ကြည်နိုင် - သင်ကန္တ ကရောင်းရိုက်သံ
ကြည်နိုင် - သင်ကန္တ ကရောင်းရိုက်သံ
မိုးမခ ၊ ဧပြီ ၁၉ ၊ ၂၀၂၅
* ၁။ လောကဓံကို ဖွပ်လျှော်
ဝတ်ပျော်မလား အောက်မေ့
နောက်စေ့ကို ချောင်းရိုက် လုမယ့်သူက
တာစူနေပေါ့။
* ၂။ ဟော ခုတော့
လက်လုပ်လက်စား ကြက်ဟင်းခါးသီး ဘဝ
ထုသားပေသားကျ
ဘို့ကလေးတွေ ထလို့ ၊
ကျောချခံရဖန် များတော့လည်း
ဓားပြမှန်း သိကြပြီလေ။
* ၃။ ဒီအခြေမှာ
ရေပေါ် ဆီဖျန်း
လည်သူစားတမ်း
ပေါက်ပန်းတွေလည်း မာန်ဝင့်လို့၊
အခွင့်ကို ဝတ်ရုံလုပ်
ဟန်ဓါတ်ခုတ် မောက်ကြွား
အရပ်ထဲမှာ တလွှားလွှားပေါ့။
* ၄။ ငထွား ခါးနာဖန်များတော့လည်း
သတင်းတွေ ကြားလာရ
ကားခနဲပဲတဲ့။
* ၅။ သတင်းကို ထမင်းလုပ်
ဂျင်းမဟုတ်က ဝမ်းသာ ၊
ဒါနဲ့ပဲ စိတ်ဖြေရ ။
* ၆။ အမှုပွေ ကာလမှာ
ဝုန်းဒိုင်းသံတွေလည်း ကြားရ ၊
ရွာတွေ ရွာတွေ၊ လူတွေ လူတွေ
မီးခိုးတွေ တလူလူ ၊ ခွေးတွေ တအူအူ
ကူကယ်ရာ ခိုမှီရာ
ဦးတည့်ရာ၊ ကြမ္မာသယ်ဆောင်ရာ
ကပျာကယာ ပြေးလွှား
ဘုရား တ သူတ၊ တရားချသူချ
သဘာဝဘေးက ဆုံးမပြန်
ငလျင်ဒဏ် ၊ ရေကြီးမှုဒဏ်
စိတ်ဒဏ်ရာတွေနဲ့။
* ၇။ ယိမ်းလှုပ်နေတဲ့ ဘဝ
တိမ်းမလား မှောက်မလား
စွန့်စားခန်း ဇာတ်ဝင်ခန်းထဲမှာ
ကံကဇာတ်ဆရာတဲ့လား
ဉာဏ်ထပ်တစ်ရာ ပွားကြ။
* ၈။ မျှော်ကြည့်စမ်းပါ
အနိဋ္ဌာရုံ တစ်ဖက်ကမ်းမှာတော့
အမှောင်လမ်းကို ခွင်းဖောက်လို့
အလင်းပေါက်ချီ အားမာန်
နွေဦးတမန် ပန်းတွေ
ပွင့်ဝေနေကြပြီလေ။
* ၉။ အသက်ရှူချောင်တဲ့ လူ့ဘောင်ကို
အပြိုအပျက် ၊ အဖျက်အဆီးတွေ ကြားကပဲ
ဇွဲမာန်တင်းရင်း
လောက စစ်တလင်းထဲမှာ
တိုက်ရင်းတက်၊ တက်ရင်းတိုက်
ဘဝဆိုတာ တိုက်ပွဲပဲ ၊
အမိုက်ဇာတ်ကို မျိုးဖြုတ်
လှုပ်ရှားရင်း ကရောင်းရိုက်ကြစို့။ ။
ကြည်နိုင်
၁၆၊ ၄၊ ၂၀၂၅
သက်ြန် အတက်နေ့။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar