လားရှိုးမြို့ အလွှဲအပြောင်း နဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၀ မြင်ကွင်း
မိုးမခ၊ ဧပြီ ၂၁၊ ၂၀၂၅
လားရှိုးမြို့ အလွှဲအပြောင်း နဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ
MNDAA လို့ အတိုကောက်ခေါ်ဆိုတဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့နဲ့ စစ်ကောင်စီတို့ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းမှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဆွေးနွေးခဲ့ကြတဲ့ ဆွေးနွေးပွဲရဲ့ ရလဒ် အဖြစ် လားရှိုးမြို့ကို စစ်ကောင်စီရဲ့ လက်ထဲပြန်လည်လွှဲပြောင်းပေးဖို့ ဆိုတဲ့ သဘောတူညီချက်က အခုအခါမှာ ပုံပေါ်လာပြီဖြစ်ပါတယ်။
သင်္ကြန်မတိုင်ခင် ရက်အနည်းငယ်အလိုမှာ မြို့ပေါ်က အရပ်ဖက်အုပ်ချုပ်ရေး ရုံးတွေ၊ ပြည်သူ့ဝန်ဆောင်မှု ဖြစ်တဲ့ ကျန်းမာရေးဆေးရုံတွေ၊ လျှပ်စစ်ဓာတ်အားပေးရေးဌာနတွေက ပစ္စည်းတွေကို စတင်ရွှေ့ပြောင်းချိန်မှာ လားရှိုးမြို့ကို ပြန်လည်လွှဲပြောင်းပေးမယ့် အစီအစဥ်က မဝေးတော့တဲ့ သီတင်းပတ်အတွင်း ဖြစ်ပေါ်တော့မယ် ဆိုတာ အားလုံးက အငြင်းပွားစရာမရှိအောင် လက်ခံလာကြတာဖြစ်ပါတယ်။
ဇန်နဝါရီနှောင်းပိုင်းကာလမှာ သတင်းဌာန ၁ ခုက လားရှိုးမြို့ကနေ MNDAA ဇွန်လနောက်ဆုံးထားပြီး ပြန်ဆုတ်ပေးဖို့ သဘောတူတယ်လို့ ရေးသားဖေါ်ပြခဲ့ပြီး ဒီသတင်းနဲ့ပတ်သက်လို့ သီးခြား အတည်ပြုနိုင်ခြင်း မရှိတာကြောင့် အချို့သော သတင်းဌာနတွေက လားရှိုးမြို့မှာ အခြေစိုက်ထားတဲ့ MNDAA တပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးမှာ ပါဝင်နေသူတွေကို မေးမြန်းကြတဲ့အခါ ၄င်းတို့အနေနဲ့ ဆုတ်ခွာရမယ့် သဘောတူညီမှုနဲ့ ပတ်သက်လို့ လုံးဝ မသိရှိထားကြောင်းနဲ့ ပုံမှန်အတိုင်း အုပ်ချုပ်ရေးတွေ လုံခြုံရေးတွေ လုပ်ဆောင်နေကြောင်းသာ ထုတ်ဖော်ပြောဆိုကြကြောင်း သတင်းဖော်ပြမှုတွေ ရှိခဲ့တာပါ။
အဲဒီကာလမှာ တာမိုးညဲမှာ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်မှာ တရုတ်နိုင်ငံက ကိုယ်စားလှယ်တဦးက အခမ်းအနားမှာ ပြောကြားနေတဲ့ ဗီဒီယိုနဲ့အတူ လားရှိုးမြို့ကနေ MNDAA ဆုတ်ခွာမယ့် သတင်းတွေကို တွဲဖက်ပြောဆိုခဲ့ကြတာလည်းတွေ့ရပါတယ်။
သင်္ကြန်နှစ်ဆန်းတရက်နေ့မှာတော့ လားရှိုးမြို့ အလွှဲအပြောင်းမှာ ကြားက စောင့်ကြည့်တာ၊ ကြားဝင်ညှိနှိုင်းတာတွေ အတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းကိုယ်တိုင် လာရောက်တဲ့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးကိစ္စမှာ နိုင်ငံခြားအစိုးရအဖွဲ့အစည်းက တာဝန်ရှိသူက သက်သေ အဖြစ် ပါဝင်ပတ်သက်နေတဲ့ သာဓကဟာ ဖြစ်နေကျ အဖြစ်အပျက်လို့တော့ မဆိုနိင်ပါဘူး။ နိုင်ငံရဲ့ အချုပ်အချာအာဏာကို တွင်တွင်ပြောလေ့ရှိတဲ့ စစ်တပ်အနေနဲ့ အခုလို တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံထဲ နယ်စပ်ကနေတဆင့် လာရောက်ကာ လွှဲပြောင်းမှုမှာ သက်သေ အဖြစ်လာရောက်တဲ့ အခြေအနေကို ပုံမှန်ကာလမျိုးမှာ လက်ခံမှာ မဟုတ်တာ သေချာပါတယ်။ စစ်ရေးအရ ရှုံးနိမ့်ပြီး နယ်မြေတွေ ဆက်တိုက် လက်လွှတ်ဆုံးရှုံးပြီးနောက်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကို လိုလိုလားလား လက်ခံခဲ့တာ ဖြစ်ပါတယ်။
ယမန်နှစ် သြဂုတ်လကုန်ပိုင်း ဝ ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့က ကိုယ်စားလှယ်တွေနဲ့ အစည်းအဝေး မှတ်တမ်းပေါက်ကြားခဲ့စဥ်ကလည်း လားရှိုးကို MNDAA သိမ်းယူခြင်းနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ လုံးဝသဘောမတူ ကန့်ကွက်တဲ့ တရုတ်ကိုယ်စားလှယ် တိန့်ရှီကျွင်းရဲ့ ပြောဆိုမှုတွေ ပါရှိခဲ့တာတွေ့ရမှာပါ။ ဒီအစည်းအဝေးမှတ်တမ်း ပြောဆိုမှုတွေအရဆို မြန်မာစစ်တပ်ကို တရုတ်နိုင်ငံက ထောက်ခံအားပေးရခြင်းရဲ့ အကြောင်းရင်းက မြန်မာ့တပ်မတော်ပြိုကွဲလို့မရ လုံးဝရှုံးနိမ့်သွားပြီး ဗဟိုချုပ်ကိုင်မှုပျက်စီးသွားလို့ မရဘူးဆိုတဲ့ သဘောထားကို ဝ ခေါင်းဆောင်တွေကို ပြောဆိုခဲ့တာတွေ့ရမှာပါ။ တရုတ်နိုင်ငံဟာ ၄င်းရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေး စစ်ရေး အကြပ်အတည်းတွေရဲ့ အကျိုးဆက်နဲ့ ပတ်သက်လို့ ၄င်းတို့မှာ တစုံတရာ လုပ်ပိုင်ခွင့် ထိန်းကျောင်းခွင့်ရှိတယ်လို့ ခံယူထားတဲ့ သဘောလို့ဆိုရင် မှားမယ်မထင်ပါ။ အင်အားကြီးနိုင်ငံတွေ ရဲ့ သဘာဝအတိုင်း ၄င်းတို့နိုင်ငံတွေရဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံတွေမှာ မတည်မငြိမ်ဖြစ်ခြင်း၊ ဆန့်ကျင်ဘက် ဖြစ်တဲ့ နိုင်ငံကြီးတွေရဲ့ ခြေကုပ်စခန်း အဖြစ်မကျရောက်စေရေးတို့အတွက် နည်းလမ်းတမျိုးမျိုးနဲ့ ကြံစည်လုပ်ဆောင်ကြမယ့် သဘောလည်း ဖြစ်ပါတယ်။
အချို့သော နိုင်ငံရေးသမားတွေ၊ လေ့လာသုံးသပ်သူတွေက တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံဖြစ်မှာကို မလိုလားဘူး ဆိုတဲ့ ယူဆချက်အပေါ် အခြေခံပြီး စဥ်းစားပြောဆိုကြပါတယ်။ အမှန်တကယ်မှာတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံဒီမိုကရေစီ စနစ်ကျင့်သုံးခြင်း မကျင့်သုံးခြင်းထက် မြန်မာနိုင်ငံမှာ ဗဟိုချုပ်ကိုင်မှု စုစည်းမှု ပျက်ပြားပြီး လက်နက်ကိုင်တိုက်ခိုက်မှုတွေ မတည်မငြိမ်ဖြစ်မှုတွေကို မလိုလားတဲ့ သဘောလို့ ကောက်ချက်ချရင် ပိုမှန်ပါလိမ့်မယ်။ မူဝါဒတွေထက် တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးလိုလားတဲ့ အစိုးရ၊ နိုင်ငံကိုကောင်းစွာထိန်းချုပ် အုပ်ချုပ်နိုင်တဲ့ အစိုးရဖြစ်ဖို့သာ ဦးစားပေးတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၁၆-၂၀၂၀ ခုနှစ်တွေမှာ မြန်မာအစိုးရခေါင်းဆောင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့တာဖြစ်ပါတယ်။ BRI နဲ့ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အပါအဝင် သဘောတူညီမှုစာချွန် ၃၀ ကျော် လက်မှတ်ထိုးခဲ့တာလည်း အဆိုပါကာလမှာ ဖြစ်ပါတယ်။
ဒါတွေက ၂၀၂၁ ဖေဖေါ်ဝါရီလမတိုင်ခင်ကာလတွေ ဖြစ်ပြီး ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ၂၀၂၄ သြဂုတ်လ နောက်ပိုင်း စတဲ့ အချိန်ကာလတွေက မြန်မာနဲ့ ပတ်သက်တဲ့ မူဝါဒ အပြောင်းအလဲတွေ ရှိခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။
MNDAA ရဲ့ စစ်ဆင်ရေး လားရှိုးထိရောက်လာတာ နဲ့ TNLA ရဲ့ ကျောက်မဲ၊ သီပေါ၊ နောင်ချိုထိ ရောက်လာတဲ့ စစ်ဆင်ရေးတွေကို တရုတ်နိုင်ငံက ထိန်းဖို့ ကြိုးစားလာတာ ထင်ထင်ရှားရှားတွေ့ရပြီး နေပြည်တော်အနေနဲ့ ရှမ်းမြောက်က ပြိုဆင်းလာတဲ့ ထိုးစစ်တွေကို အနိမ့်ဆုံး ယာယီဖြစ်စေ ရပ်တန့်စေဖို့ တရုတ်နိုင်ငံရဲ့ အကူအညီကို ရယူခဲ့ရတာဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီကို ရွေးကောက်ပွဲလုပ်ဖို့ ပြန်လည် ဖိအားပေးခဲ့တယ်လို့ ယူဆစရာ ရှိပြီး စစ်ကောင်စီအနေနဲ့ ၄ နှစ်နီးပါး ရွှေ့ဆိုင်းလာခဲ့တဲ့ ရွေးကောက်ပွဲကို ၂၀၂၅ နှစ်ကုန်မှာ လုပ်ဆောင်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေက MNDAA အနေနဲ့ အခုလို လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်လွှဲပေးရတဲ့ အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။ MNDAA အနေနဲ့လည်း ပင်မမြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲမှာ ပါဝင်လှုပ်ရှားတာထက် ၄င်းတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ရည်မှန်းထားတဲ့ လိုလားချက်တွေ ရရှိဖို့ကသာ အဓိကဖြစ်ပါတယ်။ အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလည်း အလားတူ သဘောထားရှိကြတာတွေ့နိုင်ပါတယ်။ ဗမာလူမျိုးအများစုနေထိုင်ကြတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း၊ အောက်ပိုင်း အထက်အညာတို့လို ဒေသတွေက နိုင်ငံရေးကို တိုင်းရင်းသားလူမျိုး အများအပြားက ထဲထဲဝင်ဝင် ပါဝင် မပတ်သက်လိုကြဘဲ မိမိတို့ ဒေသမှာ ကိုယ်ပိုင် ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်ရှိဖို့ကိုသာ အဓိက ထားကြတာ တွေ့ရမှာပါ။
ဒီအနေအထားကြောင့်လည်း MNDAA အနေနဲ့ စစ်ရေးအရ အောင်မြင်မှုတွေ အတိုင်းအတာတခုမှာ တရုတ်နိုင်ငံရဲ့ ဇက်သတ်ဖို့ ဖိအားပေးတိုက်တွန်းမှုကို လက်ခံပြီး အပစ်ရပ်သဘောတူခဲ့တာလို့ ယူဆနိုင်ပါတယ်။ ဒီအနေအထားမှာ သိမ်းယူထားတဲ့ လားရှိုးမြို့ ပြန်ပေးဖို့ သဘောတူခဲ့ပြီး သိမ်းယူထားတဲ့ မြို့တွေဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ဖို့နဲ့ ထိုးစစ်မဆင်ဖို့ သဘောတူခဲ့တဲ့ အခြေအနေလို့ မှန်းဆကြည့်နိုင်ပါတယ်။ ၂၀၂၅ ဇန်နဝါရီ ကူမင်း သဘောတူညီမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီ နဲ့ MNDAA နှစ်ဖက်လုံးက ထုတ်ဖော်ပြောဆိုခြင်း မလုပ်ဖို့ သဘောတူထားကြတာ ဖြစ်လို့ အတိအကျတော့ ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar