Breaking News

မောင်လူမွှေး - တကယ်ငတ်မှာလား

မောင်လူမွှေး - တကယ်ငတ်မှာလား

မိုးမခ ၊ မေ ၁၇ ၊ ၂၀၂၅


မနက် မောင်လူမွှေး အိပ်ရာမထခင် ဆရာလေးတစ်ယောက် ရောက်လာတယ်။ အဲဒီဆရာလေးဟာ ဆယ်တန်းအောင်ပြီးသား စစ်ရှောင်လူငယ်တစ်ယောက် ဖြစ်ပြီး မောင်လူမွှေးတို့နဲ့အတူ ကလေးတွေကို စာသင်ပေးနေသူ ဖြစ်ပါတယ်။ သူ့ရွာက လူတွေရှိတဲ့ စစ်ရှောင်စခန်းကို တစ်ည အိပ်သွားပြီး မနက်အစောကြီး မောင်လူမွှေး ဆီ ဝင်ခဲ့တာပါ။

"စစ်ရှောင်စခန်းကတော့ အခြေအနေ အားမရပါဘူး ဆရာရယ်။ လေယာဉ် ကြောက်ကြတော့ လမ်းဘေးကနေ ဟိုးအောက်ထဲ ပြောင်းသူက ပြောင်းကြတယ်။ ပညာရေးကလည်း ပြီးခဲ့တဲ့နှစ်က သင်တဲ့ ဆရာမတွေထဲက တချို့ မရှိတော့ဘူး။ နိုင်ငံခြားကို ထွက်ကုန်ကြပြီ" လို့ ပြောပါတယ်။

စစ်ရှောင်စခန်းအချို့မှာ ပညာသင်ကြားကြတဲ့ ဆရာ၊ ဆရာမတွေဟာ အင်မတန် ခက်ခဲကြတယ်။ ကိုယ့်တောင်သူလုပ်ငန်းခွင်ကို လုပ်ကိုင်ခွင့် ရနေတဲ့ ကျေးရွာတွေတောင်မှ ဆရာ၊ ဆရာမတစ်ယောက်ကို လခအဖြစ် သင့်တင့်အောင်ပေးနိုင်ခြင်းမရှိတဲ့ အခြေအနေမှာ သူတစ်ပါး လှူဒါန်းတာကို မှီခိုနေရသေးတဲ့ စစ်ရှောင်မိသားစုတွေက ဆရာ၊ ဆရာမတွေကို ထမင်း၊ ဟင်း စုံအောင် ဘယ်လို ထောက်ပံ့နိုင်ပါ့မလဲ။

"ကျနော်တို့ စစ်ရှောင်စခန်းကို ဆန်တို့၊ ဆီတို့ လာဝေတဲ့အခါကျရင်တော့ ဆရာ၊ ဆရာမ တစ်ယောက်ကို တစ်မိသားစုစာ သက်သက်ပေးပါတယ်ဗျ" လို့ စစ်ရှောင်စခန်းတစ်ခုရဲ့ တာဝန်ရှိသူက မောင်လူမွှေးကို ပြောဖူးပါတယ်။ ဒါဟာ စစ်ရှောင်စခန်းမှာ စာသင်နေတဲ့ ဆရာ၊ ဆရာမတွေ ရတဲ့ အထူးအခွင့်အရေးပါပဲ။

စစ်ရှောင်စခန်းမှာ ကလေးတွေကို ပညာသင်ပေးနေတဲ့ ဆရာမလေးအချို့ ကျပ်တည်းမှုဒဏ်ကို မခံနိုင်တဲ့အဆုံး နိုင်ငံခြားကို ထွက်ကြပါတယ်။ ဒီလိုအဖြစ်အပျက်တွေကို မောင်လူမွှေး မြင်ရ၊ ကြားရတဲ့အခါ ရင်ထဲမှာ မချိတင်ကဲ ဖြစ်ပြီး အားအင်တွေ ယုတ်လျော့ရပါတယ်။ 

နိုင်ငံခြားကို ထွက်ခွာသွားကြတဲ့ ဆရာမလေးတွေဟာ ဆရာမဆိုတဲ့ ဂုဏ်သရေကို ခွာချပြီး သူတစ်ပါးနိုင်ငံ၊ သူတစ်ပါးအိမ်မှာ  အလုပ်လုပ်ကြရတော့မယ်။ ကျောင်းသူ ကျောင်းသား ကလေးတွေ အပါအဝင် ကျန်ရစ်ခဲ့သူတွေကလည်း ဆရာ၊ ဆရာမအသစ်တွေနဲ့ အသားကျအောင် ကြိုးစားကြရပြန်ဦးမယ်။ နှစ်ဖက်လုံး ထိခိုက်ခံစားကြရတယ်။

မနက်အစောကြီး မောင်လူမွှေးဆီ ရောက်လာတဲ့ ဆရာလေးက သူ့ရွာက လူတွေနေတဲ့ စစ်ရှောင်စခန်းကိုလည်း ကူညီချင်၊ တကယ့်လက်တွေ့မှာ ကူညီနိုင်ဖို့ကလည်း ခက်ခဲတဲ့ အခြေအနေတွေကို မောင်လူမွှေးကို ပြောပြပါတယ်။ 

" စစ်ရှောင်စခန်းက ဦးလေးကြီးတစ်ယောက်က ဒီမှာ စာလာသင်ဖို့ မစဉ်းစားနဲ့နော်။ ငတ်သွားမယ်..." လို့ ပြောလိုက်တယ်ဗျလို့ သူက မောင်လူမွှေးကို ပြောပါတယ်။ ဆရာလေး ပြန်သွားပြီးနောက် အဆိုပါစကားသံဟာ မောင်လူမွှေး နားထဲ ပဲ့တင်ထပ်နေပါတော့တယ်။

တကယ်တော့ စစ်အာဏာရှင်  အဆက်ဆက်က ဘယ်လောက်ပဲ ဖိနှိပ်ခဲ့၊ ဖိနှိပ်ခဲ့ မောင်လူမွှေးတို့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ဆရာ၊ ဆရာမတွေကို ငတ်အောင်ထားတဲ့ လူ့အဖွဲ့အစည်းမျိုး မဟုတ်ပါဘူး။

ဒါပေမဲ့ ဆရာ၊ ဆရာမတွေကို မငတ်အောင်ထားရုံနဲ့တော့  ပညာရေးဟာ မတိုးတက်နိုင်ဘူး၊ လူ့အဖွဲ့အစည်းဟာလည်း ကောင်းမွန်ယဥ်ကျေးတဲ့ လူ့အဖွဲ့အစည်းအဖြစ် မရောက်နိုင်ဘူး ဆိုတာကိုလည်း လေးလေးနက်နက် သဘောပေါက်ထားကြဖို့ လိုမယ်လို့ မောင်လူမွှေး တွေးမိပါတယ်။

ဆရာလေး ပြန်သွားပြီးနောက် အတွေးနယ်ချဲ့နေရာက  နာရီကို ကြည့်လိုက်တော့ စာသင်ချိန်ဟာ နီးပြီ။ 

မောင်လူမွှေး ဟာ ကလေးတွေကို နှစ်နာရီစာ သင်ပေးပြီးရင် တစ်မိုင်လောက် ဝေးတဲ့နေရာက ဆရာမလေးတွေကို အင်္ဂလိပ်စာသွား သင်ရဦးမှာပါ။ စာသင်အပြန်မှာ အသားဟင်းချက်လေး ဝယ်ဖို့ မစ်မွှေးဆီက ပိုက်ဆံတောင်းတော့ "ဟိုနေ့က ဆေးကုနေတဲ့ လူနာတွေကို သွားအားပေးတာ ဓာတ်ဆီ နှစ်ဘူး၊ မနက်ဖြန် စစ်ရှောင်ကျောင်းကို သင်တန်းဆွေးနွေးပွဲ သွားရဦးမယ်။ သုံးရက် ဟင်းဝယ်လို့မရဘူး" လို့ မောင်လူမွှေးကို မိန့်ကြားတော်မူပါတယ် ခင်ဗျာ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar