Breaking News

လားရှိုး ပြန်လွှဲပေးရတာနဲ့ ပတ်သက်ပြီး ကိုးကန့်လက်နက်ကိုင်အဖွဲ့ရဲ့ ပထမဆုံး ထုတ်ဖော်ပြောဆို၊ ငလျင်ဒဏ် အပျက်အစီးတွေ နဲ့ နေထိုင်နေကြရတဲ့ အခြေအနေ

မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၆ မြင်ကွင်း

မိုးမခ၊ ဧပြီ ၂၇၊ ၂၀၂၅

လားရှိုး ပြန်လွှဲပေးရတာနဲ့ ပတ်သက်ပြီး ကိုးကန့်လက်နက်ကိုင်အဖွဲ့ရဲ့ ပထမဆုံး ထုတ်ဖော်ပြောဆို၊ ငလျင်ဒဏ် အပျက်အစီးတွေ နဲ့ နေထိုင်နေကြရတဲ့ အခြေအနေ

လားရှိုးမြို့ကနေ ဆုတ်ခွာခဲ့ရတာနဲ့ ပတ်သက်လို့ နိုင်ငံရေး ဖိအားတွေကြောင့်ဆိုပြီး ကိုးကန့်လက်နက် ကိုင် အဖွဲ့က ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြားထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ နိုင်ငံရေးစစ်ရေး အနေနဲ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မဟုတ်ဘဲ လားရှိုးမြို့ ဆေးရုံကြီးကနေ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေး ဆိုင်ရာ ပစ္စည်းတွေကို ဆုတ်ခွာစဥ် ရွှေ့ပြောင်းခဲ့ရတာနဲ့ ပတ်သက်တဲ့ အကြောင်းရင်း၊ လားရှိုးမြို့ကို ထိန်းချုပ်ထားတဲ့ ကာလမှာ ကုသပေးခဲ့တဲ့ လူနာအရေအတွက် စတဲ့ ကိန်းဂဏန်းတွေပါဝင်တဲ့ ထုတ်ပြန်ချက်မှာ အခုလို နိုင်ငံရေး ဖိအားပေးမှုတွေကြောင့် ဆုတ်ခွာရတယ်လို့ ဖေါ်ပြပါရှိတာ ဖြစ်ပါတယ်။ နိုင်ငံရေး ဖိအားပေးမှုတွေဆိုရာမှာ တရုတ်နိုင်ငံကို ရည်ညွှန်းလိုတဲ့ သဘောဖြစ်ပါတယ်။ လားရှိုးမြို့က ဆုတ်ခွာစဥ် ဆေးရုံသုံးပစ္စည်းတွေ အများအပြား သယ်ယူသွားတဲ့ အပေါ် မြို့ခံတွေရဲ့ ဝေဖန်မှုတွေကိုလည်း အခုထုတ်ပြန်ချက်ထဲမှာ ဖြေရှင်းထားပြီး လိုအပ်တဲ့ စက်ပစ္စည်းနဲ့ ဆေးဝါး ၂၀ ရာနှုန်းလောက်သာ သယ်ဆောင်သွားတယ်လို့ ရှင်းလင်းရေးသားထားတယ်လို့ ဆိုပါတယ်။

ယမန်နှစ် သြဂုတ်လ ၃ ရက်နေ့မှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် လားရှိုးမြို့တမြို့လုံးကို သိမ်းယူနိုင်ခဲ့တဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA အနေနဲ့ ၈ လကျော်ကြာ လားရှိုးမြို့ကို ထိန်းချုပ်ထားပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ် ဧပြီလ ၂၂ ရက်နေ့ကို နောက်ဆုံးထားပြီး စစ်ကောင်စီလက်ထဲကိုပြန်လည် လွှဲအပ်ခဲ့တာဖြစ်ပါတယ်။ အခုလို ပြန်လည်လွှဲအပ်မှုဟာ ၂၀၂၁ ခုနှစ် ပြည်တွင်းစစ်ပွဲတွေ ဖြစ်ပွားလာပြီးနောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးကာလ နောက်ပိုင်း ပြန်လည်တိုက်ခိုက်သိမ်းပိုက်တဲ့ နည်းလမ်းနဲ့ မဟုတ်ဘဲ ဆွေးနွေးမှု၊ ဖိအားပေးမှု၊ သဘောတူညီမှုတွေနဲ့ ပြန်လည် လွှဲအပ်ပေးရတဲ့ ပထမဆုံးသော မြို့နဲ့ စစ်စခန်းလည်း ဖြစ်ပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင် မည်ရွေ့မည်မျှ သေဆုံးကြသလဲဆိုတာ တိကျတဲ့စာရင်းကောက်ယူမှုတွေ မရှိတာကြောင့် မသိရှိနိုင်ပေမယ့် လားရှိုးမြို့မှာနေထိုင်တဲ့ အရပ်သား ၁၀၀ ကျော် မြို့သိမ်းတိုက်ပွဲအတွင်း သေဆုံးခဲ့ကြရပြီး ရာနဲ့ချီလည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

၁၀၂၇ စစ်ဆင်ရေးတွေအတွင်း မြို့ပေါင်းဒါဇင်နဲ့ချီ သိမ်းယူခဲ့ကြတာဖြစ်ပေမယ့် အခြားမြို့တွေထက် လား ရှိုးမြို့က ပိုပြီးပြယုဂ်သဖွယ်ဖြစ်သလို ကုန်သွယ်ရေး၊ စစ်ရေး ၂ ခုလုံးအတွက် အရေးပါတဲ့နေရာမှာ တည်ရှိတဲ့မြို့တမြို့လည်းဖြစ်တာကြောင့် အခုလို လားရှိုးမြို့ကနေပြန်လည် ဆုတ်ခွာပေးလိုက်ရတဲ့အဖြစ်က ၁၀၂၇ စစ်ဆင်ရေးရဲ့ နိုင်ငံရေး စစ်ရေးရည်ရွယ်ချက်တွေကို မေးခွန်းထုတ်စရာလည်း ဖြစ်လာစေပါတယ်။ လားရှိုးမြို့သိမ်းတိုက်ပွဲနဲ့ အခြားသော ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့တဲ့ “ပူးပေါင်းတပ်” လို့ခေါ်တဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့မဟုတ်တဲ့ အခြားနယ်မြေဒေသတွေက လာရောက်ပါဝင်တိုက်ခိုက်ကြတဲ့ တပ်ဖွဲ့တပ်ရင်းတွေအနေနဲ့လည်း နောက်နောင်မှာ ကိုးကန့်လက်နက်ကိုင်တပ်နဲ့ ဖြစ်စေ၊ အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်နဲ့ဖြစ်စေ ပူးပေါင်းတိုက်ခိုက်မှုမလုပ်ခင် ရည်ရွယ်ချက်နဲ အကျိုးသက်ရောက်မှုတွေကို ရှင်း ရှင်းလင်းလင်းပြောဆိုထားဖို့ သင်ခန်းစာတရပ်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ အတူပူးပေါင်းတိုက်ခိုက်ပေးခဲ့ကြတဲ့ လက်နက် ကိုင်တပ်တွေအနေနဲ့ နိုင်ငံရေး ရည်ရွယ်ချက်ထက် လက်နက်ခဲယမ်း ရရှိဖို့အတွက် သက်သက်ရည်ရွယ်ခဲ့ကြတာမျိုးဆိုရင်တော့ အခုလို လားရှိုးမြို့ကို ပြန်လွှဲပြောင်းပေးတာ ပြဿနာမဟုတ်ပေမယ့် နွေဦးတော်လှန် ရေးရဲ့အစိတ်အပိုင်းတရပ်အနေနဲ့ ရည်ရွယ်ပြီး ပူးပေါင်းတိုက်ခိုက်ပေးခဲ့တာမျိုးဆိုခဲ့ရင် အခုလို MNDAA အနေနဲ့ စစ်ကောင်စီနဲ့ အပစ်ရပ်ပြီး လားရှိုးမြို့ကို ပြန်လွှဲပေးလိုက်ခြင်းဟာ ကြီးမားတဲ့သင်ခန်းစာတခုအဖြစ် ယူဆစရာဖြစ်ပါတယ်။ အနာဂတ်ကာလမှာ စစ်အာဏာရှင်ကို တိုက်ခိုက်နေကြတဲ့တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ အခြားသော PDF တွေအကြား စစ်ရေးမဟာမိတ် သို့မဟုတ် ပူးပေါင်းစစ်ဆင်ရေးတွေမှာ အသေးစိတ်ဆွေးနွေး သဘောတူညီမှု ရယူစရာတွေ ရှိလာလိမ့်မှာ ဖြစ်ပါတယ်။

ဒီနေ့အတွက် နောက်ထပ်သတင်းအကြောင်းအရာတခုကတော့ စစ်ကိုင်းဒေသကို ဗဟိုပြုတဲ့ ငလျင်ကြီးကြောင့် လူဦးရေ ၆ သိန်းကျော် ငလျင်ဘေး ကြုံတွေ့ခဲ့ကြရာမှာ မိမိတို့နေအိမ်တွေမှာပဲ ပြန်နေထိုင်နေသူ ၄ သိန်းကျော် ရှိတယ်ဆိုတဲ့အချက်အလက် ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဗဟိုဌာန DMC က ထုတ်ပြန်ရာမှာ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်သူက ၅ သောင်းခန့်သာရှိပြီး မိမိတို့အစီအစဥ်နဲ့နေ ထိုင်သူ ၁ သိန်းခွဲကျော် ရှိတယ်လို့ ဆိုပါတယ်။

ငလျင်ဘေးကျရောက်ပြီး တလအကြာမှာ အခုလိုကိန်းဂဏန်းတွေ ထွက်ပေါ်လာတာ ဖြစ်ပြီး ဒီအချက်အလက်တွေကိုကြည့်ရင် အပျက်အစီးတွေဖယ်ရှားရေးနဲ့ အန္တရာယ်ရှိတဲ့နေအိမ်တွေမှာ နေထိုင်ခြင်းမပြုဘဲ လုံခြုံစိတ်ချရတဲ့ အမိုးအကာပြန်လည်ဆောက်လုပ်နိုင်ရေးက စိန်ခေါ်မှုတွေအများအပြားရှိနေတဲ့အချက်ကို ပေါ်လွင်စေပါတယ်။

ပျက်စီးသွားတဲ့မြို့တွေအနက် မန္တလေးမြို့လို ကုန်သွယ်မှုအချက်အချာ ကျတဲ့မြို့ စီးပွားရေး လုပ်ငန်းကိုင်ငန်း အထိုက်အလျောက်ကောင်းတဲ့ မြို့တမြို့သာရှိပြီး ကျန်တဲ့မြို့တွေအနေနဲ့ ပြန်လည်ထူထောင်ရေးမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြရမယ့် အနေအထားဖြစ်ပါတယ်။

စီးပွားရေးကောင်းတယ်ဆိုတဲ့ မန္တလေးမြို့မှာပင်လျှင် လက်ရှိ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင် မရှိဘဲ စုဆောင်းထားတဲ့ ငွေကြေးနဲ့ လောက်ငအောင် သုံးစွဲပြီး အခြေမပျက်အောင် နေထိုင်နေကြရသူတွေလည်း အများအပြားရှိတာတွေ့ရမှာ ဖြစ်ပါတယ်။

မန္တလေးမြို့၊ စစ်ကိုင်းမြို့တို့မှာ လတ်တလော အပျက်အစီးတွေ ဖယ်ရှားရေး ဖြိုချရှင်းလင်းရေးတွေ မလုပ်နိုင်သေးတဲ့နေအိမ်တွေ အများအပြားရှိနေတယ်လို့ သတင်းဖေါ်ပြမှုတွေ လူမှုကွန်ရက်မီဒီယာတွေမှာရေးသားချက်တွေအရ သိရပါတယ်။ နေအိမ် ဖြိုချရှင်းလင်းရေးကို မန္တလေးမြို့ စည်ပင်သာယာက ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပင်ဆိုငြား အမှန်တကယ်လိုအပ်ချက်နဲ့ အကူအညီပေးနိုင်တဲ့ပမာဏက အဆများစွာကွာခြားနေပြီး ငွေကြေးတတ်နိုင်သူတွေကတော့ သိန်းရာဂဏန်းရှိတဲ့ငွေကြေးအကုန်အကျခံသုံးစွဲနိုင်ကြပေမယ့် မတတ်နိုင်ကြသူတွေလည်း အများအပြားရှိနေတာဖြစ်ပါတယ်။ ဝန်ထမ်းအိမ်ရာ တိုက်တွေအလုံးပေါင်း ရာချီထိခိုက်ပျက်စီးခဲ့တဲ့ နေပြည်တော်လိုမျိုးမှာပင်လျှင် စစ်ကောင်စီအနေနဲ့ ဝန်ထမ်းအိမ်ရာတွေကို ပြန်လည်တည်ဆောက်ဖို့ လုပ်ဆောင်နိုင်ခြင်းမရှိသေးတာတွေ့ရမှာ ဖြစ်ပါတယ်။

စီးပွားရေး ဒီလောက် မကောင်းတဲ့ မြို့တွေဖြစ်တဲ့ စစ်ကိုင်း၊ ကျောက်ဆည်၊ ပျဥ်းမနား၊ ရမည်းသင်း၊ အင်းလေး၊ ပျော်ဘွယ်တို့လိုမြို့တွေက ငလျင်ဒဏ်ခံရတဲ့ နေအိမ်တွေ အဆောက်အဦတွေ အဖို့ ပြန်လည်ထူထောင်နိုင်ရေးက ကြီးမားတဲ့ အခက်အခဲတွေ ရှိနေလိမ့်မှာ အသေအချာပင် ဖြစ်ပါတယ်။

မန္တလေးမြို့နဲ့ပတ်သက်ပြီး အချို့ကလည်း ၁၉၈၄ ခုနှစ် မန္တလေးမြို့နေရာအများအပြား မီးလောင်ပျက်စီးရပြီးနောက် မြို့ရဲ့နဂိုမူလနေထိုင်သူတွေ နေအိမ်၊ မြေတွေ ရောင်းချကာ ပြောင်းရွှေ့သွားကြကာ မြို့ခံမဟုတ်တဲ့သူတွေဝယ်ယူအခြေချနေထိုင်လာကြတဲ့လူမှုရေးအရ သက်ရောက်မှုမျိုးဖြစ်ပေါ်လာနိုင်ချေ ရှိတယ်လို့လည်း မှန်း ဆမှုတွေ ရှိနေတာဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar