နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သား သေဆုံးမှုတွေ
မြန်မာနွေဦးခရိုနီကယ် - မေ ၁၃ မြင်ကွင်း
မိုးမခ၊ မေ ၁၄ ၊ ၂၀၂၅
နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သား သေဆုံးမှုတွေ
မေလ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတရွာရဲ့ စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ရာက စာသင်နေကြတဲ့ ကလေးသူငယ် ၂၀ ကျော် နဲ့ ဆရာ ၂ ဦးအသက်ဆုံးရှုံးခဲ့ရပြီး အခြားစာသင်သား ၄၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် နောက်တရက်ဖြစ်တဲ့ မေလ ၁၃ ရက်မှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ကျေးရွာတရွာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြန်ရာမှာ နေအိမ် ၆ လုံးပျက်စီးကာ လူ ၁၃ ဦး သေဆုံးခဲ့ရပြန်ပါတယ်။
နေ့စဥ် နဲ့အမျှ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရေးအရ နယ်မြေ ပြန်လည်စိုးမိုးနိုင်ရေး ကို အထောက်အကူပြုနိုင်တဲ့ စစ်ရေးလုပ်ဆောင်မှုတွေ မဟုတ်ဘဲ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို လက်စားချေ လက်တုံ့ပြန်တဲ့ ရည်ရွယ်ချက်နဲ့ အဆိုပါ လက်နက်ကိုင် အဖွဲ့ထိန်းချုပ်နယ်မြေတွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။ အချို့သော တိုက်ခိုက်မှုတွေက လက်နက်ကိုင် အဖွဲ့တွေ နေထိုင်စုဝေးတဲ့ နေရာကို အချိန်နဲ့ တကွ သတင်းအချက်အလက် အတိအကျရလို့ တိုက်ခိုက်တာမျိုး ဖြစ်ပေမယ့် တိုက်ခိုက်မှုအများအပြားကတော့ ကျေးရွာတွေရဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့လို အများနဲ့ဆိုင်တဲ့နေရာတွေ ရပ်ရွာအုပ်ချုပ်တဲ့ သူတွေရဲ့ နေအိမ်တို့လိုနေရာတွေကို လေကြောင်းတိုက်ခိုက်လေ့ ရှိပါတယ်။
ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာလို၊ KIA ထိန်းချုပ်ထားတဲ့ ဖားကန့်က ဂီတဖျော်ဖြေပွဲကျင်းပရာ နေရာတို့ကို တိုက်ခိုက်မှုမျိုးတွေက သတင်းအတိအကျ ရလို့ လုပ်ကြတာ ဖြစ်ပေမယ့် ခုရက်ပိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ၊ ရသေ့တောင်မြို့နယ်က ကျေးရွာလို တိုက်ခိုက်မှုမျိုးက စစ်ရေးပစ်မှတ်လို့ စွပ်စွဲရအောင် လက်နက်ကိုင်တွေ အခြေစိုက်တဲ့ နေရာအဆောက်အဦတွေ မဟုတ်ကြပါဘူး။
စစ်ကောင်စီအနေနဲ့ တနှစ်ပြီးတနှစ် မြေပြင်မှာ ထိုးစစ်ဆင်ခြင်းအားဖြင့် အနိုင်ရတဲ့ အခြေအနေ နည်းပါးလာလေေ လေကြောင်းတိုက်ခိုက်မှုတွေ ကိုသာ ပိုတိုးမြှင့်လုပ်ဆောင်လာလေလေ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူထုထံက အကြောက်တရားနဲ့ အမုန်းသာ ပြန်လည်ရရှိမယ့် သဘောလည်း ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်စွမ်းမရှိတဲ့ အနေအထားမှာ ဘယ်လို ထိခိုက်သေဆုံးမှုနည်းအောင် လျှော့ချမလဲဆိုတဲ့ အချက်က အဓိကစဥ်းစားရမယ့် အချက်ဖြစ်လာပါတယ်။ လက်နက်ကိုင် အဖွဲ့တွေ ထိခိုက်သေဆုံးတာထက် အရပ်သားလူထု ထိခိုက်သေဆုံးမှုက ပိုများပြားတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထုတွေ ထိခိုက်မှုနည်းအောင် ဗုံးခိုကျင်း တည်ဆောက်ခြင်း၊ လူစုလူဝေးဖြစ်မယ့် စာသင်ကျောင်း၊ ဘာသာရေး အဆောက်အဦတွေ အနေနဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ကြုံရရင် ဘယ်လိုတိမ်းရှောင်ကြမလဲ စတဲ့ အချက်တွေကို အရေးတကြီး လေ့ကျင့်ပြင်ဆင်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဒီနေရာမှာ လေကြောင်းတိုက်ခိုက်မှုတွေက သတင်းပေးရှိလို့ တိုက်ခိုက်ခံရတာ ဆိုတဲ့ကောက်ချက် နဲ့ သတင်းပေးပို့ခြင်း မလုပ်နိုင်အောင် ဖုန်းဆက်သွယ်ရေးတွေ အင်တာနက် ဆက်သွယ်မှုတွေ အားလုံးဖြတ်တောက်တဲ့ အစီအမံ ဖြစ်ပါတယ်။ အချို့ဒေသတွေမှာ ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက လုပ်ဆောင်နေပေမယ့် ဒေသခံတွေ အဖို့ ဖုန်းအဆက်အသွယ် ဖြတ်တောက်ခံရခြင်းကြောင့် မိသားစု ထောက်ပံ့ငွေပါ လက်ခံနိုင်ခြင်း မရှိတော့တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာပြီး ဒေသခံတွေကို စားဝတ်နေရေး အသက်ရှင်သန်ဖို့ ပိုမိုခက်ခဲအောင် လုပ်ဆောင်သလိုလည်း ဖြစ်စေပါတယ်။
စစ်ကောင်စီကို လေကြောင်းတိုက်ခိုက်မှု မလုပ်နိုင်အောင် လေယာဥ်ဆီ ဖြတ်တောက်ရေးလို လှုံ့ဆော်မှုတွေက အောင်မြင်နိုင်ခြေ မရှိတဲ့အနေအထားမှာ လေတပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူနိုင်ခြေ ရှိ မရှိ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ သုံးသပ်ကြည့်ရပါလိမ့်မယ်။ လေတပ်စခန်းတွေက မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ မိတ္ထီလာ၊ မကွေး၊ မြစ်ကြီးနားတို့လိုမှာ တခုမကရှိနေတဲ့ အနေအထားဖြစ်လို့ လေတပ်စခန်းတွေကို တိုက်ခိုက်ဖျက်ဆီးနိုင်တဲ့ အခြေအနေမရှိရင် တိုက်ခိုက်ခံရတဲ့ ဒေသတွေမှာ လူအထိအခိုက်နည်းပါးအောင် လုပ်ဆောင်ဖို့က အဓိက ကျလာတဲ့ အနေအထားဖြစ်ပါတယ်။
လက်ရှိ အညာဒေသမှာ လုပ်ဆောင်နေတဲ့ လေကြောင်းရန် ကာကွယ်မှုတခုက တိုက်လေယာဥ်တွေပျံတက်လာတာကို စောင့်ကြည့်ပြီး ဦးတည်ရာအရပ် ဆီသတင်း လက်ဆင့်ကမ်းတဲ့ လုပ်ဆောင်မှုဖြစ်ပါတယ်။ တဖန် သက်ဆိုင်ရာ ကျေးရွာတွေ နယ်မြေတွေမှာ လေယာဥ်လာတဲ့အခါ နှိုးဆော်တဲ့ စနစ်ကို ကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့ ကျေးရွာတွေလည်း ရှိနေကြပြီဖြစ်ပါတယ်။ နောက်တချက် အနေနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်အန္တရာယ် မကျရောက်ရအောင် ဗုံးခိုကျင်းတွေ တူး၊ ဆောက်လုပ်ထားပြီး လေကြောင်းအချက်ပေး နှိုးဆော်ချက်ရတဲ့အခါ ဗုံးခိုကျင်းထဲမှာ တိမ်းရှောင်တာ ဖြစ်ပါတယ်။ အခုပြောတဲ့ သတင်းအချက်အလက်ရဖို့ လူထုကို အသိပေးဆော်သြဖို့နဲ့ အန္တရာယ် အကာအကွယ် နေရာတွေ စီစဥ်ထားရှိနိုင်ဖို့ ဖြစ်ပါတယ်။
ဒီအစီအစဥ်တွေကို အကောင်အထည်ဖေါ်ဖို့ အဆိုပါ ဒေသတွေမှာ အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေ ထိထိရောက်ရောက် လုပ်နိုင်စွမ်းရှိဖို့လိုအပ်ပါတယ်။ ဗုံးခိုကျင်းတည်ဆောက်ရာမှာ ကုန်ကျစရိတ်ရှိတာကြောင့် အခုလို ဝင်ငွေ နိမ့်ကျနေချိန် ခက်ခဲကြပ်တည်းနေချိန်မှာ အိမ်တိုင်း၊ မိသားစုတိုင်း ဆောက်လုပ်ဖို့ မလွယ်ကူတဲ့ စိမ်ခေါ်မှုလည်း ရှိနေပါတယ်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ လေကြောင်းတိုက်ခိုက်ခံရမှုတွေက အန္တရာယ်လျော့ချနိုင်ရေးက အထက်က အစီအမံတွေကို လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းရုံကလွဲပြီး လေယာဥ်ပစ်လက်နက် အမြှောက်တွေ ရရှိဖို့၊ စစ်ကောင်စီ လေယာဥ်ဆီ မရရှိအောင် ဖြတ်တောက်မှုတွေ လှုံ့ဆော်ကြိုးပမ်းတာတွေ နဲ့ အင်အားအချိန် မဖြုန်းဖို့လည်း အရေးကြီးတယ်လို့မြင်မိကြောင်းပါ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar