး ပေါသည့်အပြင် မည်သည့်မျိုးစေ့ကိုမဆို လက်နောက်ပြန် ပစ်စိုက်တာတောင် အပင်ပေါက်ပြီး အသီးအနှံအရွက်တို့ကို စားသုံးရနိုင်သည်။ ဤနိုင်ငံမျိုး၏ ပြည်သူများ အဘယ်ကြောင့် ဆင်းရဲ ကျပ်တည်းရသနည်း။ငတ်ပြတ်မှု ရှိရသနည်း။ ရှိနေသနည်း၊ ကြုံနေသနည်း။ ယခုတော့ ဆန်တင်ပို့မှု ကမ္ဘာ့နံပါတ်တစ်နိုင်ငံကြီးအဖြစ်မှ လျှောကျသည့်အပြင် ပြည်သူများမှာလည်း ဆင်းရဲမွဲတေဆဲ။ ထိုစပါးကျီ ဖြည့်သူများ၏ ဘိုးဘွားပိုင်လယ်ယာများ အဘယ်ကြောင့် ငွေရှိသူများ၊ အာဏာလက်ကိုင်ထားသူများ၊ သူတို့၏ ခရိုနီများထံ ရောက်ရှိသွားခဲ့ရသနည်း။ ရုံးရောက် ဂါတ်ရောက်ရမှာ ကြောက်သော လယ်သမားများ နောက်ဆုံး မဖြစ်ကျယ် ငွေအသပြာလေးဖြင့် ဓားမဦးချမြေများ ပိုင်ရှင်ပြောင်းခဲ့ရသည်။ ဦးကြီးများ၏ ရိုးသားမှု၊ ကြောက်ရွံမှု၊ မသိနားမလည်မှုတို့ကို အခွင့်ကောင်းယူကာ လယ်သမားများနှင့် မရင်းနှီးသော ဥပဒေများသည် ပိုင်ရှင်အစစ်ကို အတုဖြစ်အောင် လုပ်ပစ်လိုက်သည်။
ထိုသို့ဖြစ်စေရန်အားပေးသူများမှာ ထိုဒေသကို အုပ်ချုပ်နေသည့် လက်ပါးစေများ။ မျက်နှာကြီးရာ ဟင်းဖတ်ပါ ဆိုသည့်အတိုင်း အရိုးအရင်းလေး ကိုက်ရရုံလောက်ဖြင့် ကိုယ့်နယ်သူနယ်သားများကို ဖိနှိပ်ခဲ့သည်။ခြိမ်းခြောက်ခဲ့သည်။ ရိုးသားဖြူစင်သော ဦးကြီးများ ဘာမှမတတ်နိုင်။ လည်စင်းခံခဲ့ရသည်။ မခံနိုင်၍ တုံ့ပြန်သူတို့မှာလည်း မီးများ မီးနိုင်၊ ရေများ ရေနိုင်။ ထောင်မကျလျှင် ဒုက္ခအမျိုးမျိုးသည် အလှည့်ကျ ရောက်လာသည်။ ထောင်ကျသူလည်း ရှိသည်။ အမှုနိုင်သူကား တစ်ထောင် တစ်ယောက်။
ထို့အပြင် ကျောင်းသားဘဝက သင်ခဲ့ရဖူးသော ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးကို ကလေးအသိဖြင့် စွဲခဲ့သည်။ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဥ်လူငယ် လှုပ်ရှားမှုများတွင်ပါဝင်ခဲ့ဖူးပါသည်။ စာတတ်မြောက်ရေးလှုပ်ရှားမှု၊ လူဦးရေစာရင်း ကောက်ခံမှုတို့တွင်လည်းသူငယ်ချင်းများနှင့်အတူ ပျော်ပျော်ပါးပါးကို ပါခဲ့ဖူးသည်။ ထိုစဥ်က တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့သည်ကိုလည်း မသိ။ တစ်ပါတီလမ်းစဥ် ကျင့်သုံးခဲ့သည်ကိုလည်း နားမလည်။ အတိုက်အခံပါတီ ရှိ မရှိ၊ထိုပါတီသည် အာဏာရှင်စနစ် ဟုတ်၊ မဟုတ် မသုံးသပ်နိုင်ခဲ့။
ထိုကြားထဲက ဦးသန့်အရေးအခင်း၊ ၁၉၈၈ အရေးအခင်း၊ ဦးစောမောင် အာဏာသိမ်းခြင်း၊၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရ ခမောက်ပါတီကို အာဏာမလွှဲခဲ့ခြင်း၊ ဦးသန်းရွှေမှ အာဏာထပ်ဆင့်သိမ်းယူခြင်း၊ ရွှေဝါရောင်သံဃာ့အရေးအခင်းများ ဆက်တိုက်ပေါ်ပေါက်လာသည်။ထိုတော်လှန်ရေးများတွင် ရဟန်းရှင်လူ ပြည်သူအများ အသတ်ခံရ၊ ထောင်အချခံရ၊ အပယ်ခံရ၊ရက်စက်ကြမ်းကြုတ်မှုတည်းဟု ဆိုနိုင်သော လူ့ငရဲကို ခံရ၊ မဟုတ်မမှန် စွပ်စွဲမှုတို့ဖြင့် လုပ်ကြံခံရ၊ပြည်တွင်းမှ ပြည်ပသို့ ထွက်ပြေးကြရနှင့် အမျိုးမျိုးအဖုံဖုံ ဒုက္ခစုံတောမှာ အမောဖောက်သူဖောက်၊လဲကျသူ လဲကျ၊ မှတ်မိပါသေးသည်။ ရုပ်ရှင်မင်းသားကြီးဦးထွန်းဝေ၊ ရုပ်ရှင်ရိုက်ခွင့်မရ။ နောက်ဆုံး မြေဖြူလုပ် အသက်မွေးဝမ်းကျောင်းခဲ့တာတောင် အပိတ်ခံရသည်။ ပြည်သူချစ်သော အနုပညာသည်တစ်ယောက် ဆင်းရဲညှိုးနွမ်းစွာ ဘဝကို မလှမပအဆုံးသတ်သွားခဲ့ရသည်။
အာဏာရှင်များ ကြီးစိုးလာသော အချိန်မှစ၍ သူတို့သာ ကြီးပွားတိုးတက်ခဲ့သည်။ ပြည်သူများ၏ ဘဝကား အစစအရာရာ နိမ့်ကျသည်ထက် နိမ့်ကျလာသည်။ တစ်ချိန် တစ်ခါက အာရှနိုင်ငံသားများ ပညာလာသင်ခဲ့ရသော ရန်ကုန်တက္ကသိုလ်ကြီး၊ ယခုအခါမှာတော့ မြန်မာပြည်သူများက ထိုအာရှတက္ကသိုလ်များထံသို့ ပညာသွားသင်နေရတော့သည်။ ထိုအာဏာရှင်များ၏ အတ္တကြီးမှု၊ကိုယ်ကျိုးရှာမှု၊ မတရားမှု၊ မမျှတမှုများကြောင့် ပြည်သူများ ဝမ်းခါးမလှခဲ့ရသည်မှာ ငြင်းဆို၍မရ။ သူတို့ ကျင့်သုံးခဲ့သော စနစ်ကောင်းလျှင် မြန်မာပြည်ကြီး နိမ့်ကျစရာ မရှိနိုင်သလို ပြည်သူပြည်သားများလည်း ဘာမှကြောင့်ကြစရာ ရှိမည်နည်း။ ဖြစ်ပေါ်လာခဲ့သော တော်လှန်ရေးများ၊ EROs များ၏ ပုန်ကန်မှုများသည် အကြောင်းမဲ့ ဖြစ်ပေါ်လာခဲ့ခြင်း မဟုတ်။ မမျှတမှု၊ မတရားမှု၊ မလွတ်လပ်မှုတို့သည် အရင်းခံ အကြောင်းတရားများသာတည်း။
ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုများသည် တစ်နိုင်ငံလုံး မျှတပါ၏လော။ တိုင်းရင်းသားဒေသများပါမကျန် တူညီအချိုးကျစွာ ခံစားစံစားရပါ၏လော။ ထိုစဥ်က အိမ်နီးချင်း ထိုင်းဘုရင် ဘူမိဘော၏ ပြည်သူလူထုအပေါ် အကျိုးပြုမှုများကိုလည်း အတုမယူ။ အနောက်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း မမြင်ချင်ဟန်ဆောင်ခဲ့ပုံရသည်။ စင်ကာပူနိုင်ငံလေး၏ ဖြတ်ကျော်မှုကိုလည်း အမှုမထား။ ပြာပုံထဲက ထလာသော ဂျပန်နိုင်ငံ၏ ထောက်ပံ့မှုများကိုလည်း လုပ်ချင်ရာ လုပ်ပစ်ခဲ့သည်။ ယခုတော့ လာအိုနိုင်ငံငယ်လေးကပါ ရွှေ မြန်မာပြည်ကြီး၏ အပေါ် ရောက်သွားခဲ့ပြီ။
ထိုအကြောင်းများကြောင့် ၁၉၈၈ အရေးအခင်းက "လှိုင်းကြီးလေထန်ဖြစ်ရပ်မှန်"ကို ပြည်သူများက မယုံကြည်ခဲ့။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရသူများကို အာဏာလွှဲမပေးဘဲ ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျားပြန်မည် ဆိုသော စကားကိုလည်း မယုံခဲ့ကြ။ သိသာလွန်းသည်ကား သူတို့အသုံးပြုနေသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၆ နှစ်ကျော်ကြာအောင် အချိန်ဆွဲဗျူဟာဖြင့် ရေးဆွဲခဲ့သည့်အပြင် အတည်ပြုရန်အတွက် နာဂစ်မုန်တိုင်း အပြင်းအထန် ခံစားခဲ့ရသည်ကို မစာနာဘဲ အတင်းအဓမ္မ သူတို့လုပ်ချင်ရာ လုပ်ခဲ့သည်က သက်သေ။ အာဏာဆက်လက်စွဲကိုင်ထားသည်က သူတို့၏ မရိုးသားမှု။ နှစ်ပေါင်း ၁၆ နှစ်ကျော်ကြာအောင် ရေးဆွဲခဲ့သော ထိုဥပဒေ၏ ပြည့်စုံမှုကား ကချင်ပြည်နယ်ထွက် ကျောက်စိမ်းတုံးများ အထူးသဖြင့် ၂၂ တန်ရှိသော ကျောက်စိမ်းတုံးကြီး မည်သို့ သုံးလိုက်ကြသည် မသိ၊ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကို မတွေ့ မမြင်ရသည်ကတော့အမှန်။ ရှမ်းပြည်နယ်ထွက် ဓာတ်သတ္ထုများသည် ရှမ်းပြည်လူထုအတွက် နှမ်းဖြူးရုံထက်မပို။ကယားပြည်နယ်ထွက် လျှပ်စစ်သည်လည်း ကရင်နီပြည်နယ် အမှောင်ကျနေမှုက ထင်ထင်ရှားရှား။ ကျန်သော ပြည်နယ်၊ တိုင်းများရှိ မြေပေါ်မြေအောက် သယံဇာတများသည်လည်း သူတို့ကိုယ်ကျိုးကခပ်များများ၊တိုင်းသူပြည်သားများအတွက်ကခပ်ပါးပါး။ နေရာစုံထောင့်စုံ အာဏာရှင်များ၏ အနိုင်ကျင့်မှုများကြောင့် တိုင်းရင်းသားအားလုံးသည် "ဗမာ"လူ မျိုးများကို အလွန်မုန်းခြင်းသာအဖတ်တင်သည်။ ထို့ကြောင့်ပင် မညီမျှမှု၊မတရားမှု၊ မလွတ်လပ်မှုတို့အတွက် ဖီဆန်ရန်၊ ပုန်ကန်ရန်၊ သူတို့ လိုချင်သော စနစ်ဟောင်း ခေတ်ဟောင်းကို စနစ်သစ် ခေတ်သစ်အဖြစ် လက်နက်ကိုင်တော်လှန်နေခြင်း မဟုတ်ပါလော။
( ၃ )
(တော်လှန်ရေး(န)ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ် စနစ်သစ်သို့ အပြင်းအထန် အားထုတ်လုပ်ကိုင်မှု။)
ယနေ့အချိန် နွေဦးတော်လှန်ရေးကြောင့် ယခင်မျိုးဆက်များ၏ တော်လှန်ပုန်ကန်မှု အကြောင်းခြင်းရာများကို သိရလေပြီ။ တွေ့ကြရပြီ။ မြင်ကြရပြီ။ မြန်မာပြည်အနှံ့ ပိုင်ဆိုင်မှုဟူသမျှ သေနတ်ကိုင်တပ်၊ ထိုတပ်၏ ခေါင်ချုပ်များသာ ပိုင်ဆိုင်ကြသည်။ စီးပွားရေးလုပ်ငန်းဟူသမျှ သူတို့ချည်းနှင်နှင်သာ။ အကျိုးအမြတ်မှန်သမျှ သူတို့သာရကြခံစားကြသည်။ သူတို့ ပါတနာများ၊ ခရိုနီများ၊ မြန်မာစကားမတတ်သော စိနတိုင်းသား အကျိုးတူများ၏ ပိုင်ဆိုင်မှုများကလည်း မနည်းမနော။ သူတို့၏ အနိုင်ကျင့်မှုကြောင့် စက်ရုံ အလုပ်ရုံ လုပ်သားများ အလုပ်ချိန်နှင့် လုပ်အားခ မမျှတ။ အခွင့်အရေးများကို တောင်းဆိုလျှင် အလုပ်ထုတ်ပစ်သည့်အပြင် ရပိုင်ခွင့်မှန်သမျှလည်း ဆုံးရှုံးရသည်။ တောင်သူလယ်သမားများ၏ လယ်ယာများသည် ထိုသူတို့၏ ဈေးကွက်များ ဖြစ်သွားသည်။လက်ညှိုးထိုးမလွဲအောင် ပိုင်ဆိုင်ကြသည်ကား သူတို့သည် အမှန်တကယ်ပင် အလွန်တော်သော လူချွန်များပေလော။ အံ့သြစရာကောင်းလှသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားကြွေးမြီ ထရီဘီလီယံအထိ ရှိအောင် ချွတ်ခြုံကျနေသော်လည်း ထိုသူများ၏ နိုင်ငံခြားဘဏ်တွင် အပ်နှံထားမှုမှာ ထိုထက်မက ပိုများသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခံရသော အစိုးရအဖွဲ့၏ အကြီးအကဲ နိုင်ငံတော်သမ္မတသည်ပင် ထိုသူများကို အမိန့်ပေးခွင့်မရှိ။ ထူးထွေတည့်အံရာသော်ဝ်။ ထိုသူတို့သည် ဖိအားရှိလာလျှင် သမ္မတ အကာအကွယ်ကို ယူသည်။ ဖိအားမရှိလျှင် သီးသန့်အထူးအစိုးရတရပ် ဖြစ်သွားသည်။ လွှတ်တော်တွင် စစ်အသုံးစရိတ် အတိုင်းအဆမရှိ တောင်းနိုင်၏။ သုံးစွဲမှုကို သမ္မတပင် စစ်ပိုင်ခွင့် မရှိ။ လွှတ်တော်ထဲတွင် ၂၅ % အကျောပေးထားရသေးသည်။ ကမ္ဘာ့ဒီမိုကရေစီနံပါတ်တစ်၊ ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြိမ် နှစ်ရာကျော် ပြင်ဆင်ပြီးမှ ယခုအခြေအနေ ရောက်ခဲ့သည်။
မြန်မာအာဏာရှင်များ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကား ဆယ့်ခြောက်နှစ် ကြာအောင် အချိန်ဆွဲ(အချိန်ဆွဲ)ရေးဆွဲခဲ့၍ ပြည့်စုံလွန်းသည်ထင့်၊ ဘာမှ ပြင်မရ။ ပြင်ခွင့်ပေးခဲ့သည်များကလည်း အရေးမပါ။ မဲခွဲဆုံးဖြတ်လျှင် အချောင်ဝင်ထိုင်နေသည့် သူများက ကန့်ကွက်မြဲ။ အရာရာ အထက်စီး။ သူတို့၏ မတရားမှု၊ မမျှတမှု၊ အတ္တကြီးမှု၊ အနိုင်ကျင့်မှုကား သိသာလွန်းလှသည်။ လူကြီးလူကောင်းမဆန်၊ ကလေးကုလားဆန်လွန်း၏။
ထို့အပြင် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲကိုလည်း မဲမသမာမှု အကြောင်းပြချက်များဖြင့် အာဏာလုယူ၊ အဓမ္မအာဏာသိမ်း၊ အစိုးရ အကြီးအကဲများကို မတရားပုဒ်ထီးပုဒ်မများဖြင့် ထောင်သွင်းအကျဥ်းချ၊ အနိုင်ရပါတီနှင့် တိုင်းရင်းသားအင်အားကြီး ပါတီများကို ဖျက်ဆီး။ သူတို့ကို မထောက်ခံသူများကို ဖမ်းဆီးသတ်ဖြတ်၊ အမှုဆင်ထောင်ချ၊ နှိပ်စက်။ ကျေးရွာမြို့ပြရိက္ခာများကိုမီးရှို့ဖျက်ဆီး၊ ပြည်သူပိုင်များကို ခိုးယူ၊ အိမ်များကို ချိတ်ပိတ်။ မြန်မာပြည်ဒေသ အနှံ့အပြားကို လေယာဥ်ဖြင့် မညှာမတာ ဗုံးကြဲချ။ အင်တာနက်ဖြတ်တောက်ကာ စစ်ဘေးရှောင်များ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦများ၊ ရဟန်းသံဃာတော်များပါမကျန် ဖျက်ဆီးဖြိုချ ဗုံးကြဲချနေမှုတို့သည် သူတို့၏ အတ္တကြီးမှု၊ အမြော်အမြင်မဲ့မှု၊ အရည်အချင်းမပြည့်ဝမှု၊ အာဏာလက်လွတ်ရမှာကြောက်မှုတို့ပင် မဟုတ်လော။ ၂၀၂၅ မတ်လ ၂၈ နေ့က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကိုအကြောင်းပြုကာ နိုင်ငံရေးအမြတ်ထုတ်၊ ပြည်သူအပေါ် ယုတ်မာရန်သာ ကြိုးပမ်းအားထုတ်နေပြီး ဒုက္ခရောက်ပြည်သူများကို ကယ်ဆယ်ရန် အနည်းငယ်မျှပင် စိတ်ဝင်စားဟန်မပြ။ မတရားမှု၊ယုတ်မာရက်စက်မှုများဖြင့် နွေဦးတော်လှန်ရေး၏ အကိုင်းအခက်၊ အရွက်အလက်၊ အညွန့်အဖူးတို့ ခုတ်ချရန်သာ လုပ်နေကြသည်။
နွေဦးတော်လှန်ရေးကား စုပေါင်းခေါင်းဆောင်မှုအပေါ် တည်ထားသည့် ပညာတတ်လူငယ်များ။ ထိုသူတို့၏ တော်လှန်ရေး၊ တော်လှန်ရေးသမားများကား လူငယ်လူရွယ်များ၊ ပညာသင်ရွယ်များ၊ အချို့ကား ပညာတတ် ဆရာဝန်၊ အင်ဂျင်နီယာများ၊ အချို့ကားအသက်ပင်မပြည့်သေး။ မိန်းကလေးများသည်လည်း ယောကျ်ားလေးများကဲ့သို့ ကျရာတာဝန်ကို ထမ်းနေကြသည်။ ဆိုးရွားလှသော ခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်သစ် စနစ်သစ်သို့ ရောက်အောင်အပြင်းအထန် အားထုတ်နေကြသည်။ အချို့ကား လမ်းခုလတ်တွင် ကျန်နေခဲ့ကြလေပြီ။ ကျွန်တော်တို့ခေတ်ကဲ့သို့ ဂျင်းထည့်၍ မရ။ အရာရာ စူးစမ်းပြီး အမှန်ကို သိအောင် လုပ်နိုင်သော မျိုးဆက်။ ထို့ကြောင့်ပင် ဆန္ဒပြပွဲ ကြွေးကြော်သံကဲ့သို့ "၈၈ က အချိုးတွေ ၂၁ မှာ လာမလုပ်နဲ့"ဟု အာပေါင်အာရင်းသန်သန် အော်ခဲ့ကြသည်လေ။
ထိုတော်လှန်ရေးသည် တူမီး၊ လက်လုပ်သေနတ်များနှင့် စခဲ့ကြသည်။ ယခုအခါတွင် ထိုတော်လှန်ရေးကား စုပေါင်းအင်အားကို အသုံးချရင်း ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြင့် စစ်စခန်းများ၊ မြို့များ၊ စစ်ဌာနချုပ်များ၊ ကပစ စက်ရုံများ စသဖြင့် သိမ်းပိုက် ပြီး၊ သိမ်းပိုက်ရန်လည်း တာစူနေသည်။ စစ်ဗိုလ်ချုပ်များ၊ အရာရှိ အရာခံ အကြပ်တပ်သားများကို မကျွေးနိုင်၍ ဖမ်းမိသမျှ ထိန်းသိမ်းထားရန် ခက်လာကြသည်။ စစ်ဗျူဟာများသည်လည်း ပစ်အားဖြင့် စစ်ကစားနေကြသည်။ တပ်ရင်းလိုက် ပြုတ်အောင် တိုက်နိုင်လာလေပြီ။ ရန်သူစခများ လက်ထွက်လျှင်လက်ပစ်၊ခေါင်းထွက်လျှင် ခေါင်းပစ်သည့်အတွက်ကြောင့် ကတုတ်ကျင်းများထဲတွင်သာ ချေးပါ သေးပေါက် ထမင်းစားရသည့်အထိ လုပ်ထားနိုင်လေပြီ။ စစ်ကားဖြင့် မထွက်ရဲသော စစ်ခွေးများ မည်သည့်ကားဖြင့်လာလာ သတင်းအတိအကျရကာ လမ်းပေါ်တွင်စောင့်ဖမ်းဆီးတတ်လေပြီ။ရန်သူ စစ်ခွေး၊ ရဲခွေးအပြင် မအလ၏ သခင်အားရကျွန်ပါးဝ ဘောမ ပျူစောထီး၊ မဘသ၊ သွေးသောက်များကား စိတ်ဓာတ်ပျက်ပြားနေသည်။ ထို့အပြင် အရိုးအရင်းလေး ကိုက်ရလျှင် ကျေနပ်နေသည့် အထက်ဖား အောက်ဖိ အုပ်ချုပ်ရေးမှူးများသည်လည်း တော်လှန်ရေးသမားများ၏ သတိပေးမှုကြောင့် လုပ်ရဲသူ နည်းလာသည်။ လုပ်သူ ရှိပါကလည်း တော်လှန်ရေးသမားများ၏လက်အောက်မှာ အသက်ပျောက်နေကြသည်။
တစ်ဖက်က ကြည့်လျှင် ဘာမဆို လုပ်ရဲသည့် မအလ ဦးဆောင်သော သူခိုး ကြမ်းပိုးတပ်အဆင့်ထိလျော့ကျသွားသည်။ ကမ္ဘာ့အဆင့် ၃၅ ချိတ်ခဲ့သော တပ်ကြီးကား ခံစစ်အသေထိုင်ရင်း တော်လှန်ရေးတပ်များ၏ အသိမ်းပိုက်ခံလောက်သာ ရှိတော့သည်။ မအလ ၏ ကောက်ရိုးမျှင်များဖြစ်သည့် ရုရှား၊ တရုတ်များသာ မကယ်လျှင် မအလနှင့် အပေါင်းအပါများကား မြေကြီးထဲတွင်ဆွေးနေလောက်ပြီ။
အဘယ်ကြောင့် တော်လှန်ရေးတပ်များသည် အသက် သွေး ချွေးများဖြင့် ရင်းနှီးပေးဆပ်ကြရသနည်း မေးခွန်းကား ဖြေစရာ ခေါင်းအခြောက်ခံ စဥ်းစားစရာပင် မလို။ ခေတ်ဟောင်း စနစ်ဟောင်း၊ခေတ်ဆွေး စနစ်ဆွေးမှသည် ခေတ်သစ် စနစ်သစ် ဖက်ဒရယ်ဒီမိုကရေစီ ရရှိလိုသည့်အပြင် အာဏာရှင်များ၏ ဖောက်ပြန်သော အကျင့်ပျက်များကို မြန်မာ့မြေပေါ်မှ အပြီးတိုင်သုတ်သင်ဖယ်ရှားလိုသည်ကား ပြည်သူများ၏ တော်လှန်ရေးချဥ်ခြင်းပင် မဟုတ်ပါလော။
(၂၁-၅-၂၀၂၅)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar