Breaking News

NUG အစိုးရ နဲ့ မလေးဝန်ကြီးချုပ်တို့ တွေ့ ဆုံမှုကနေ ဘယ်လို ရလဒ်တွေ ထွက်လာမလဲ၊ ၁၀၂၇ အောင်မြင်မှုရလဒ် လားရှိုးမြို့ကို လက်လွှတ်ရခြင်း

မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၁၈ မြင်ကွင်း

မိုးမခ၊ ဧပြီ ၁၉၊ ၂၀၂၅


NUG အစိုးရ နဲ့ မလေးဝန်ကြီးချုပ်တို့ တွေ့ ဆုံမှုကနေ ဘယ်လို ရလဒ်တွေ ထွက်လာမလဲ၊ ၁၀၂၇ အောင်မြင်မှုရလဒ် လားရှိုးမြို့ကို လက်လွှတ်ရခြင်း 

စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ် အကြာမှာ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ အာဆီယံနိုင်ငံတနိုင်ငံ ရဲ့ ဝန်ကြီးချုပ်လည်းဖြစ်သလို လက်ရှိအာဆီယံအဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဌတာဝန်လည်း ယူထားသူ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ် အန်နဝါအီဗရာဟင် က ပထမဆုံး အကြိမ် အွန်လိုင်းကနေ တရားဝင်တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အဖြစ်က လွန်ခဲ့တဲ့ ၄ နှစ်တာအတွင်း ဖြစ်နိုင်ခြေမရှိခဲ့တဲ့ အဖြစ်အပျက်တခု ပထမဆုံး ဖြစ်ပေါ်လာခြင်း လို့ဆိုရင် မှားမယ်မထင်ပါဘူး။ 

အာဆီယံ အလှည့်ကျ တာဝန်ယူခဲ့ကြတဲ့ သက်ဆိုင်ရာ အာဆီယံနိုင်ငံခေါင်းဆောင်တွေ နိုင်ငံခြားရေး ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ စစ်ကောင်စီခေါင်းဆောင်နဲ့ အဆိုပါ ၄ နှစ်တာကာလအတွင်း တရားဝင်တွေ့ဆုံခဲ့ကြပေမယ့် NUG အစိုးရရဲ့ ဝန်ကြီးချုပ်လိုမျိုး ပရိုတိုကောလ်အရ အဆင့်ချင်းတူ တာဝန်ယူထားသူကို တရားဝင် တွေ့ဆုံတာ အခုအကြိမ်ဟာ ပထမဆုံးဖြစ်ပါလိမ့်မယ်။ 

ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ အစရှိတဲ့ နိုင်ငံတွေက အလှည့်ကျ တာဝန်ယူထားချိန် စစ်ကောင်စီနဲ့ တွေ့ဆုံတာ NUG ဘက်က ဝန်ကြီးအဆင့် တာဝန်ယူထားသူတွေနဲ့ တရားဝင် မဟုတ်တွေ့ဆုံခြင်းမျိုး မဟုတ်ဘဲ တွေ့ဆုံတာတွေ ရှိခဲ့ပေမယ့် အခုလို တရားဝင် တွေ့ဆုံမှု၊ လူသိရှင်ကြားတွေ့ဆုံမှုမျိုး မရှိခဲ့ပါဘူး။ အခုလို အခြေအနေတွေ ပြောင်းလဲသွားခြင်းရဲ့ စေ့ဆော်မှုက ဘယ်အရာ ဖြစ်သလဲလို့ဆိုရင် လတ်တလော ကျရောက်တဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်ကို လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးကြောင့်လို့ ဆိုရင် မှားမယ်မထင်ပါဘူး။ ငလျင်ဘေးဒဏ် ကျရောက်နေတဲ့ လူထုကို ကူညီရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတို့မှာ လူသားချင်းစာနာမှု အထောက်အကူတွေပေးဖို့ စစ်ကောင်စီကလည်း တရားဝင်တောင်းခံခဲ့ပြီးနောက်မှာ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေနဲ့ ကမ္ဘာ့အခြားသောနိုင်ငံတွေပါ အရေးပေါ် ကယ်ဆယ်ရေးနဲ့ အရေးပေေါ် ဆေးဝါးကုသမှုအဖွဲ့တွေ ပို့ဆောင်ပေးခဲ့ကြတာ တွေ့ရပါတယ်။ ငလျင်ဘေးက စစ်ကောင်စီအဖို့ သံတမန်ရေး အရ ဖယ်ကျဥ်ထားမှုကို ယာယီပင်ဖြစ်စေ ပယ်ဖျက်လိုက်ကြပြီး နိုင်ငံတကာက ခေါင်းဆောင်တချို့က တိုက်ရိုက်ဆက်သွယ် ပြောဆိုကာ အကူအညီပေးအပ်ခဲ့ကြတာ တွေ့ရပါတယ်။ တဖက်မှာ အရေးပေါ် ကယ်ဆယ်ရေးနဲ့ ကူညီရေးတွေမှာ တုံ့ပြန်မှုအားနည်းတာ၊ ငလျင်ဘေးကျရောက်နေချိန်မှာပင်လျင် လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းခြင်း မပြုတဲ့ အချက်တွေက နိုင်ငံတကာ အစိုးရတွေ အနေနဲ့ စိတ်မသက်မသာ ဖြစ်ကြရတဲ့ အနေအထားမှာပင်လျင် ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံက လူထုရဲ့ မျက်နှာကိုကြည့်ပြီး အကူအညီတွေ ဆက်လက်ပေးအပ်နေခဲ့ကြတာ ဖြစ်ပါတယ်။ 

တဖက်မှာလည်း ငလျင်ဘေးကျရောက်မှုကို အကြောင်းပြုပြီး တဖက်သတ် အပစ်ရပ် သို့မဟုတ် ထိုးစစ်ရပ်တဲ့ ကြေညာချက်တွေကို လက်နက်ကိုင် အဖွဲ့အသီးသီးက ထုတ်ပြန်ကြေညာထားကြတာ ဖြစ်လို့ နိုင်ငံတကာ အစိုးရတွေနဲ့ ကုလသမဂ္ဂတို့က အပစ်ရပ် သက်တမ်းထပ်တိုးဖို့ နဲ့ လူသားချင်းစာနာမှု အကူအညီတွေနဲ့ ပတ်သက်လို့ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကမှ တားမြစ်ပိတ်ပင်တာမျိုး ကန့်သတ်တာမျိုး မလုပ်ဖို့လည်း တိုက်တွန်းကြတာတွေ့ရပါတယ်။ 

နိုင်ငံတကာ အစိုးရတွေ၊ အချို့သော အိမ်နီးချင်းနိုင်ငံအစိုးရတွေ အနေနဲ့ ငလျင်ဘေးကို အကြောင်းပြုပြီး ပြည်တွင်းစစ်ပွဲကို အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးကြဖို့ အခွင့်အလမ်းတခု အဖြစ်ရှုမြင်ထားကြတာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ စတဲ့နိုင်ငံတွေက အခုအခွင့်အလမ်းကို ဆုပ်ကိုင်ပြီး ဝိုင်းဝန်းတိုက်တွန်းကြဖို့ ရည်ရွယ်ထားကြပုံရပါတယ်။ 

ဒီလို အခြေအနေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ ဘယ်လို ရှုမြင်ပြီးချဥ်းကပ်မလဲ၊ ဘာတွေ မျှော်လင့်ထားမလဲ ဆိုတာ တိတိကျကျ မှန်းဆဖို့ခက်ပေမယ့် သံတမန်ရေး အထီးကျန်ဖြစ်မှုကနေ လွတ်မြောက်ဖို့  ငလျင်ဘေးကျရောက်ချိန် ဆက်သွယ်ထိတွေ့ရတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းထဲ တတ်နိုင်သရွေ့ တိုးဝင်ဖို့ ကြိုးစားနေတာ ထင်ရှားပါတယ်။ 

အခြားတဖက်မှာတော့ နိုင်ငံတကာ အစိုးရတွေအနေနဲ့ NUG ကိုလည်း ယခင်က အလွတ်သဘော တွေ့ဆုံမှုမျိုးကနေ ယခုအခြေအနေမှာ တရားဝင်တွေ့ဆုံမှုအထိ ပေါ်ထွက်လာခြင်းက NUG အဖို့ တိုးတက်မှုတရပ်အဖြစ် ရှုမြင်မှာ မလွဲပါဘူး။ အွန်လိုင်းတွေ့ဆုံမှုအပြင် လူကိုယ်တိုင်တွေ့ဆုံမှုတွေ ဆက်လက်ဖြစ်ပေါ်လာဖို့လည်း မလေးရှားနိုင်ငံဝန်ကြီးချုပ်နဲ့ ဆက်လက်ပြောဆိုထားကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ NUG အနေနဲ့ ယခုလိုသံတမန်ရေး အကျိုးရလဒ်ကနေ နောက်တဆင့် တိုးတက်အောင်မြင်မှုရအောင် ဘယ်လို နည်းဗျူဟာ ချပြီးလုပ်ဆောင်မလဲတော့ မသိရှိနိုင်သေးပါဘူး။ 

သို့ပေမဲ့ ငလျင်ဘေးကျရောက်လာပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကနေ ထွက်ပေါက်တခု စတင်မြင်တွေ့ ရတော့မလားဆိုတဲ့ မျှော်လင့်ချက်လည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ 

ဒီနေ့အတွက် နောက်ထူးခြားတဲ့ သတင်းအကြောင်းအရာတခုက ရှမ်းမြောက်ဒေသရဲ့ မြို့တော်လို့ဆိုနိုင်တဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ သင်္ကြန်အပြီးမှာ MNDAA ကိုးကန့်တပ်က လားရှိုးမြို့ပေါ်ကနေ ဆုတ်ခွာမယ်ဆိုတဲ့ သတင်းတွေ မကြာသေးတဲ့ သီတင်းပတ်တွေမှာ အတည်ဖြစ်ပြီးနောက် အခုလို သင်္ကြန်ကာလ ပိတ်ရက်အပြီးနောက်တရက် ဖြစ်တဲ့ ဧပြီလ ၁၈ ရက်နေ့မှာ စစ်ကောင်စီဘက်က အရပ်ဖက်နဲ့ စစ်ဖက်ဝန်ထမ်းတချို့ ကားတွေနဲ့ လားရှိုးမြို့ထဲဝင်လာကြတာ ဖြစ်ပါတယ်။ လားရှိုးမြို့ပေါ်က ရပ်ကွက် ၁၂ ခုကို စစ်ကောင်စီက အုပ်ချုပ်မယ်၊ MNDAA ဆက်ဆံရေးရုံး လားရှိုးမှာထားရှိမယ်၊ မြို့ပြင်ဧရိယာတွေမှာ MNDAA ဆက်လက်တပ်စွဲထားရှိမယ် ဆိုတဲ့ အချက်တွေသာ သိရှိကြရသေးပြီး လားရှိုးက ဆုတ်ခွာမှုနဲ့ ပတ်သက်လို့ သက်ဆိုင်တဲ့ အဖွဲ့ ၂ ဖွဲ့က တရားဝင် ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ MNDAA အဖွဲ့ရဲ့ တာဝန်ရှိသူအချို့က လားရှိုးမြို့ခံတွေကို ဆုတ်ခွာမယ့် အကြောင်း အသိပေးပြောဆိုမှုတွေ ရှိပေမယ့် MNDAA ရဲ့တာဝန်ရှိသူတွေက သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုတာမျိုးတော့ မရှိသးပါဘူး။ 

လားရှိုးမြို့ကို စစ်ကောင်စီက ပြန်ရခြင်းဟာ စစ်ရေးအရ လားရှိုးမသိမ်းမီ နဂိုအနေအထားကို ပြန်ရောက်တာ မဟုတ်တာ သေချာပါတယ်။ MNDAA က မြို့အပြင်ဘက် ဧရိယာတွေမှာ ဆက်လက်တပ်ချထားပြီး လားရှိုးမြို့ကို စစ်ဌာနချုပ် အခြေစိုက်တဲ့မြို့အဖြစ် ပြန်တည်ဆောက်ဖို့ အခြေအနေမျိုး တော်ရုံနဲ့ ရောက်နိုင်မှာမဟုတ်ပါဘူး။ 

သို့ပေမယ့် လားရှိုးမြို့ကို လနဲ့ချီတိုက်ခိုက်ပြီး အရပ်သားတွေအပါအဝင် လက်နက်ကိုင်တွေ အများအပြား ထိခိုက်သေဆုံးခဲ့ကြရပြီးမှ လက်ဝယ်ရရှိခဲ့တဲ့ မြို့ကို ပြန်လည်ဆုတ်ခွာပေးလိုက်ရခြင်းဟာ MNDAA အဖို့   ဂုဏ်သိက္ခာအရ ထိခိုက်စေပြီး မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ကြတဲ့ အခြားသော တပ်တွေရဲ့ ယုံကြည်မှုကို ထိခိုက်ဘယ်လောက် ရှိသွားနိုင်သလဲဆိုတာ စဉ်းစားစရာ အချက်လို့ ထောက်ပြလာကြတာတွေ ရှိလာပါတယ်။  မြေပြင်အခြေအနေက တုန့်ပြန်ချက်တချို့ကတော့ - အနှုတ်လက္ခဏာကို ရှုမြင်တာမျိုးထက် တော်လှန်ရေးခရီးအတွက် မျော်လင့်ချက်တွေ ဆက်လက်ရှိနေတုန်းပဲ လို့ ဆိုကြပါတယ်။ MNDAA ၊ TNLA နဲ့  AA တို့ တည်ဆောက်ထားတဲ့ နှစ်ရှည်လများ တော်လှန်ရေးအတူ လက်တွဲထားကြတဲ့ ဆက်ဆံရေး နောက်ခံကိုလည်း ထည့်သွင်းစဉ်းစားပြီးမှ ကောက်ချက်ဆွဲကြစေချင်တယ်လို့လည်း အချို့က မှတ်ချက်ပေးကြပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar