ရန်လင်းအောင် - ကဗျာပဲလေ သေစရာလား
Art by BPN
ကဗျာပဲလေ သေစရာလား
ရန်လင်းအောင်
(မိုးမခ) မေ ၃၀၊ ၂၀၂၅
ကဗျာပဲလေ သေစရာလား
ကဗျာပဲလေ
မသေပါဘူးဗိုကြူး ကဗျာမို့လေ
ဘယ်ကလာသလဲ
ဘယ်သွားမလို့လဲ ဆိုတာထက်
ဘယ်မှာဆိုက်ကပ်ခဲ့သလဲ
ဘယ်မှာစိုက်ရောက်နေသလဲဆိုတာက
ပိုအရေးကြီးတယ် မဟုတ်လား
ငြိမ်သက်တိတ်ဆိတ်ခြင်းနဲ့
ဘာသံမှမထွက်နိုင်တော့ခြင်းဟာ
လုံးဝ လုံးဝ မတူဘူး မဟုတ်လား
ဗိုကြူး ရေ -
ကြည့်လေ ကမ္ဘာမှာ ကဗျာမှာ
ငြိမ်သက်တိတ်ဆိတ်သွားရပေမဲ့
ပိုမိုကျယ်ပြောလွတ်လပ်သွားကြတဲ့
အသံတွေ အသံတွေ
နားရှိတိုင်း မကြားပါဘူး
နားရွက်ကြီးတိုင်း နားမပါး ပါဘူး -
ကဗျာ့အသံ ဓမ္မအသံ အားစိုက် နားစွင့် -
ဗိုကြူးဟာ ကဗျာကမ်းခြေမှာ
ဆိုက်ကပ်ခဲ့တယ်
ကဗျာမြစ်မှာ စီးဆင်းတယ်
ကဗျာမြေမှာ စိုက်ရောက်ခဲ့တယ်
နေရာတနေရာမှာ
အသေချာ ( အတိအကျ )
ဆိုက်ရောက်ခဲ့သူကို
ဘယ်ကလာသလဲ
ဘယ်ကိုသွားမှာလဲ မေးစရာမရှိပါဘူး -
ဗိုကြူးဟာ သူ့ကဗျာဓာတ်မှာသူ
တိတ်ဆိတ်ငြိမ်သက်စွာ ကိန်းဝပ်
အသံပြုနေပါပြီ -
ကဗျာပဲလေ
မသေပါဘူး ဗိုကြူး
ကဗျာမို့လေ -
၂၉ . ၀၅ .၂၀၂၅
*** ကဗျာဆရာကြီး မောင်ကြူးရင့် ....သို့
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar