ကိုအောင်မှိုင်း - အလိုရှိတယ်
အလိုရှိတယ်
ကိုအောင်မှိုင်း
မိုးမခ ၊ မေ ၁၅ ၊ ၂၀၂၅
ကျောင်းလွယ်အိတ်မြင်တိုင်း
မျက်ရည်ကျရတဲ့
ဘဝတွေအတွက်
လွမ်းတေးတွေ ဆုံးစေချင်ပြီ။
ကျောင်းလွယ်အိတ်ကလေးထဲက
ထွက်လာတဲ့ ကျိုးပဲ့သံစဥ်တွေထဲမှာ
သားတို့ ဘာအပြစ်တွေ လုပ်မိလို့လဲဗျာတဲ့။
ခင်ဗျားတို့လူကြီးတွေဟာ
သားသတ်သမားတွေ
ရာဇဝတ်ကောင်တွေလို့ ငိုရင်း ပြောကြတယ်။
ကျောင်းခေါင်မိုးပေါ်
ဗုံးချရဲတဲ့ သူရဲဘောကြောင်သူတွေအတွက်
သူတို့သားသမီးတွေ သူတို့မိဘတွေကို
ကျန်းမာကြပါစေလို့ ဆုတောင်းပေးရမလား။
ဗမာပြည်မှာ
ကလေးငယ်တွေကို သွေးအေးအေးနဲ့
သတ်ဖြတ်ရဲတဲ့ ရာဇဝတ်ကောင်တွေ
ရှိခဲ့ကြောင်း သမိုင်းရေးကြရလိမ့်မယ်။
တချိန်မှာ
သူတို့ ဆွေစဥ်မျိုးဆက် မိသားစုတွေကို
ဒီယုတ်မာပက်စက်မှုတွေအကြောင်း
အသေအချာ ပြန်ပြောပြကြရလိမ့်မယ်။
ငါတို့ကို
သီးခံခြင်းတရားတွေ
လာမဟောပြောကြပါနဲ့
ကလေးတွေရဲ့ ဝိညာဥ်တွေတွက်
တခုခုတော့ လုပ်ကြရလိမ့်မယ်။
လူကြီးလူကောင်းတွေ
ငါတို့ဆီ မလာကြပါနဲ့
ငါတို့လို ခံစားနိုင်မယ့် သူတွေသာ အလိုရှိပါတယ်။
-