ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်
မိုးမခ ၊ မေ ၁၄ ၊ ၂၀၂၅
မအလကိုတော့ သူ မွေးတဲ့ ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်းက ချောက်ထဲ ကန်ချလိုက်ပြီ။
ငလျင် အရင်းပြုပြီး နိုင်ငံတကာရဲ့ မျက်နှာသာပေးမှု ရှာနေရချိန်၊ ရုရှား သွားပြီး တလွှားလွှား တဖားဖား လုပ်နေရချိန်၊ အာဆီယံမှာ ဟန်ရပန်ရဖြစ်ဖို့ ကြိုးစားနေရချိန် သူ့အနာဂတ် ကာချုပ်လောင်းက အခေါင်းလက်ဆောင်ပေးလိုက်တဲ့အနေနဲ့ ဒီပဲယင်း အိုးထိမ်းတွင်းမှာ ကလေးတွေစာမေးပွဲဖြေနေတုန်း ဗုံးကြဲချပြီး တစစီ ဆုတ်ဖြဲသတ်ဖြတ်ပစ်လိုက်ပြီ။
တနေ့အတွင်း ကလေးငယ် ၂၂ ယောက် သေသွားပြီး ၆၅ ယောက် ဒဏ်ရာရထားတယ်။ အစအနအဖြစ် ပျောက်သွားတဲ့ ကလေးတွေလည်း ရှိတယ်။ ဒီသတင်းဟာ တမုဟုတ်ချင်း တကမ္ဘာလုံး ပျံ့နှံ့သွားတယ်။ မအလနဲ့ နှုတ်ဆက်တဲ့ လက်တွေ ကလေးငယ် သွေးတွေ ရဲရဲနီသွားတယ်။ ထင်တာထက် ရွံရှာစက်ဆုပ်စရာကောင်ကြီးဆိုတာ ထင်းထင်းကြီး ဖြစ်သွားတယ်။ အော့နှလုံးနာစရာကြီး မသတီစရာကြီး ဆိုတာ ဘယ်က ကြည့်ကြည့် ရှင်းရှင်းကြီး မြင်ရစေတယ်။
ကျော်စွာလင်းဟာ စိုးဝင်းထက် ခြေတံလက်တံရှည်ကြောင်းပြရင်း မအလကိုပါ ကြိုးစင်ပေါ် အမြန်နှုန်းနဲ့ ဆွဲတင်ပေးလိုက်တယ်။ မအလအဖို့ နိုင်ငံတကာမှာ သူ သွားလို့ရနေသေးတဲ့ ချောင်လေးပါ ပိတ်သွားပြီ။ ငလျင်အခြေပြုကာ သနားစရာ ရုပ်သွင်ထွင်ထားတဲ့ ဆက်ဆံရေးအညွန့်လေးလည်း ထွက်လာလာချင်း အချိုးခံလိုက်ရပြီ။ ဒီကောင်က ကာချုပ်ရာထူးကို ဖြတ်လမ်းကယူဖို့ လုပ်ထည့်လိုက်ပြီ။ မင်းအောင်လှိုင်လည်း လစ်၊ ဒုချုပ်စိုးဝင်းကိုလည်း စကစ်လုပ်လိုက်တဲ့ဟာ။
ဒီလို အစုတ်ပဲ့ဆုံး သတ်ဖြတ်စေခိုင်းမှုတွေဟာ လေတပ်မိသားစုတွေကိုပါ မလှုပ်နိုင်အောင် ချုပ်လိုက်တာပါပဲ။ ဒီလေအုပ်စု လူထဲပြန်ဝင်လို့မရလေ သူ့သက်ဆိုးခိုင်လေ၊ သူ့မျှော်မှန်းချက်တာရှည်ခံလေဖြစ်မှာကိုး။ သူ့အနာဂတ် ကာချုပ်ဘဝကလဲ ပြည်သူကို ရက်ရက်စက်စက်ဗုံးကြဲပေးနေတဲ့လေတပ်ရှိမှ ရမှာကိုး။ စာသင်နေတဲ့ကလေးငယ်တွေကို အစုလိုက်အပြုံလိုက်ဗုံးကြဲသတ်ဖြတ်မှုကြီးဟာ တဆက်တည်း နိုင်ငံရေးစားပွဲဝိုင်း ဘာညာဆိုသူတွေရဲ့ပါးစပ်ကိုပါ ပိတ်လိုက်ပါပြီ။ ရွေးကောက်ပွဲနဲ့ အိပ်မက်ယောင်နေသူတွေကိုလဲ စစ်ဖိနပ်နဲ့ နံဘေးဆောင့်ကန် နှိုးခံလိုက်ရပါပြီ။ စစ်တပ်မှာ တဗိုလ်ပြီးတဗိုလ် ပိုဆိုး၊ တဗိုလ်ထက်တဗိုလ် ပိုမိုက်၊ ကိုယ့်ပြည်သူဆို ပိုသတ်၊ တခြားနိုင်ငံကိုဆို ဒူးပြတ်မတတ်ထောက် ပိုပိုကြောက်လှပါတယ်ဆိုသူတွေချည်းပါဘဲ။ နိုင်ငံခြားကဆိုရင် မြေလိုသလား ယူလိုက်၊ ရွှေလိုသလား ယူလိုက်၊ သစ်လိုသလား ယူလိုက်၊ ကျောက်လိုသလား ယူလိုက်၊ သတ္ထုလိုသလား ယူလိုက်၊ ဂက်စ်လိုသလား ယူလိုက်၊ အလုပ်သမားလိုသလား ယူလိုက်၊ အိမ်ဖော်လိုသလား ယူလိုက်၊ နောက်ဆုံး ပြည်နယ်လိုက် လိုချင်သလား ယူလိုက်၊ ငါတို့ကို လက်နက်ရောင်းပေး၊ ကမ္ဘာ့အလယ် ထောက်ခံပေးရင် ရပြီပဲ။ ဒါဟာ နောက်ထပ်လာမယ့် ဘယ်စစ်ဗိုလ်ချုပ်နေနေ ရွာဓားပြဗိုလ်အဆင့်ထက် မပိုနိုင်ဆိုတဲ့အချက်ပါပဲ။
ဘာလို့ဆို ဘယ်တော့မှ ပြည်သူထောက်ခံမှုမရခဲ့လို့ မရနိုင်လို့ပါဘဲ။ စစ်ဗိုလ်ချုပ်တွေဟာ ပြည်သူထောက်ခံမှုမရတာဟာ ကိုယ့်ရဲ့ ဘယ်သူမှ ဘယ်လိုမှ လက်မခံနိုင်တဲ့လုပ်ရပ်ဆိုးတွေကြောင့်လို့မသိဘဲ ဒေါ်အောင်ဆန်းစုကြည်ကြောင့်၊ အရပ်သားနိုင်ငံရေးသမားတွေကြောင့် ဘုန်းကြီးတွေကြောင့် ကျောင်းသားတွေကြောင့်လို့ အပြစ်ပုံချပြီး တလျှောက်လုံး ဘုန်းကြီး ကျောင်းသား နိုင်ငံရေးသမားတွေကို ညှင်းဆဲသတ်ဖြတ်တာကို လက်ယဉ်အောင် စနစ်တကျလုပ်ခဲ့ကြပါတယ်။ ဒါကို တပ်မတော်ရဲ့အလုပ်တခုလို့ထင်အောင်လုပ်လာကြရာက ဒီအချက်ကို သိနားလည်တဲ့ပြည်သူတွေဟာ ဘောင်းဘီဝတ်ကို မထောက်ခံသလို ခေါင်းပေါင်းပေါင်းလာပြန်ရင်လဲ မဲမပေးတဲ့အထိဖြစ်လာတော့ ပြည်သူတွေကိုပါ အလွယ်တကူ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် နေ့စဉ်သတ်ဖြတ်တဲ့အထိ ဖြစ်လာတာဟာ ခုဆို မသတ်ရရင် မနေနိုင်တဲ့အဆင့်တောင် ရောက်လို့နေပါပြီ။ ရောက်တာမှ အစုလိုက်အပြုံလုပ်ကို ရက်စက်လွန်းတဲ့ နည်းမှန်သမျှသုံး သတ်တဲ့အဆင့်ပါ။
နောက်တဗိုလ်လာရင်လဲ ဒီတဗိုလ်ထက်သာဖို့ကလွဲ ဘာမှမရှိတော့ပါဘူး။ အဇာတသတ်ရဲ့ အဖသတ်မင်းဆက်ကို ဖြတ်တဲ့နည်းအတိုင်း ဖြတ်ရုံကလွဲရင် တခြားနည်း မရှိတော့ပါဘူး။ မဟုတ်ရင်တော့ ဘယ်မှထွက်မပြေးနိုင်တဲ့ ပြည်သူဟာ စစ်တပ်ရဲ့ ပွဲတော်အုပ်ထဲက ဟင်းဖြစ်နေမှာပါဘဲ။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် ဆိုတဲ့ရည်မှန်းချက်ကိုသာ ပေါက်မြောက်အောင် လုပ်ရုံမှတပါး အခြားမရှိပါ။ ဒါကို ဒီဒဏ်တိုက်ရိုက်ခံနေရတဲ့ မြန်မာပြည်သူကတော့ ရှင်းရှင်းပြတ်ပြတ် ဖြစ်ပြီးသားပါ။ သန္နိဋ္ဌာန်လည်း ချထားကြပြီးသားပါ။
တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ဖို့ပါပဲ။ ဒါမှသာ အစုလိုက်အပြုံလိုက် လူသတ်နေရမှ နေလို့ထိုင်လို့ရတော့တဲ့ စစ်တပ်ကို ဆက်မထောက်ခံဖို့နဲ့ အမြန်ဖျက်သိမ်းနိုင်အောင် ပံ့ပိုးကူညီဖို့ ဖြစ်လာမှာပါ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar