ကိုသန်းလွင် - သေနေ့ကို ရွေးချယ်ခြင်း
ကိုသန်းလွင် - သေနေ့ကိုရွေးချယ်ခြင်း
မိုးမခ ၊ ဧပြီ ၂၁ ၊ ၂၀၂၅
(၁)
၂၀၁၄ ခုနှစ် မတ်လ ၁၉ ရက်နေ့က ကျွန်တော်တို့သည် စိတ်ပညာရှင်နှင့် နိုဗယ်ဆုရှင် ဒယ်နီရယ် ခါနီမန် (Daniel Kahneman) သို့ အီးမေးလ်တစ်စောင်ပေးပို့ခဲ့ပါသည်။ ကျွန်တော်တို့အသံလွှင့်ဌာန (ထိုက်တန် သော ဘဝများ) နှင့်မေလတွင် အင်တာဗျူးရန် ဖိတ်ခေါ်ခဲ့ပါသည်။ သူ့ထံမှ ချက်ချင်း စာပြန်လာသည်မှာ ထိုနေ့တွင် သူ မရှိတော့ပြီဖြစ်ကြောင်း၊ သူသည် ဆွစ်ဇာလန်နိုင်ငံသို့ သွားရန်ရှိပါသည်။ သူ့အသက် ၉၀ အရွယ် ကျန်းမာနေဆဲ ဖြစ်သည်။ သူသည် မတ်လ ၂၇ ရက်တွင် ထောက်ပံ့မှုနှင့် သေရန် (Assisted Dying ) ရှိသည် ဆိုပါသည်။
သူ့ရည်ရွယ်ချက်ကို ရှင်းပြရန်အတွက် ပရော်ဖက်ဆာကြီးက စာတစ်စောင် ရေးပေးလိုက်ပါသေးသည်။ “ကျွန်တော်ဟာ ဆယ်ကျော်သက် ကာလကတည်းက ယုံကြည်ချက်တစ်ခု ရှိခဲ့တယ်။ အဲ့ဒီဟာက လွန်ခဲ့တဲ့ ရက်တွေက ကျွန်တော် ခံစားခဲ့ရတဲ့ မချမ်းမြေ့မှုနဲ့ မဖွယ်မရာဖြစ်ရမှုတွေဟာ ပိုပြီး များလာသလိုပဲ။ ဒီအယူအဆတွေပေါ်မှာပဲ အခြေခံပြီး ဆုံးဖြတ်တယ်၊ ကျွန်တော်ဟာ အခုအချိန်အထိ တက်ကြွဆဲပါ။ ဘဝရဲ့ ပျော်ရွှင်စရာအချိန်တွေမှာ ပျော်ရွှင်ဆဲပါပဲ (နေ့စဉ် သတင်းတွေတော့ မပါဘူးပေါ့) ကျွန်တော် ပျော်ပျော်ကြီးကြီး သေသွားချင်တယ်။ ကျွန်တော့် ကျောက်ကပ်ဟာ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ။ စိတ်ထဲမှာ ကွက်လပ်ကို ဖြစ်တာဟာလည်း အကြိမ်များများလာတယ်။ ကျွန်တော်ဟာ အသက် ၉၀ ရှိပါပြီ။ သွားချိန်တန်ပါပြီ” ဟုဆို သည်။
“ကျွန်တော်ကို ချစ်တဲ့လူတွေက တားမြစ်ကြပါတယ်။ ကျွန်တော့်ရဲ့ ဘဝဟာ ဆက်လက်နေဖို့ အကျိုးမထူးတော့ပါဘူး ဆိုတဲ့ အခြေအနေရောက်အောင် စောင့်ပြီးမှ သွားဖို့ ပြောကြတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာ စိတ်မပါဘဲ ဖြစ်ဖြစ်၊ ကျွန်တော့်ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့ သဘောတူညီကြပါတယ်” ဟု ဆိုသည်။
ကျွန်တော်တို့ကလည်း ပရော်ဖက်ဆာကြီးကို ကန့်ကွက်စကား မပြောဆိုမိပါ။ သို့သော်လည်း နောက်ဆုံး အင်တာဗျူးကို လူတွေအတွက် အသက်ရှင်နေတုန်းမှာ ကောင်းကောင်းနေနိုင်ဖို့၊ အခွင့်အရေး ရှိစဉ်မှာ ကြိုးစားဖို့ ပြောစေချင်ပါသည်။ သူက ကျွန်တော်တို့ရဲ့ ဖိတ်ခေါ်မှုကိုလက်ခံခဲ့သည်။ သူ့ဘဝကို အဆုံးစီရင်တော့မည့်အကြောင်း ကလွဲ၍ ဆွေးနွေးရန် သဘောတူခဲ့ပါသည်။
စီစဉ်ထားသည့်အတိုင်း အင်တာဗျူးကို မတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြပါသည်။ သူသည် အမြဲပျော်ရွှင်နေပြီး တက်ကြွနေဆဲ ဖြစ်ပါသည်။ သူသည် နောက်နေ့တွင် ကျွန်တော်တို့ထံစာရေးလာခဲ့ရာ သူသည် စကား ပြောရသည်ကို အလွန်ပျော်မွေ့ကြောင်း ပြောပါသည်။ ကျွန်တော်တို့ သူ့ထံမှ နောက်ထပ် မကြားရတော့ပါ။ ကြိုတင်စီစဉ်ထားသည့်အတိုင်း မတ်လ ၂၆ ရက်နေ့တွင် ပြင်သစ်ပြည်မှ ဆွစ်ဇာလန်နိုင်ငံသို့ တစ်ဦးတည်း ထွက်ခွာခဲ့သည်။ ပြင်သစ်ပြည်တွင် သမီးဖြစ်သူ ကျန်ခဲ့ပါသည်။ ပြင်သစ်မှာ နေစဉ် သူ ငယ်စဉ်က ကြီးပြင်းခဲ့ရာ မြို့ငယ်လေးသို့လည်း သွားရောက်လည်ပတ်ခဲ့ကြပါသည်။ သူသည် မတ်လ ၂၇ ရက်နေ့တွင်မှု ဆွစ်ဇာလန်ပြည် ပီဂါဆော့ (Pegasos) ဆေးခန်းတစ်ခုတွင် သူ့ဘဝကို အဆုံးစီရင်သွားခဲ့ပါသည်။
ထိုစဉ်က ကြေညာခဲ့သည်မှာ ပရော်ဖက်ဆာကြီး သေဆုံးပုံ၌ အသေးစိတ်များ မပါဝင်ပါ။ သူသည် သေဆုံးသွားပြီဖြစ်ကြောင်း၊ နေရာနှင့် သေဆုံးသွားပုံတို့ကို သူ့မိသားစုဝင်များက မပြောကြ၍ ဘယ်သူမှ မသိကြရပါ။ ယခု တစ်နှစ်ကျော် ကြာလာမှ အသေးစိတ်ကို လူများသိကြပြီဖြစ်ရာ ကျွန်တော်တို့ကလည်း ပြောစရာရှိသည်များကို ပြောကြားရမည် ဖြစ်သည်။
(၂)
နိုင်ငံပေါင်းများစွာနှင့် အမေရိကန်ပြည်မှ ပြည်နယ်ဆယ်ခုတို့တွင် (Euthanasia) မိမိဘာသာ စိတ်ကြိုက် သေခြင်းကို ခွင့်ပြုကြသည်။ ကုသ၍မရသော ရောဂါကို ခံစားရခြင်း၊ မိမိ၌ ဝေဒနာကြောင့် ဘဝကို ချမ်းချမ်းသာသာ မနေနိုင်တော့ခြင်း စသည့်ရောဂါဝေဒနာရှင်များကို ဆရာဝန်များ အကူအညီဖြင့် ကိုယ့်ဘဝကိုအဆုံးစီရင်ခြင်းဖြစ် သည်။ သို့သော် ကျန်းမာနေသူများ၊ သူတို့ဘဝကို ပြီးပြည့်စုံပြီဟုယူဆနေသူများအား သေရန်ခွင့်ပြုခြင်းမှာ အငြင်းပွားဖွယ်ကိစ္စ ဖြစ်သည်။
ပရော်ဖက်ဆာ ခါနီမန်းသည် ဆွစ်ဇလန်နိုင်ငံသို့ သွားရခြင်းမှာ ကျန်းမာနေသူများ၊ သေဆုံးရန် ဆုံးဖြတ်ချက်ချသူများကို ဘေးမှအကူအညီနှင့် သေခွင့်ပေးနေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် နိုင်ငံအတွင်း၌ အမြဲ နေထိုင်သူများ ဖြစ်ရန်မလိုပါ။
မတ်လ ၅ ရက်နေ့က အသက် ၉၀ ပြည့်ခဲ့ပြီဖြစ်သော ပရော်ဖက်ဆာ ခါနီမန်းက သူ့ဘဝသည် ပြီးပြည့်စုံပြီဟု ယူဆသူ ဖြစ်သည်။ ပရင့်စတန်တက္ကသိုလ်တွင် ဆရာလုပ်ရင်း သူ၏ ပရော်ဖက်ရှင်အတွက် များစွာအထောက် အကူဖြစ်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်များက သူသည် လူ့အပြုအမူဆိုင်ရာ စီးပွားရေးပညာ (Behavior Economics) ဘာ သာရပ်ကို ဦးဆောင်၍ လူတို့၏ ဆုံးဖြတ်ချက်များဆိုင်ရာ အပြုအမူများကို လေ့လာခဲ့သည်။ ၂၀၁၁ ခုနှစ်က ထုတ်ဝေသော Thinking Fast and Slow စာအုပ်မှာ အပြည်ပြည်ဆိုင်ရာတွင် အရောင်းရအတွင်ကျယ်ဆုံး စာအုပ်ဖြစ်ခဲ့သည်။
သူသည် အသက်အရွယ်ကြီးရင့်လာသော်လည်း သုတေသနှင့် စာရေးခြင်းလုပ်ငန်းကို လုပ်ကိုင်နေဆဲ ဖြစ်သည်။ ပရိသတ်ကို ကောင်းမွန်သော ဆုံးဖြတ်ချက်များ ချနိုင်ရန် အကြံများပေးနေဆဲ ဖြစ်သည်။ သူ ကျွမ်းကျင်သောပညာရပ်ကို လေ့လာရင်း မိသားစုမိတ်ဆွေများနှင့်လည်းပျော်ရွှင်စွာ နေထိုင်နေဆဲဖြစ် သည်။ ထိုအကြောင်း အရာများသည် အဘယ်ကြောင့် သူ့ဘဝကို ဆက်လက်နေထိုင်ရန် ခိုင်လုံသော အကြောင်းပြချက်များ မဖြစ်ရပါသ နည်း။
အဖြေမှာ သူနှင့် အင်တာဗျူးလုပ်ရင်း နောက်ဆုံးပိုင်းတွင် တွေ့နိုင်ပါသည်။ သူက “ သူ့အလုပ်သည် သူ့ကို မည်သည့်ရည်ရွယ်ချက်မှ အောင်အောင်မြင်မြင် ဖြစ်အောင် အကူအညီမပေးခဲ့ပါဘူး” ဟု ဆိုသည်။
“အခြားလူတွေကတော့ အလုပ်တွေက အရေးကြီးတယ်၊ လူသားတွေ ကောင်းဖို့ ဖြစ်တယ်လို့ ပြောကြတယ်၊ ကျွန်တော်အဖို့ကတော့ မိုးလင်းလာရင် အလုပ်လုပ်ဖို့ပဲ၊ အလုပ်လုပ်ရတာကို စိတ်ဝင်စားတယ်” ဟုဆိုသည်။
သူ့အလုပ်တွေက လူတစ်ယောက်ရဲ့ဘဝကို ကောင်းကျိုးပြုသည်ဟု လူတွေက ပြောကြသည်။ သို့သော် သူက-
“ကျွန်တော်ဟာ ကျွန်တော့်ဘဝကို ကောင်းကောင်းနေခဲ့ပြီလို့ ယူဆပါတယ်”
“ကျွန်တော်ဟာ လုပ်ပြီးသမျှကို ကျေနပ်အားရပါတယ်။ လေးလေးနက်နက် စဉ်းစားကြည့်လျှင် ကျွန်တော့်ဘဝက သတ်သတ်ပါ၊ သူတို့နဲ့ ဘာမှ မဆိုင်ပါဘူး၊ စကြာဝဠာကြီးကို ကြည့်လိုက်လျှင် ဒီလို ရှုပ်ထွေးပုံမျိုးနဲ့ ကျွန်တော် လုပ်ရတဲ့ အလုပ်နဲ့ ဘာမှမဆိုင်ပါ” ဟု သူ့အယူအဆကို ပြောသည်။
ကျွန်တော်တို့အနေနှင့် စကြဝဠာကြီး၏ကြီးမားကျယ်ပြန့်ပုံနှင့် လူတစ်ယောက် ၏အလုပ်သည် ဘယ်လို ဆိုင်ပါသည် မပြောနိုင်ပါ။ ပရော်ဖက်ဆာ၏ အလုပ်သည် လူသားတစ်ရပ်လုံးကို အကျိုးပြုနေသည်ဟု ထင်သည်။
သို့သော် သေချာစဉ်းစားကြည့်ပါက လူတစ်ယောက်၏ဘဝသည် ပြီးပြည့်စုံပါပြီဟု စဉ်းစားဆုံးဖြတ် သည် ဆိုပါစို့၊ သည်အမြင် သေချာပြီဆိုလျှင် သင့်ဘဝအတွက် အကောင်းဆုံးကို ရွေးချယ်ရန်မှာ သင့်တာဝန်ဘဲ ဖြစ်သည်။ ဤအချက်မှာ အသက်ရွယ်ကြီးရင့်လာခြင်းဖြင့် ဘဝကို တိုးတက်အောင်မလုပ်နိုင်တော့ဘူး ဟု ဆိုသည်ကို သေချာဖို့လိုအပ်ပါသည်။
သို့သော် သေဆုံးခွင့် ရှိ၊ မရှိဆိုသည့် ပြဿနာလည်း ရှိပါသေးသည်။ အချိန် အသက်အရွယ် ကြီးရင့်သူတို့မှာ ဘဝကိုနေထိုင်ရန် ပျင်းရိလာပြီဆိုလျှင် စိတ်ပညာဆိုင်ရာပညာပေး (Counseling) လုပ်ရန်လိုပါ သည်။ ဤသို့ဖြင့် စိတ်ပြောင်းလဲသွားနိုင်ပါသည်။ ဤကိစ္စမျိုးတွင် ဆေးကုသသည့် ဆရာဝန်များ ဘယ်ဆေးသုံးရမည်ကို မသိသဖြင့် မပါသင့်ပါ။ အသက်ကြီးသူများမှာ ဆေးကုမရသည့်ရောဂါ ဖြစ်နေလျှင် သူ့ကို ပြုစုသူများကိုငဲ့ညှာခြင်းဖြင့် သေရန်ဆုံးဖြတ်နိုင်ပါသည်။ ဒေါက်တာများ ပါဝင်ရန် သင့်၊ မသင့် ဆိုသည်မှာ များသောအားဖြင့် လူနာသည် ကုသ၍မရသော ဝေဒနာကိုခံစားရခြင်း ရှိ၊ မရှိ ဆိုသော မေးခွန်းကိုဖြေဆိုရန် ဖြစ်သည်။ ဒေါက်တာများကသာ ဆေးသုံးပိုင်ခွင့်နှင့် သေလက်မှတ်ကို ထုတ်ပေးနိုင်သော ကြောင့် ဖြစ်သည်။ ဤနေရာ၌ ဆက်၍တင်ပြရန်မှာ သေရန်ဆန္ဒရှိသူများကို စစ်ဆေးရန် ပရော်ဖက်ရှင်တစ်ခုကို တီထွင်သင့်ပါသည်။
မိသားစုအပေါ် ဝန်မတက်စေရန်ဆိုသောအချက်ကို နားလည်ကြပါသည်။ သို့သော် ဤကိစ္စတစ်ခုတည်းကြောင့်သေရန် ခွင့်မပြုသင့်ပါ။ အော်ရီဂင် (Oregon ) တွင် ဤကဲ့သို့ သေခြင်းကို အကူအညီပေးခြင်းအတွက် ကိစ္စများကို နှစ်စဉ် ပြန်၍ လေ့လာရပါသည်။ ယမန်နှစ်က မိသားစုကြောင့် သေရန် ဆုံးဖြတ်ရမှု ၄၂% ရှိပါသည်။ သို့ သော် ဘာမှ လုပ်ကိုင်နိုင်စွမ်းမရှိတော့သည့် ကိစ္စကြောင့်နှင့်စာသော် မပြောပလောက်ပါ (၈၉%)။ ဘဝကို ဆက်လက်နေထိုင်ရန် ဆန္ဒမရှိတော့ခြင်း (၈၈%) ဂုဏ်သိက္ခာမရှိတော့သလို ဖြစ်ခြင်းမှာ (၆၄%) ဖြစ်သည်။
ပရော်ဖက်ဆာ ခါနီးမန်းက သေရန်ဆုံးဖြတ်ချိန်တွင် သူ့စိတ်သည် အကောင်းကြီး ရှိပါသေးသည်။ သူ့ဘ၀ကို ထိန်းချုပ်ရန် စွမ်းရည်ရှိဆဲဖြစ်သည်။ သူ့ဖြစ်ရပ်မှ သူ ရမည့်သင်ခန်းစာမှာ နောက်ဆုံးအချိန်အထိ ကောင်း ကောင်းနေနိုင်သေးလျှင် ကျွန်တော်တို့ဘဝသည် ပြီးဆုံးမည်ဟု ယူဆ၍မရပါ။ ရှက်စရာလဲမလိုဘဲ ဘေးဘီကို ငဲ့ကြည့်စရာ အကြောင်းမရှိပါ။ ဤကဲ့သို့ ဆွေးနွေးနိုင်လျှင် ဘာတွေ လိုအပ်သည် ဆိုခြင်းကို သိနိုင်ပါသည်။ သူတို့ သေရန် ဆုံးဖြတ်ခြင်းအတွက် ဝမ်းနည်းကောင်း ဝမ်းနည်းရလိမ့်မည်။ သို့သော် သူတို့ ဆုံးဖြတ်ချက်ကို လေးစားရပါမည်။ ထို့နောက် သူတို့ လုပ်ချင်သလို လုပ်ပိုင်ခွင့်လည်း ပေးရပါမည်။ ဆရာသည် သူ သင်ပြခဲ့သည့်အတိုင်း ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာကြီး ချသွားခဲ့သည်။
(၃)
ကျွန်တော်သည် အသက် ၈၁ နှစ်အရွယ် ရာထူးကြီးကြီးမှ အငြိမ်းစားယူပြီးသူတစ်ဦးကို တွေ့သည်။ သူသည် တစ်နေ့လျှင် ၂ မိုင်မျှ လမ်းလျှောက်၍ ဘုရားကျောင်းကို သွားကာ ကိုယ်ခန္ဓာကြံ့ခိုင်နေသော အဘိုးအိုတစ်ဦး ဖြစ်ပါသည်။ “တစ်နေ့ တစ်နေ့ တရားရိပ်သာ သွားပြီး ဘုန်းကြီးဆီက တရားနာရရင် ပျော်နေတာဘဲ။ ဘဝဟာ ပြည့်စုံပါပြီ နေရတဲ့ ရက်တွေဟာ ဘောနပ်ရက်တွေပါ” ဟု ဆိုသည်။
လူနေမှုစနစ်သည် မပြည့်စုံခြင်း၊ ပြည့်စုံခြင်းနှင့် မဆိုင်ပါ။ ဘဝအမြင်တွင် ပြည့်စုံနေခြင်းတစ်ခု ဖြစ်ပါသည်။
ကိုသန်းလွင်
Ref:The Take Away from One Men's Death,By Peter Sanger, NYTimes 15 April 2025
-
t.me@moemakaPlease show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar