ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဂဠုန်ချက်ထားတဲ့ဆား ခါးသကွဲ့
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဂဠုန်ချက်ထားတဲ့ဆား ခါးသကွဲ့
မိုးမခ ၊ ဧပြီ ၂၁ ၊ ၂၀၂၅
မအလကတော့ မဘသတွေကို စည်းရုံးတဲ့အနေနဲ့ သူ့ဓမြဘွဲ့တွေ ပေးပြီ။ နောက် သရေစီးသူဘွဲ့၊ သွားရည်စီးကျတဲ့ကောင်တွေကို ပေးတယ်။ ပြီးတော့ ဝဏ္ဏ ဖော်ပင်။ အဲဒါကတော့ စောက်ရှက်မရှိဆုံးကောင်တွေကို ရွေးပေးတဲ့ဘွဲ့။ သရေစီးသူကျတော့ သူငယ်နာ မစင်သေးတဲ့ကောင်တွေ၊ ဦးနှောက် အရွယ်မရောက်တဲ့ကောင်တွေ၊ ကျပ်မပြည့်တဲ့ကောင်တွေကို ပေးတာ။ နောက် အလကားကျော်စွာ။ အဲဒီကောင်တွေကတော့ အပုပညာတွေကိုပေးတာ။ အနုပညာတော့ မရှိတဲ့ကောင်တွေပေါ့။ အဲဒီတော့ တိုင်းပြည် ငလျင်ကျတာလဲ မပြောနဲ့လေ။ အဲဒီလို ကောင်တွေကြောင့်မို့လဲ ငလျင် လှုပ်ပြီး ချခံရတာ။ နေပြည်တော်မှာ ခေါင်းကောင်းကောင်းချပြီး မအိပ်ရဲတော့တာကိုတောင် ဒီလိုပေါက်ကရရှစ်ဆယ်တွေက လုပ်တုန်း။ ပြောတုန်း။ တိုင်းပြည်ကို စော်ကားတုန်း။ ခုလဲ ငလျင်ဒဏ်ခံရတဲ့မြို့တွေကို green city လုပ်မတဲ့။ ဂရင်းစီတီးဆိုပြီး မြို့ကို အစိမ်းရောင်သုတ်မယ့်ကောင်စားလေ။ ဒီလောက် သတ်ဖြတ် ယုတ်ကန်း စာသင်ကျောင်းတွေ ဈေးတွေကို ဗုံးတလကြမ်းပတ်ကြဲနေတဲ့ သူ့ဒမြကောင်တွေကို သုဓမ္မတွေဘာတွေ သွားလုပ်နေတယ်။ တကယ်က အကုန် အင်္ဂုလိမာလနဲ့ ဒုသနသောတွေချည်း။ ခိုးသားငါးရာအုပ်စုဝင်။
ဘွဲ့ဆိုတာ ချည်တယ်လို့ဆိုလိုတာ။ ဘွဲ့ကြိုးဆိုတာ ချည်ကြိုး။ မြင်းတွေ နွားတွေ ခွေးတွေကို ချည်တဲ့ကြိုး။ကိုယ်သွားစေချင်တဲ့နေရာ သွားခိုင်းပြီး ကိုယ်ထမ်းစေချင်တဲ့ဝန် ထမ်းခိုင်းဖို့ ချည်တာလေ။ အဲဒါကြောင့်မို့ သရေကြိုးအရူးပါးက ဘွဲ့ချည်တာ။ သူ့နားက ဘယ်မှ ထွက်မပြေးရအောင် ချုပ်တာ။ ခိုင်းချင်တဲ့အချိန် ခိုင်းချင်းတာ ခိုင်းရအောင် ထားတာ။ အဲဒီတော့ ဘွဲ့ပေးတယ်ဆိုတာ နဖားကြိုးထိုးလိုက်တာပါပဲ။ သူ ကိုက်စေချင်တဲ့ဆီ လက်ညှိုးထိုးပြမယ်၊ လိုက်ကိုက်ပေးရမယ်။ သူဟောင်စေချင်တဲ့ဟာကို ဝိုင်းဟောင်ပေးရမယ်။ သူ အူစေချင်တဲ့အသံမျိုးတွေ ဝိုင်းအူပေးရမယ်။ သူလဲ အူ။ သူခိုင်းတဲ့ကောင်တွေလဲ အူပေါ့။ အအူသံပြိုင် အဟောင်သံပြိုင်လုပ်ဖို့ ဒီဘွဲ့တွေ ပေးထားတာ။
အဲဒီတော့ အဲဒီအခြေနေမှာ တဖက်ကလဲ "ဘုန်းဘုန်းတို့ ကယ်ပါဦး" ဆိုတဲ့ ပုံစံ၊ မဘသတွေကို ဖားတဲ့အထာနဲ့ အဲဒီ သူ့ဓားပြဘွဲ့တွေကို ရှောက်ပေးတာ။ မဘသတွေကလဲ သူတို့ ကယ်ဖို့မပြောနဲ့ သူ့ဟာသူကို အကုန်လုံးက တိုင်ပတ်ကုန်တာ။ သူတို့တဖွဲ့လုံး "ကိုယ့်ဒုက္ခနဲ့ကိုယ်" "မင်းဒုက္ခနဲ့ မင်း" "ငါ့ ဒုက္ခနဲ ငါ" ဖြစ်သွားကြတာ။
နဂိုတုန်းက ဒီတိုင်းပြည်မှာ ဖြစ်နေတဲ့ စစ်ဘေး စစ်ဒဏ်တွေက တဖက်သပ်ခံနေရတာလေ။ နဂိုက ဒီတိုင်းပြည်ကြီးထဲမှာ စစ်အုပ်စုနဲ့ခရိုနီလူတန်းစားတခုက ဒီ ဒုက္ခသုက္ခတွေနဲ့ ဘာမှ မပတ်သက်ဘူး။ ကျန်တဲ့လူတန်းစားတွေက ဒီဒုက္ခသုက္ခတွေကို မတရားသဖြင့် မတန်တဆခံနေရတာ။ အဲဒီအချိန်မှာ ဒီငလျင်ကြီး လာလိုက်တဲ့အခါကျတော့ ဒုက္ခသုက္ခတွေက သူတို့အားလုံးအပေါ်မှာ တပြိုင်နက် ကျရောက်သွားတယ်။ ဘယ်သူ့ ဘယ်သူမှလဲ မကယ်နိုင်တော့ဘူး။ မကူနိုင်တော့ဘူး။ အဲ့လို ဖြစ်ကုန်တာ။ လူထုကတော့ ကိုယ့်အသိလေးနဲ့ကိုယ်ပေါ့။ "ငါတို့အချင်းချင်းမှ မကူညီရင် ဘယ်သူမှ မရှိဘူး။ ငါတို့မှာ ငါတို့ပဲ ရှိတယ်" ဆိုပြီး အပြန်အလှန်စောင့်ရှောက်ကြတာကိုး။ တော်လှန်ရေးသမားတွေကလဲ စစ်ရေးက ကိုယ် အသာစီးရနေပေမဲ့လို့ လူထု ဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ရမယ်ဆိုပြီး အတိုက်အခိုက်ရပ်ထားတာ။ ဒါတောင် ဟိုကောင်က အစက မရပ်ဘူး။ နောက်မှ သူက နိုင်ငံတကာကို လက်ဖြန့် အကူညီတောင်းချင်တဲ့အခါမှ၊ သူပါ တာလပတ်နန်းထဲ စံမြန်းရမှ၊ သူ့ဟာတွေ အကုန်ပြိုပျက်သွားတဲ့အခါကျတော့မှ ဒီကောင်က ရပ်မယ်တွေ ဘာတွေ လုပ်တော့တာ။ မဟုတ်ရင် သူ့ကောင်တွေကပါ သူ့ကိုဖုတ်ကျည်းသင်္ဂြိုဟ်တော့မှာ။
ဒါပေမဲ့ လူယုတ်ထုံးစံမဖျက် စစ်အုပ်စုက ပါးစပ်နဲ့ပဲ ရပ်တယ်။ ထုံးစံအတိုင်း ကရုဏာရိပ်ကိုခိုပြီး လေတပ်နဲ့ အကုန်လုံးကို ဗုံးပတ်ကြဲနေတာ။ တရက်မှ မနားဘူး။ သင်္ကြန်တွင်းဆို လူစည်တဲ့ဥပုသ်ကျောင်း ကြဲတာ၊ အခါပြီးတော့ ဈေး။ သွေးအလိမ်းလိမ်းနဲ့ ကလေးတွေ မြင်ရမှ အိပ်ပျော် စားဝင်တဲ့စိတ္တဇတပ်လေ။
အဲဒီလို လုပ်နေတဲ့ ကောင်တွေကို ကမ္ဘာမြေကြီးက ဘာကိစ္စ ဆက်ထားတော့မလဲ ခါချတာပေါ့နော်။ ကျန်တဲ့လူထုကတော့ မျှခံရတာပေါ့။ ဒီကောင်တွေ ကျဆုံးသွားမယ်ဆိုရင် လူထုကလည်း ငါတို့ မျှခံရတာတာ တန်ပါတယ် ခံနိုင်ပါတယ်ဆိုတဲ့ စိတ်က အကုန်လုံးမှာ ရှိကြတယ်။ လူထုကတော့ သူတို့ ပြုတ်ကျမယ်ဆိုရင် ကိုယ့်ဒုက္ခကိုတောင် ဘယ်တော့မှ ဒုက္ခလို့ မမှတ်ဘူး။ ဒီကောင်တွေ ပြုတ်ကျဖို့ကပဲ အရေးကြီးတယ်ပေါ့။ အဲဒါကြောင့်မလို့ လှုပ်ချလိုက်တဲ့ ငလျင်ကိုတောင် "ကျေးဇူးတင်တယ်"မပြောရုံတမယ် လူတွေရှိတယ်။
ကိုယ့်တိုက်တွေ ပြိုသွားပေမဲ့လို့ ကိုယ့်စီးပွားတွေ ထိခိုက်သွားပေမဲ့လို့ သူတို့အာဏာအသိုက်အမြုံကြီး တုန်ခါပြိုလဲသွားတယ်ဆိုတော့ "သြော် ရတယ်" ဘဲ။ အခု ငလျင်က စစ်အုပ်စုရဲ့စိုးမိုးနယ်မြေကို ကွက်ပြီးလှုပ်လိုက်သလိုပဲ။ သူတို့စိုးမိုးနယ်မြေတွေထဲကို ငလျင်က ဝင်ပြီးတော့ ကူတိုက်ပေးသလို ဖြစ်သွားတယ်။ သူတို့အခြေအနေက သိသိသာသာ ဆိုးရွားသွားလို့ နိုင်ငံတကာအကူနဲ့မှ သူတို့ အသက်ရှူလို့ရတော့မှာမို့ ပြည်သူ့ဒုက္ခကို နာမည်ခံပြီး ကူပါ ကယ်ပါ၊ NUG နဲ့ PDF နဲ့ပါ ဆွေးနွေးပါ့မယ်နဲ့ တိုင်းပြည်အကျိုး လိုလားသယောင်တွေ ချက်ချင်းလက်ငင်း ဖြစ်သွားတယ်။
ဌာနချုပ် ပြိုပျက်သွားပြီ။ ယိုင်နဲ့ သွားပြီဆိုတော့ ဒီကောင်မှ သွေးမပျက်ရင် ဘယ်ကောင် ပျက်မလဲ။ အဲဒီမှာ သူ ပေါက်ကရဘွဲ့တွေ ရှောက်ထပ်ပေးပြီးတော့ ခိုင်းလို့ရသလောက် ထပ်ခိုင်းစားဖို့ ကြံတာ။ ကောက်ရိုးလေးတမျှင်ပေါ့လေ။ မြေနစ်ပြီ မဟုတ်လား။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar