Breaking News

ကျော်မင်းထွန်း(NEW YORK) - သားကြောက်တယ်မေမေ

သားကြောက်တယ်မေမေ
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) မေ ၁၄၊ ၂၀၂၅

အတောင်ပံမပါပဲ
လွတ်လပ်ပေါ့ပါး လွင့်သွားလိုက်တာ
အတောင်ပံပါတဲ့ ငှက်တွေလို…။

ဟိုးရှေ့က ငှက်ကြီးတကောင်
ကျယ်ကျယ်လောင်လောင် ပျံဝဲနေပုံက
မိုးအဆုံး မြေအဆုံး
တဝုန်းဝုန်းနဲ့ သားကြောက်တယ်မေမေ။

သားလွယ်အိတ်လေးလည်း ပေါက်ပြဲကုန်ပြီ
သားစားပွဲလည်း တစ်စစီကြေသွား
သားကုလားထိုင်လည်း ခြေထောက်တွေကျိုး
မီးခိုးတလူလူနဲ့ သားကြောက်တယ်မေမေ။

မနက်က မေမေထည့်ပေးလိုက်တဲ့
သားထမင်းဘူးမှာ သွေးတွေပါလား
ငှက်ကြီးတွေကို မောင်းထုတ်ပေးပါ
သွေးမြင်ရင် သားကြောက်တယ်မေမေ။

ကျောက်သင်ပုန်းအောက်က
သားခြေထောက်ကို ဘာဖြစ်လို့ဆွဲထုတ်နေတာလဲ
သားက ဒီမှာမေမေရဲ့..
ကောင်းကင်ပေါ် အလိုလိုရောက်နေပြီ။

ဆရာမလည်း သားလိုပဲမိုးပေါ်ရောက်နေပါလား
ဆရာမရေ.. သားကိုဖက်ထားပေးပါ
ဆရာမတကိုယ်လုံးလည်း သွေးတွေနဲ့
သားကြောက်တယ် မေမေ။

သားအော်ရလွန်းလို့
အာခေါင်တွေခြောက်
ရေသောက်ချင်တယ်
အတန်းတင်စာမေးပွဲအတွက်
ဒီည စာကျက်ချင်တယ်။

မေမေက သားကိုပွေ့ပြီးဘာဖြစ်လို့ငိုနေတာလဲ
ဂုဏ်ထူးမှတ်မရရင် ဖေဖေဆူမှာကိုကြောက်
ပညာတတ်ကြီးမဖြစ်မှာကိုကြောက်
ငှက်ကြီးကိုလည်း ကြောက်
သားကြောက်တယ် မေမေ။    ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar