Breaking News

ကိုအောင်မှိုင်း - ၁၀၂၇ စစ်ဆင်ရေး အလွန်



ကိုအောင်မှိုင်း - ၁၀၂၇ စစ်ဆင်ရေး အလွန်
(မိုးမခ) ဧပြီ ၂၀၊ ၂၀၂၅

၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် ကိုးကန့်အမျိုးသားတွေကို ဗမာပြည်သူတွေက တရုတ်တွေလို့ ယူဆ ကြတယ်။ အဲဒီအတိုင်းလဲ ပြောကြတယ်။၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက်ကိုးကန့်အမျိုးသားတွေကို ဗမာပြည်သူတွေက တိုင်းရင်းသား အမျိုးသားတရပ်အနေနဲ့ ယူဆလာကြတယ်။ ယုံကြည်လာကြ တယ်။ ဒီတိုင်းလဲ ပြောကြတယ်။ ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတခုလို လက်ခံလာကြတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ MNDAA က ဦးစီးဦးဆောင် တိုက်ခဲ့တာ အမှန်ဘဲ။ ဒါပေမဲ့ အတူလက်တွဲ တိုက်ပွဲဝင်ခဲ့သူတွေ အဖွဲ့အစည်းတွေ များစွာရှိတယ်။ကိုးကန့်တိုင်းရင်းသားတွေနဲ့အတူ အသက် ပေးလိုက်ရတဲ့ ကျန်တဲ့တိုင်းရင်းသားတွေ များစွာရှိတယ်။ လားရှိုးကို လွယ်လွယ်ကူကူရခဲ့တာ မ ဟုတ်ဘူး။အသက်တွေ ချွေးတွေ စွန့်လွှတ်အနစ်နာခံမှုတွေ ငွေကြေးနဲ့တကွ ရုပ်ပိုင်းဆိုင်ရာပစ္စည်း တွေ အများအပြားနဲ့ အလဲအထပ် လုပ်ခဲ့ရတာဖြစ်တယ်ဆိုတာ သမိုင်းဖြစ်ရပ်အမှန်ဘဲ။

MNDAA အနေနဲ့ လားရှိုးကို အလွယ်တကူ စစ်တပ်ကို ပြန်မပေးသင့်ဘူး။ နည်းနာတွေ ရှာလို့ရနိုင် မယ်ထင်တယ်။ တရုတ်ကြောင့်ဘဲဖြစ်ဖြစ် မင်းအောင်လှိုင်ကြောင့်ဘဲဖြစ်ဖြစ် ပြည်ထောင်စုသမိုင်း ကို ပစ်ပါယ်ရင် တချိန်မှာ ကိုးကန့်အမျိုးသားတွေရဲ့သမိုင်းမှာ အစွန်းအထင်းများစွာ ဖြစ်ပေါ်လာမှာ ကို ကျနော်တို့ကြိုတင်မျှော်လင့်ထားရမှာဖြစ်ပါတယ်။သေချာတာက ဒီဖက်ဆစ်စစ်တပ်ဟာ အနှေး နဲ့ အမြန် စစ်ရှုံးမှာပါ။ အကြောင်းက ပြည်သူလူထုအပေါ် ရက်ရက်စက်စက် ရာဇဝတ်မှုတွေ ကျူး လွန်နေလို့ဘဲ ဖြစ်ပါတယ်။ကမ္ဘာ့သမိုင်းမှာ ဖက်ဆစ်တွေဟာ လူထုကိုသတ်ရင်း သူတို့ကိုယ်တိုင် အ သတ်ခံရလေ့ရှိတာကလည်း အထင်အရှား ဖြစ်ရပ်တွေရှိပါတယ်။

MNDAA ခေါင်းဆောင်တွေအနေနဲ့ ရပ်တည်ချက် အမြင် နည်းနာ ဆိုတဲ့ ခေါင်းဆောင်မှု ဆိုင်ရာ သေနင်္ဂဗျူဟာကို ပြန်သုံးသပ်ပြီး မိမိတို့ပေါ်လစီအလှည့်အပြောင်းကို ဆောင်ရွက်သင့်ပါတယ်။ တရုတ်ပြည်အစိုးရရဲ့ မှားယွင်းတဲ့ပေါ်လစီတချို့က လက်တွေ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျဥ်းမှာ အံဝင် ဂွင်ကျမှု မရှိတာတွေ့ရပါတယ်။ ဥပမာ ဘင်္ဂလားဒေ့ချ်နိုင်ငံကို လက်လွတ်လိုက်ရတာဟာ တရုတ်ပြည်အစိုးရရဲ့ မှားယွင်းတဲ့ ပေါ်လစီအဆက်ဆိုတာ ငြင်းမရပါဘူး။ ဝေဖန်ရေးနဲ့ကိုယ့်ကိုယ် ကို ဝေဖန်ရေးမလုပ်နိုင်ရင် တရုတ်ပြည်အစိုးရ အထိနာလိမ့်မယ်။ တရုတ်ပြည်သူတွေ ကိုယ်တိုင် လည်း ထိခိုက်နစ်နာမှုတွေခံစားကြရမှာပါ။ကမ္ဘာ့ပြည်သူတွေဟာ ဖက်ဆစ်စနစ်ကို မကြိုက်ကြပါ ဘူး။ ဒီလိုဘဲ လူသတ်သမား ဖက်ဆစ်အာဏာရှင်တွေနဲ့ လက်ဆွဲနုတ်ဆက်နေတဲ့ ဘယ်တိုင်းပြည် ခေါင်းဆောင်ကိုမှ မကြိုက်ကြတာ သေချာပါတယ်။ ရွံရှာမုန်းတီးလေ့ရှိကြပါတယ်။

ဖက်ဆစ်စစ်တပ်ရဲ့ လူမဆန် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေဟာ ကမ္ဘာ့တလွှားလူကြိုက်မများ ဘူးဆိုတာတော့ ပြောဘို့မလိုဘူးလို့ ထင်ပါတယ်။ ဗမာပြည်သူတွေအနေနဲ့ အလွန် ရွံရှာ စက်ဆုတ် နေကြတယ်ဆိုတာ တရုတ်ပြည်အစိုးရသိသလို တရုတ်ပြည်သူတွေလည်း သိကြပါတယ်။ အခိုင် အ မာပြောချင်တာက ကိုးကန့်ပြည်သူတွေကိုယ်တိုင်လည်း ဖက်ဆစ်စစ်တပ်ကို အလွန် ရွံရှာ မုန်းတီး နေကြတယ်ဆိုတာ ကိုးကန့်အမျိုးသားခေါင်းဆောင်တွေ သိကြပါတယ်။ ကိုးကန့်အမျိုးသားတွေကို စစ်တမ်းကောက်ကြည့်ရင် ရာနုန်းပြည့် ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ကြမှာ သေချာပါတယ်။

ကျနော်တို့ပြောလိုတာက တရုတ်ပြည်အစိုးရကိုယ်တိုင် ပေါ်လစီဆိုင်ရာ အမှားအယွင်းများစွာကို ကျော်ဖြတ်နေရတဲ့ ကာလဆိုရင်မမှားပါဘူး။ ကနေ့တရုတ်အစိုးရဖိအားကြောင့် လားရှိုးပြန်ပေးရ တယ်ဆိုတဲ့ သမိုင်းဟာ တရုတ်ပြည်အစိုးရနဲ့ တရုတ်ပြည်သူတွေအတွက် သမိုင်းမကောင်းသလို ကိုးကန့် ပြည်သူတွေနဲ့ ဗမာပြည်သူတွေအတွက်လည်း ဆိုးဝါးပြင်းထန်တဲ့ ခံစားမှုတွေ ထိပ်လန့် တုန်လှုပ်မှုတွေ မကျေနပ်မှုတွေ ယုံကြည်ချက်ဆုံးရှုံးမှုတွေကို ကြေကွဲဝမ်းနည်းစွာ ခံစားကြရမှာ ဖြစ်ပါတယ်။ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ မိသားစုတွေကိုယ်တိုင်လည်း ဝမ်းနည်း ကြေကွဲကြမှာ အသေအချာဘဲ ဖြစ်ပါတယ်။ကျနော်ကိုယ်တိုင်လည်း ကိုးကန့်ရဲဘော်တွေ ခေါင်း ဆောင်တွေအပေါ် လေးစား တန်ဘိုးထားသူတဦးဖြစ်ပါတယ်။

ကနေ့ စစ်တပ်က လားရှိုးဝင်တာနဲ့ မိုးကုတ်ကို ဗုံးကျဲပါတယ်။ သေချာတာက ဖက်ဆစ်စစ်တပ်က ကိုးကန့်ပြည်သူတွေကို သတ်ဖြတ်မယ်ဆိုရင် တရုတ်အစိုးရက ဘာတွေကူညီမှာလဲ။ ကိုးကန့် ပြည် သူတွေကို ဘယ်လိုကာကွယ်မှာလဲ။ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ တအောင်းပြည်သူတွေကို ဗုံးကျဲ သတ်ဖြတ်မယ်ဆိုရင် MNDAA ခေါင်းဆောင်တွေဘယ်လို သဘောထားမလဲ။ အခုပြဿနာက တ ရုတ်ပြည်အတွက် အဓိက စီးပွါးရေးကိစ္စလောက်သာဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံတိုင်းရင်း သားလူမျိုးပေါင်းစုံပြည်သူတွေအနေနဲ့ကတော့ စီးပွါးရေးကိစ္စထက် ပိုလေးနက်ကျယ်ဝန်းတယ်လို့ ပြောရမှာဖြစ်ပါတယ်။ နေ့စဥ်ဖက်ဆစ်စစ်တပ်ရဲ့ ဗုံးကြဲသတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေရဲ့ နာကျည်း မှုတွေကို ငွေဆိုတဲ့ စီးပွါးရေးလုပ်ငန်းတွေက ရက်ရက်စက်စက် ဖုံးဖိထားမယ်ဆိုရင် လူ့ကျင့်ဝတ် အရဘဲဖြစ်ဖြစ် တိုင်းရင်းသားချင်းကိုယ်ချင်းစာတရားအရဖြစ်ဖြစ် ပြည်ထောင်စုစိတ်ဓါတ်အရဘဲ ဖြစ်ဖြစ် မှားယွင်းမှုတွေလို့ဘဲ သုံးသပ်ရမှာဖြစ်ပါတယ်။

ကျနော်တို့ အလေးအနက်အကြံပြုလိုတာက MNDAA ခေါင်းဆောင်တွေအနေနဲ့ ကနေ့ ပြဿနာက ရပ်တည်ချက် အမြင် ပြဿနာမဟုတ်ပါဘူး။နည်းနာပြဿနာလို့ ယူဆနိုင်ပါတယ်။ နည်းနာပြဿနာ ဖြစ်တဲ့အလျှောက် ကိုးကန့်ပြည်သူတွေအကျိုး ပြည်ထောင်စုအကျိုးကို အဓိကထားပြီး အခြားကိစ္စ တွေကို လက်အောက်ခံပြဿနာတွေအဖြစ်စဥ်းစားဆုံးဖြတ်ကြဘို့ အလေးအနက် တိုက်တွန်း အကြံ ပြုလိုပါတယ်။ နည်းနာ အားနည်းရင် ရပ်တည်ချက် အမြင်ကို တစုံတရာထိခိုက်နိုင်ပါတယ်။ ကျနော် တို့အမြင်ကတော့ ပြည်ထောင်စုအကျိုးက အဓိက တရုတ်ပြည်စီးပွါးရေးက သာမည သာ ဖြစ်သင့် ကြောင်း လေးစားစွာ အကြံပြုလိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးသွားကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းကို ဦးညွှတ်အလေးပြု လိုက်ပါတယ်။


ကိုအောင်မှိုင်း


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar