စစ်အာဏာသိမ်းပြီးနောက် ဆိုးရွားလာတဲ့ ရာဇဝတ်မှုတွေ
မြန်မာနွေဦးခရိုနီကယ် - မေ ၁၆ မြင်ကွင်း
မိုးမခ၊ မေ ၁၇၊ ၂၀၂၅
စစ်အာဏာသိမ်းပြီးနောက် ဆိုးရွားလာတဲ့ ရာဇဝတ်မှုတွေ
စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် မြင့်တက်လာတဲ့ ရာဇဝတ်မှုတွေ၊ ပျက်စီးသွားတဲ့ တရားဥပဒေ စိုးမိုးမှုတွေက နှစ်ကြာလာတာနဲ့အမျှ ပိုမိုဆိုးရွားလာနေတာ သတင်းတွေထဲမှာတွေ့နေရတဲ့ ရာဇဝတ်မှုတွေအရရော၊ မြို့နေလူထုရဲ့ ပြောဆိုမှုတွေကို နားထောင်ကြည့်ရင် သိရှိနိုင်ပါတယ်။
ဓါးပြတိုက်မှုတွေ နေ့စဥ်နဲ့အမျှ တမြို့ မဟုတ် တမြို့မှာ ဖြစ်ပွားနေတာ သတင်းတွေမှာတွေ့ရမှာ ဖြစ်ပါတယ်။ မန္တလေး၊ မုံရွာ၊ နေပြည်တော်၊ ရန်ကုန်၊ မော်လမြိုင်၊ တောင်ကြီး အစရှိတဲ့ မြို့တွေမှာ ဖြစ်ပွားနေတာ ကြားသိကြပြီး ဖြစ်ပါတယ်။ ရွှေဆိုင် ဓားပြတိုက်တဲ့ သတင်း၊ ဖုန်းဆိုင်၊ စတိုးဆိုင် ဓါးပြတိုက်တဲ့ သတင်း၊ လူနေအိမ်မှာ ရွှေငွေပစ္စည်းယူပြီး အမျိုးသမီးတွေနဲ့ ကလေးတွေပါ မကျန် သတ်ဖြတ်သွားတဲ့ သတင်းမျိုးတွေလည်း ကြားသိနေကြရတာ ဖြစ်ပါတယ်။
ဓားပြတိုက်၊ လူသတ်တဲ့ ရာဇဝတ်မှုတွေက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ အများစုဖြစ်ပွားသလို အချို့သော PDF ထိန်းချုပ်နယ်မြေတွေမှာလည်း ဖြစ်ပွားတာနေတာ ဖြစ်ပါတယ်။ မြို့ကြီးတွေမှာ ဘဏ်၊ ရွှေဆိုင်၊ ဖုန်းဆိုင်တွေနဲ့ အချို့သော လူနေအိမ်တွေကို ဓါးပြတိုက်မှုတွေ ဖြစ်ပွားသလို၊ ဓါးပြကို ခုခံရင်သတ်ဖြတ်တာ၊ နှုတ်ပိတ်တာတွေက ဖြစ်နေကျ အဖြစ်အပျက်တွေသဖွယ် မထူးဆန်းတော့ပါဘူး။ အငှားကားတွေကို ယာဥ်မောင်းသူထံက ဖုန်း၊ ငွေကြေးသို့မဟုတ် ကားကို ရယူဖို့ သတ်ဖြတ်ပြီး လုယက်တာတွေကလည်း မကြာခဏ ကြားသိနေရတဲ့ သတင်းတွေဖြစ်ပါတယ်။ စက်ဘီး သို့မဟုတ် ကားနဲ့ အစားအစာ၊ ပစ္စည်း ပို့တဲ့သူလိုမျိုးတောင် လက်ကိုင် ဖုန်းအတွက် လုယက်ခံရတာ၊ သတ်ဖြတ်ခံရတာတွေလည်း စစ်အာဏာသိမ်းပြီးနောက် မကြာခဏ ဖြစ်ပွားလာနေတာပါ။
မကြာသေးခင်က အိမ်ခြံမြေပွဲစား အလုပ်လုပ်ကိုင်တဲ့ အငြိမ်းစားတက္ကသိုလ် ဆရာမတဦးကို သတ်ဖြတ်ပြီး ကားနဲ့ ရွှေငွေတွေ ယူဆောင်သွားတဲ့ အဖြစ်အပျက် ပြင်ဦးလွင်မှာ ဖြစ်ပွားခဲ့ပါတယ်။ ခုရက်ပိုင်းအတွင်း နောက်ရာဇဝတ်မှုတခုက ရွှေပြည်သာမှာ ပြည်ပထွက်ပြီး အလုပ်လုပ်ဖို့ အခြားမြို့က ခေတ္တလာရောက်နေထိုင်တဲ့ အမျိုးသမီးကို လူငယ်တစုက အဓမ္မပြုကျင့်၊ သတ်ဖြတ်ပြီး အလောင်းဖျောက်တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့ပါတယ်။ သာမန်ကာလမှာ အခုလို အဖြစ်အပျက်တွေဟာ ထူးခြားတဲ့ ရာဇဝတ်မှုကြီးတွေအဖြစ် စိတ်ဝင်တစား ပြောဆိုကြကောင်း ပြောဆိုကြမှာဖြစ်ပေမယ့်လည်း မကြာခဏ ဟိုမြို့ သည်မြို့တွေမှာ ဖြစ်ပွားနေတာမို့လို့ မထူးခြားတဲ့ သတင်းအဖြစ်သာ လူအများစုက မှတ်ယူကြပါတော့တယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ ဖြစ်ပွားနေသလို စစ်ဘေးကျရောက်နေတဲ့ ဒေသတွေ၊ စစ်ပွဲတိမ်းရှောင်ပြီးနေရတဲ့ ယာယီနေရာတွေလိုမျိုးမှာလည်း လုယက်မှုမဟုတ်တဲ့ အဓမ္မပြုကျင့်မှု၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အဓမ္မပြုကျင့် သတ်ဖြတ်မှုလိုမျိုးထိ အဆိုးရွားဆုံး အရက်စက်ဆုံး အဖြစ်အပျက်တွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အကြာက ကချင်ပြည်နယ် လိုင်ဇာအနီးက စစ်ရှောင်စခန်းမှာ မိန်းကလေးငယ် ၃ ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ အမှုဖြစ်ပွားပြီး ကျူးလွန်သူကို KIA လက်နက်ကိုင် အဖွဲ့က သေဒဏ်စီရင်ခဲ့ပါတယ်။
မကြာသေးခင်လတွေကလည်း လားရှိုးမြို့မှာ လက်နက်နဲ့ သတ်ဖြတ်ကာ လုယက်မှုတွေ ကျူးလွန်ခဲ့တဲ့သူ ၅ ဦးကို MNDAA က သေဒဏ်စီရင်ခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။ အကျဥ်းရုံးစစ်ဆေးတဲ့ နည်းနဲ့ စစ်ဆေးပြီး ချက်ခြင်းစီရင်ချက်ချမှတ် ပြီးနောက် အယူခံခြင်းတွေ မရှိတော့ဘဲ နာရီပိုင်းအတွင်း စီရင်ကွပ်မျက်ခဲ့တာ တွေ့ရပါတယ်။ စစ်ပွဲတွေ ဖြစ်ပွားနေချိန်၊ အရပ်ဘက် အုပ်ချုပ်ရေးတွေ မစိုးမိုးတော့တဲ့ အခြေအနေမှာ အခုလို စစ်အုပ်ချုပ်ရေး၊ စစ်ခုံရုံးနဲ့ တထိုင်ထည်း စီရင်ချက်ချမှတ်ပြီး အပြစ်ပေးကြတဲ့ အခြေအနေမျိုး ရောက်နေတယ်လို့ ဆိုရမှာပါ။
မြို့တွေမှာနေတဲ့သူတွေအဖို့ ရာဇဝတ်မှုတွေ နေ့စဥ်လိုလို ဖြစ်ပွားလာနေတတာကြောင့် မလုံခြုံတဲ့ အနေ အထားမျိုးရင်ဆိုင်နေကြရချိန်မှာ ကျေးလက်တွေမှာနေထိုင်နေကြရသူတွေအဖို့လည်း ဓါးပြရန်၊ ပစ္စည်းလု လူသတ်တဲ့အန္တရာယ်တွေရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ ကျေးလက်နေလူထုအဖို့ တိုက်ပွဲတွေ၊ လက်နက် ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေရန်က အဓိကဖြစ်သလိုပဲ တဖက်မှာလည်း ဓါးပြမှု၊ လူသတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာနေပြီး လုယက်၊ ဓားပြတိုက်ခံကြရပေမယ့်လည်း ကျူးလွန်သူကို စုံ စမ်းထောက်လှမ်းဖို့၊ အရေးယူအပြစ်ပေးဖို့အဆင့်ထိ မရောက်နိုင်ကြတော့ပါဘူး။
ရဲတပ်ဖွဲ့လို တရားဥပဒေ စိုးမိုးရေးကို လုပ်ဆောင်တဲ့ လုံခြုံရေး တပ်ဖွဲ့လည်း သတ်သတ်မှတ်မှတ် ထားရှိတဲ့နေရာ ဒေသအချို့ရှိပေမယ့် နေရာအများအပြားမှာ ရဲတပ်ဖွဲ့ မရှိ၊ တရားစီရင်ရေး ပီပီပြင်ပြင်မရှိ၊ အယူခံခွင့်မရှိကြတော့တဲ့ တရားစီရင်ရေးမျိုးနဲ့ စခန်းသွားနေကြရတာ ဖြစ်ပါတယ်။
ဘာကြောင့် ရာဇဝတ်မှုတွေအများအပြားဖြစ်ပွားနေရတာလဲလို့ဆိုရင် အချို့ကလည်း အုပ်ချုပ်ရေးအာဏာ လစ်ဟာမှု၊ တရားဥပဒေ စိုးမိုးရေးထက် စစ်ရေး၊ နိုင်ငံရေးရည်ရွယ်ချက်ရလဒ်တွေကို ဦးစားပေးနေကြတာကြောင့်လို့ဆိုကောင်းဆိုနိုင်ပါတယ်။ တရားဥပဒေစိုးမိုးရေးကိုလုပ်ဆောင်ရမယ့် ရဲတပ်ဖွဲ့လိုမျိုးကို တိုက် ခိုက်ရေးတပ်ဖွဲ့တွေကို ကူညီရမယ့်အဖွဲ့အဖြစ် ရန်သူစစ်ကောင်စီကခိုင်းစေနေပြီး ရဲတပ်ဖွဲ့ကိုလည်း တော် လှန်ရေးအင်အားစုတွေက လုပ်ကြုံသတ်ဖြတ်တာ ဖမ်းဆီးတာတွေဖြစ်ပွားခဲ့ပြီးနောက်မှာ ရဲတပ်ဖွဲ့က ရာဇဝတ် မှုနှိမ်နှင်းရေးကို အာရုံစိုက်လုပ်ဆောင်ခြင်းမရှိတော့ဘဲ၊ စစ်တပ်ရဲ့အရိပ်အောက်မှာနေပြီး စစ်ရေးလှုပ်ရှားမှုတွေနဲ့ စစ်တပ်ကိုဆန့်ကျင်သူတွေကို ဖမ်းဆီးအရေးယူမှုအတွက် ကူညီလုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေ ရွာတွေမှာဖြစ်ပွားတဲ့ ခိုးမှု၊ လုယက်မှု၊ လူသတ်မှုတွေအများအပြား ဖော် ထုတ်အရေးယူနိုင်ခြင်း မရှိကြတော့တဲ့ အနေအထားဖြစ်ပါတယ်။
ဒီလိုထိန်းချုပ်နယ်မြေအသီးသီးမှာ တရားဥပဒေမစိုးမိုးတော့တဲ့အနေအထားက လူထုအဖို့ ကြီးမားတဲ့စိတ်ဖိစီးမှုဖြစ်စေပါတယ်။ လက်နက်အန္တရာယ်၊ တိုက်ပွဲကြောင့် နေအိမ်၊ ဥစ္စာ၊ အလုပ်အကိုင်အရင်းအနှီးနဲ့ စု ဆောင်းထားတဲ့ ငွေကြေး ပျက်စီးဆုံးရှုံးကြရသလို ရာဇဝတ်မှုတွေကြောင့်လည်း လူ့အသက်ရော ပိုင်ဆိုင်မှုတွေ ပါ ပျက်စီးဆုံးရှုံးနေကြရပါတယ်။
ငလျင်ဘေးဆိုးဆိုးရွားရွားခံစားနေရတဲ့ မန္တလေးလိုမြို့မှာတောင် လုယက်မှု၊ ဓားပြတိုက်မှု၊ သတ်ဖြတ်မှုတွေ တပြိုင်နက်တည်းဖြစ်ပွားနေတဲ့အဖြစ်ဟာ လူထုအဖို့ အနာဂတ်ကို အကောင်းမြင်ဖို့ ခက်ခဲလာစေတာလည်း ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ရာဇဝတ်မှုတွေ ပိုမိုများပြားလာအောင် ရာဇဝတ်မှုကျူးလွန်ပြီး အပြစ်ပေးခံ ထားရတဲ့ရာဇဝတ်မှု ကျူးလွန်သူတွေ ထောင်သောင်းချီပြီး လွတ်ငြိမ်းခွင့်၊ ပြစ်ဒဏ်လျော့ပေါ့ခွင့်တွေ နဲ့ မကြာခဏလွှတ်ပေးနေခြင်းကလည်း ရာဇဝတ်မှုတွေ မြင့်တက်လာစေတဲ့ အဓိကအကြောင်းအချက်တခု ဖြစ်ပါတယ်။ နိုင်ငံရေးအကြောင်းကြောင့် ဖမ်းဆီးထားသူသောင်းနဲ့ချီရှိနေချိန်မှာ လက်ခံနိုင်တဲ့အရေ အတွက်ထက်ပိုလွန်ပြီး လက်ခံထားရတဲ့အကျဥ်းထောင်တွေကို ဝိတ်လျော့ဖို့အတွက် ရာဇဝတ်မှုနဲ့ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံရသူတွေကို တနှစ်မှာ ၄/၅ ကြိမ်ထက်မနည်း လွတ်ငြိမ်းခွင့်ပေးပြီး လျှော့ချနေတာ ဖြစ်ပါတယ်။
လူထုအနေနဲ့ ရာဇဝတ်မှုတွေ များပြားလာတဲ့အခြေအနေကနေ မိမိတို့ဘာသာကာကွယ်နိုင်တဲ့ အခြေအနေမရှိပါဘူး။ ရပ်ရွာအသိုင်းအဝိုင်းက ဝိုင်းဝန်းစောင့်ကြည့်ကြမယ့် အစီအစဥ်မျိုးလည်း လုပ်ဆောင်ခွင့်မရှိတဲ့ အနေအထားအောက်မှာ ဖြစ်သမျှ အကျိုးဆက်ကို ခါးစည်းခံနေကြရတဲ့ အနေအထား ရောက်ရှိနေတာ စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်နေကြရတာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar