Breaking News

မာတီနာ - စံနှုန်းများပြိုလဲခြင်း

Art by Than Htay Maung

စံနှုန်းများပြိုလဲခြင်း 
မာတီနာ 
(မိုးမခ) မေ ၃၀၊ ၂၀၂၅

နွေဦးဟာ ခပ်အေးအေးပဲ။  ဇာတိမြေမှာတော့ ချွေးတပြိုက်ပြိုက်နဲ့ အိပ်လို့ မရ ထိုင်လို့မရ အချိန်တွေရောက်ပြီပေါ့။  ကဆုန်နယုန် ဆွေ့ဆွေ့ခုန် လို့ ဆိုတာကိုး။ ပျဉ်းမတွေနဲ့ ငုတွေလဲ ပွင့်ပြီးလို့ အသီးကလေးတွေ သီးစပြုရော့မယ်။  စိန်ပန်းတချို့လဲ ရဲရဲနီလို့ ၊ အချို့လဲ အသီးတွေနဲ့ ဖြစ်ရောပေါ့။ ကုက္ကိုပင်တွေလဲ ပန်း‌နုရောင် အပွင့်တွေ ဝေနေလောက်ပြီ။  ဒီမှာတော့ မေမြို့ဆောင်းလောက် အေးနေတုန်း။ 

When despair for the world grows in me
and I wake in the night at the least sound
in fear of what my life and my children’s lives may be,
I go and lie down where the wood drake
rests in his beauty on the water, and the great heron feeds. 

လောကကြီးကို စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့အခါ၊ ကိုယ့်အတွက်၊ ကိုယ့်သားသမီးတွေအတွက် အိပ်မပျော်နိုင်လောက်အောင် စိုးရိမ့်ကြောင့်ကြမှုတွေ များနေတဲ့အခါ၊ တောအုပ် ကလေးထဲသွားပြီး မြက်ခင်းပြင်ပေါ်လှဲလျောင်းနေလိုက်ပါ။ ရေပြင်ရဲ့ အေးချမ်းမှုမှာ ပျော်မွေ့ပါ။ ဗျိုင်းတွေ အစာရှာနေပုံကို စောင့်ကြည့်ပါ။ လို့ စာရေးသူ ဝန်ဒယ်လ် ဘယ်ရီ ကဆိုပါတယ်။ 
အဲဒီလိုနေရာမျိုးတွေကို အလွယ်တကူ သွားလို့ ရရင်တော့ ဟုတ်တာပေါ့လေ။ ကိုယ်တို့နားမှာတော့ ပန်းခြံကြီးတခုရှိလို့ တော်ပါသေးရဲ့။ နွေဦးရာသီရောက်တော့ ပန်းတွေအမျိုးမျိုး အလှည့်ကျ ပွင့်ကြတယ်။ စိတ်ရှုပ်လာတိုင်း ပြေးပုန်းစရာနေရာကလေးရှိတယ် ဆိုရမှာပေါ့။ ပန်းတွေက စိတ်ကိုရွှင် လန်းစေတယ်လေ။ ပန်းတွေမှ မဟုတ်ပါဘူး။ သဘာဝကြီးကိုက ပင်ပန်းဆင်းရဲနေတဲ့ စိတ်ကို ကု စားနိုင်တယ်။ အနည်းဆုံးတော့ ပင်ပန်းနေတဲ့ လူသားကို ထွေးပွေ့ပေးတတ်တယ်လေ။

ချယ်ရီတွေ ပွင့်နေလိုက်ပုံက သိပ်လှတယ်။ ကိုယ်ဟာ ချယ်ရီပင်ကို ခပ်လှန်းလှန်းကနေကြည့်ပြီး တပင်လုံး ရဲ့ အလှကို ခံစားလိုက်၊ အနီးကပ်ပြီး ချယ်ရီတပွင့်ချင်းစီရဲ့ အလှတရားကို စေ့ငုလိုက်နဲ့ ကြည့်လို့မဝနိုင်ဘူး။ လေပြေညှင်းကြောင့် လှုပ်ခါသွားတဲ့ ပန်းခိုင်တွေ၊ ဝေ့ဝဲကျလာတဲ့ ပွင့်ဖတ်ကလေးတွေ၊ ရေကန်ထဲမှာပြေးနေတဲ့ လှိုင်းအိကလေးတွေ၊ ရေပြင်ပေါ်မှာ ကူးခတ်နေတဲ့ ဘဲရိုင်းတွေဟာ လူလောကကြီးရဲ့ ပူပင်သောကတွေနဲ့ လုံးလုံးကင်းကွာနေတာပဲ။  ဖြစ်နိုင်မယ်ဆိုရင် ချယ် ရီပင်အောက်မှာ ထိုင်ပြီး စာအုပ်တအုပ်လောက် ဖတ်နေချင်မိတော့တယ်။  အပူအပင်ကင်းကင်းနဲ့ပေါ့လေ။ 
စိတ်ဒုက္ခကတော့ မကင်းနိုင်ပါဘူးလေ။ နောက်ရက်တွေမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ပြင် ဆင်ပေးဖို့လုပ်ရမယ်။ အချက်အလက် ရှာဖွေစုဆောင်းပေးဖို့ဆိုတော့ ရှာလိုက်၊ ဖတ်လိုက်နဲ့ ဦး နှောက်ခြောက်လှတယ်။ ကြိုးပမ်းမှုတွေ အများကြီးကြားထဲက ဆူပွက်လာနေတဲ့ ကမ္ဘာကြီးရဲ့ ငြိမ်း ချမ်းရေးကို ရှာလို့မတွေ့ဘူး။ တဖွဲဖွဲကြွေကျနေတဲ့ ပန်းပွင့်ကလေးတွေကိုသာ ငေးနေချင်တော့တယ်။ ကိုယ့်ရဲ့စိတ်ဟာ လောကကြီးကို စိတ်ပျက်လက်ပျက်ဖြစ်နေပြီဆိုတာမျိုးပဲ။ ကိုယ့်သက် တမ်းတလျှောက် ရှိလာတဲ့ အယူအဆ၊ အတွေးအခေါ်တွေဟာ မှန်ကန်ပါသေးရဲ့လား၊ စံထားလို့ ဖြစ်နိုင်ပါဦးမလားဆိုတာကိုပဲ တွေးနေမိတော့တာ။   
တချို့နေရာတွေမှာ ကိုင်းခုတ်ပြီး ထိုးစိုက်ထားပုံရတဲ့ ချယ်ရီပင် သေးသေးလေးတွေကလဲ တပင်လုံးဝေနေအောင် ပွင့်နေတယ်။ ရင့်ကျက်ပြီးသားအပင်က ကိုင်းကို ယူစိုက်ထားတာဆိုတော့ အပင်ကြီးထွားရင့်မာလာသည်အထိ စောင့်စရာ မလိုပဲ ပွင့်တော့တာပဲ။ အပင်ကြီးမှာ ပွင့်နေတဲ့ ချယ်ရီပွင့်နဲ့ ကိုင်းစိုက်အပင်ကလေးမှာ ပွင့်နေတဲ့ ချယ်ရီပွင့်က အတူတူပါပဲ။ 

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တဲ့၊ ဂျီနီဗာ ကွန်ဗင်းရှင်းတဲ့၊ ပါရီထရီတီတဲ့၊ ချာတာတွေလဲ အမျိုးမျိုး။ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာတော့ နောက်ထပ် စစ်ကြီးတွေ မဖြစ်ရအောင် ဆိုပြီး ဖွဲ့စည်းလိုက်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးနဲ့အတူ လူ့ရပိုင်ခွင့် ကြေညာစာတမ်းကအစပြုတဲ့ ရပိုင်ခွင့်သဘောတူစာ ချုပ်အမျိုးမျိုး ပေါ်ထွက်လာတယ်။ အဖွဲ့ဝင်နိုင်ငံတွေဟာ အဲဒီ သဘောတူစာချုပ်တွေကို လက် မှတ်ထိုးပြီး လိုက်နာဆောင်ရွက်ကြရတယ်ပေါ့။ အဲဒီလိုပဲ ကမ္ဘာကြီး တည်ငြိမ်သာယာ ငြိမ်းချမ်းရေးအတွက် နိုင်ငံအချင်းချင်းကြားမှာလဲ သဘောတူစာချုပ်တွေ အမျိုးမျိုးနဲ့ စည်းနှောင်ကြတယ်။ အင်အားကြီး တိုင်းပြည်တွေ နျူဖျက်သိမ်းရေးစာချုပ်သဘောတူညီချက် လက်မှတ်ထိုးကြတော့ လက်ခုပ်ဩဘာသံတွေ ညံခဲ့တာပေါ့လေ။  
တနေရာမှာတော့ ချယ်ရီပင်ကြီးကို ခုတ်လှဲထားတာတွေ့ရရဲ့။ အပင်အိုလို့လား၊ ရှုပ်တယ်ထင်လို့လား၊ ချယ်ရီကိုမကြိုက်လို့ တခြားအပင်နဲ့များအစားထိုးစိုက်ဖို့ စိတ်ကူးလေသလား။ ကိုယ်ကတော့ နှမျောမိတယ်။ ချယ်ရီကို ချစ်တာကိုး။ ချယ်ရီပန်းရဲ့ အလှကို မြတ်နိုးတာကိုး။ ခုတ်လှဲသူကတော့ ဒီအပင်ကို ဆက်ထားရှိလောက်အောင် တန်ဖိုးမထားလို့ ဖြစ်မှာပေါ့။ နေရာတကာမှာ ချယ်ရီတွေကို မြင်နေရတာကို မုန်းနေတာမျိုးတောင်ဖြစ်နိုင်သေးတယ်။ လောလောဆယ်တော့ လဲပြိုနေတဲ့ ချယ် ရီပင်ကိုမြင်ရတာ မချိဘူး။ ကိုင်းစိုက်ပြီး ပွားထားတဲ့ ချယ်ရီလေးတွေကိုမှ အားမနာ။  ခုတ်ရက်လေခြင်း။ 

အင်အားကြီးသူတွေက အစဉ်အလာကြီးတဲ့ စာချုပ်စာတမ်းတွေကို ဖောက်ဖျက်တာကို တွေ့မြင်ရတဲ့အခါ ကတိကဝတ်ဆိုတာဘာလဲလို့ မေးခွန်းထုတ်ချင်မိတယ်။ အင်အားကြီးသူတွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မထေမဲ့မြင်ပြုတဲ့အခါ အရာရာဟာ ပျက်သုဉ်းသွားတာပါပဲ။ စည်းမျဉ်းတွေ၊ ဥပေဒေတွေနဲ့ ထိန်းကွပ်ထားတဲ့ဘောင်တွေ ရိုက်ချိုးခံရတဲ့အခါ အင်အားနည်းသူတွေက ဘယ်လို ခုခံကာကွယ်ရမှာလဲ။ ကိုယ်တို့လို အားနည်းတဲ့ သူတွေ တစာစာအော်နေတာကို ဘယ်သူကများ နားထောင်မှာမို့လဲ။ ဥပေဒေ၊ စည်းကမ်း၊ သတ်မှတ်ချက်တွေဆိုတာ အားနည်းသူတွေအတွက် လိုက်နာဖို့ ဆိုပေမဲ့ အားကြီးသူတွေ အတွက်တော့ စိတ်တိုင်းကျချယ်လှယ်ဖို့ ဖြစ်နေခဲ့တာကိုး။ 
လူ့အသိုင်းအဝိုင်းကြီးကို ထိန်းကျောင်းထားတဲ့ ကျင့်ဝတ်တွေ စံနှုန်းတွေကို ချိုးဖောက်ပြလိုက်တဲ့ အင်အားကြီးသူတွေရဲ့ လက်ထဲမှာ အင်အားနည်းသူတွေက လက်ခုပ်ထဲက ရေ ဖြစ်ရတယ်။ ဘာမှ မတည်မြဲတဲ့ လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ အင်အားကြီးခြင်းကသာလျှင် အသေချာဆုံး ဖြစ်လေတော့ သဘာဝအားဖြင့် အင်အားနည်းသူတွေမှာ အကာ အကွယ်မဲ့ ရတာပဲ။ တကယ်တော့ ပန်းခြံကြီးထဲက မြက်ခင်းပြင်ပေါ်မှာအလေ့ကျပေါက်တဲ့ ဒေစီပန်း အဖြူရောင်လေးတွေရှိတယ်။ သိပ်လှတဲ့၊ ထင်ရှားတဲ့၊ ဆွဲဆောင်လွန်းတဲ့ ချယ်ရီလို တောင်ဇလပ်လို ပန်းတွေကို ငေးနေမိတာကြောင့် မြေပြင်မှာကပ်နေတဲ့ပန်းကလေးတွေကို သတိမထားမိဘူး။ ချယ်ရီတွေကိုမော့ ကြည့်ရင်း အငမ်းမရ တိုးကပ်မိတဲ့အခါ မြေပြင်မြက်တွေကြားက ပန်းကလေးတွေကို နင်းမိသွားတတ်တာပဲ။ မြက်ခင်းကိုညှိတဲ့ မြက်ရိတ်စက်ရဲ့ ဓါးသွားထဲကိုလည်း ဒီပန်းကလေးတွေက ပါသွားတတ်သေးရဲ့။ 

ကိုယ်ကြည့်ဖူးတဲ့ ရုပ်ရှင်တွေထဲကလို ကမ္ဘာပေါ်မှာ လူဦးရေများလွန်းနေပြီမို့ လျော့ချဖို့ လိုနေပြီလို့ ယူဆနေကြပြီလား။ တကယ်တော့ ဒီလို အယူအဆ ပေါ်လာလို့သာ ဒီလို ရုပ်ရှင်တွေ ပေါ်ထွက်လာတာမဟုတ်လား။ Infinity War ထဲက သားနို့စ် (Thanos) လို လူကောင်းလူဆိုးမခွဲ၊ လက်ဖျောက်တချက်တီးလိုက်တာနဲ့ ဦးရေထက်ဝက် ပျောက်ဆုံးစေတာမျိုးကို ရွေးမလား၊ ကင်းစ်မန်း (Kingsman) ထဲက ဗယ်လင်တိုင်းလို အားကြီးသူတွေ ချန်ထား၊ အားနည်းသူတွေ အကုန်သေ ဆိုတဲ့ အဖြစ်မျိုးကို ရွေးမလား၊  ရွေးချယ်ခွင့်ဟာလည်း အားကြီးသူရဲ့ လက်ထဲမှာပါပဲ။ 
အားကြီးသူ အနိုင်ယူစတမ်းဆိုတဲ့ တောရိုင်းဥပဒေသာလျှင် မှန်ကန်နေဆဲဆိုတာ သိလိုက်ပြီး ဘာကတိကဝတ်၊ ဘာစာချုပ်စာတမ်း၊ ဘာဥပဒေစည်းမျဉ်းကိုမှ မယုံကြည်နိုင်တော့တဲ့နောက် ကိုယ်ဟာ သဘာဝတရားထဲကို ပြေးဝင်ပြီး ပုန်းခိုနေလိုက်ဖို့ ကိုပဲ ရွေးချယ်မိပါတယ်။  

I come into the peace of wild things
who do not tax their lives with forethought
of grief. I come into the presence of still water.
And I feel above me the day-blind stars
waiting with their light. For a time
I rest in the grace of the world, and am free.

ဘာအခကြေးငွေမှ တောင်းခံခြင်းမရှိတဲ့ သဘာဝတရားရဲ့ ငြိမ်းချမ်းမှုထဲကို တိုးဝင်။ တည်ငြိမ်နေတဲ့ ကန်ရေပြင်ကို ငေး။ ညဘက်မှာ အလင်းရောင်ပေးဖို့ စောင့်စားနေမယ့် ကြယ်တွေရှိတယ်ဆိုတာကို ခံစား။ ခဏတဖြုတ်လောက်တော့ ကိုယ်ဟာ လွတ်လပ်ပေါ့ပါး ငြိမ်းချမ်းနေသလိုပါပဲ။ 

မာတီနာ 
-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar