Breaking News

၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲနဲ့ မဟာဗျူဟာ

မြန်မာနွေဦးခရိုနီကယ် - မေ ၁၄ မြင်ကွင်း

မိုးမခ၊ မေ ၁၅ ၊ ၂၀၂၅

'၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲနဲ့ မဟာဗျူဟာ'


စစ်ကောင်စီက ကျင်းပမည်ဟု ထုတ်ဖော်ပြောဆိုထားသည့် လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ပြီးခဲ့သည့်ရက်ပိုင်းက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။၊ ကြေညာချက်၏ အဓိက ရည်ရွယ်ချက်မှာ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများကို ရည်ရွယ်တိုက်တွန်းခြင်း ဖြစ်ပြီး စစ်ကောင်စီက လာမည့်နှစ်ကုန်နှင့် နောင်နှစ်ဆန်းတွင် ကျင်းပမည် ဆိုသည့် အတုအယောင် ရွေးကောက်ပွဲကို ပါတီများအနေဖြင့် သပိတ်မှောက်ကြရန် NUG နှင့် NUCC တို့ ပူးတွဲအကြံပြုချက် ထုတ်ပြန်ခြင်း ဖြစ်သည်။


အာဏာသိမ်း စစ်တပ်အနေဖြင့် ရွေးကောက်ပွဲ ကျင်းပခွင့် တရားဝင်မှုမရှိကြောင်း နှင့် စစ်ရာဇဝတ်မှု အများအပြား ကျူးလွန်ထားသည့် စစ်တပ်က ကျင်းပသည့်ရွေးကောက်ပွဲတွင် ပါဝင်ခြင်းအားဖြင့် နိုင်ငံရေးပါတီများပါ ကြံရာပါ အလိုတူအလိုပါ ဖြစ်နိုင်ကြောင်း ရေးသားထားသည်ကိုတွေ့ရသည်။


ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲ၏ ရလဒ်သည်လည်း ပျက်ပြယ်ခြင်း မရှိသေးဟု ကြေညာချက်တွင်ဆိုထားသည်ကို တွေ့ရသည်။ ဆိုလိုချင်သည်မှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး နွေဦးတော်လှန်ရေးကို ယခုအချိန်ထိ ဆက်လက်ဆင်နွှဲနေဆဲဖြစ်ခြင်းကို ညွှန်းဆိုပုံရသည်။ 

စစ်ကောင်စီ ကျင်းပမည် ဆိုသည့် ရွေးကောက်ပွဲသည် ၂၀၁၀ ခုနှစ်တွင် နအဖ စစ်အစိုးရ ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့် မည်သည့်အချက်တွေ ခြားနားသလဲဟု မေးစရာ နှိုင်းယှဥ်စရာလည်း ရှိကောင်းရှိပါလိမ့်မည်။ ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် အခြေခံဥပဒေ အပေါ် မူတည်ကာ ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲသည်လည်း ထိုစဥ်အချိန်အခါက လူကြိုက်များခဲ့သည်တော့မဟုတ်။ 


၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း အကြီးဆုံး အတိုက်အခံပါတီ NLD ဝင်ရောက်ယှဥ်ပြိုင်ခြင်း မရှိခဲ့ပါ။ ရွေးကောက်ပွဲ ကျင်းပသည့် ကာလတွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် မလွတ်သေးသလို ဗဟိုကော်မတီ အနေဖြင့်လည်း စုံညီအစည်းအဝေး ထိုင်နိုင်သည့် အနေအထားမဟုတ်ခဲ့ပါ။ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ဆန္ဒရှိကြသည့် ယခင် NLD ပါတီထဲက ဗဟိုအမှုဆောင်ကော်မတီဝင်ဟောင်း တချို့က အမျိုးသားဒီမိုကရေစီ အင်အားစု NDF ဟု သီးခြားပါတီထောင်ကာ ရွေးကောက်ပွဲဝင်ခဲ့ကြသည်။ 


ထို့ပြင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကာလက ဖွဲ့စည်းခဲ့ကြသည့် တိုင်းရင်းသား ပါတီများမဟုတ်ဘဲ ၂၀၁၀ တွင် အသစ် ပေါ်ထွက်လာသည့် တိုင်းရင်းသားပါတီ အချို့ လည်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။ ဥပမာအားဖြင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ကျားဖြူ ပါတီဟု အရပ်ခေါ် ခေါ်ကြသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် ကရင်ပြည်နယ်တွင်လည်း ကရင်ပြည်သူ့ပါတီ အစရှိသည်တို့ ဖြစ်သည်။


၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ အစိုးရဖွဲ့နိုင်ရေးအတွက် အနိုင်ရအောင် နည်းမျိုးစုံသုံးကာ လုပ်ဆောင်ခဲ့ကြသည်။ အမှန်တကယ် ထည့်ခဲ့ခြင်းမရှိသည့် ကြိုတင်မဲအရေအတွက် အများအပြားဖြင့် အနိုင်ရအောင် လုပ်ခဲ့ကြသည့် အထောက်အထား သက်သေများစွာရှိခဲ့သည်။ အဓိက အတိုက်အခံ NLD ရွေးကောက်ပွဲ မဝင်ခြင်းက ကြံ့ခိုင်ရေးအတွက် အခွင့်အလမ်းလည်း ဖြစ်စေခဲ့သည်။


ယုံကြည်ကိုးစားခံရသည့် ရွေးကောက်ပွဲတရပ် မဟုတ်ခဲ့ဘဲ ၂၀၁၀ ရွေးကောက်ပွဲ အလွန်အခြေအနေတွေ ပေါ်ထွက်လာပြီးနောက်တွင် ၂၀၁၀ ရွေးကောက်ပွဲကို ပြန်လည်အကဲဖြတ်ကြရတွင် ခရက်ဒစ် အချို့ရခဲ့သည်ဟု ဆိုလျှင် မှားမည် မထင်ပါ။ ခရက်ဒစ်အချို့ဟု ဆိုရာမှာ - ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီကို ရွေးကောက်ပွဲနိုင်ငံရေးလမ်းကြောင်းပေါ် ရောက်ရှိလာစေခြင်း၊ ကြံ့ခိုင်ရေးပါတီအာဏာရပြီးနောက် နိုင်ငံရေးနည်းဖြင့် အဖြေရှာခြင်းကို ရှေ့တန်းတင်မှုအပေါ် နိုင်ငံတကာနှင့် နိုင်ငံရေးအင်အားစုများအတွင်း မျှော်လင့်ချက်များ ပေါ်ပေါက်လာခြင်းကို ဆိုလိုပါသည်။


အဆိုပါ မျှော်လင့်ချက်အရှိန်အဟုန်ဖြင့် ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ အများစုမဲ အနိုင်ရပြီး NLD အစိုးရ NLD လွှတ်တော်ကို ထူထောင်နိုင်ခဲ့သည်။ ကိုဗစ်လှိုင်းတွင်လည်း NLD အစိုးရက ပြည်သူနှင့်အတူ ရုန်းကန်လှုပ်ရှားခဲ့သည့် ရုပ်ပုံကောင်းများနှင့်အတူ ၂၀၂၀ ရွေးကောက်ပွဲကို ဆက်လက် အနိုင်ရရှိခဲ့သည်။ သို့သော်လည်း ယခု အများသိကြသည့်အတိုင်း စစ်တပ်က ရွေးကောက်ခံအစိုးရနဲ့ လွှတ်တော် ရလဒ်ကို ဆန့်ကျင်ဘက်ပြုပြီး အာဏာသိမ်းခြင်းဖြင့် သမိုင်းတဆစ်ချိုးခဲ့ပြီးပြီ ဖြစ်ပါသည်။


ယခု ၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲက ၂၀၁၀ နှင့် လုံးဝခြားနားသည့် နောက်ခံအခြေအနေမျိုးဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ငြင်းဆန်သည့် စစ်တပ်က အာဏာသိမ်းပြီး ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်နေသည့် အခြေအနေကြားတွင် ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။ နိုင်ငံရေးအင်အားစု အများစုနှင့် လူထုကလည်း ရွေးကောက်ပွဲ လမ်းကြောင်းကို စိတ်မဝင်စားသည့် အခြေအနေဖြစ်သည်။ အာဏာသိမ်း စစ်ကောင်စီက စစ်အာဏာသိမ်းစဥ်ကတည်းက ၂၀၂၀ ရွေးကောက်ပွဲကာလက မှားယွင်းမှု အများအပြားရှိသည်ဆိုသည့် မဲစာရင်းစစ်ဆေးသည့် ကိစ္စများ ဆောင်ရွက်ပြီးလျင်  ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည် ဆိုသော်လည်း အမှန်တကယ်ကျတော့ သန်းခေါင်စာရင်းကောက်ခံခြင်း၊ တိုင်းပြည် အခြေအနေ ပုံမှန်ပြန်မရောက်သေးသည်ဟု ဆိုကာ ၄ နှစ်တိုင် အချိန်ဆွဲပြီး စစ်တိုက်နေခြင်း ဖြစ်သည်။


တိုင်းပြည်အခြေအနေက ပြည်တွင်းစစ်မီးတောက်ထဲ ကျရောက်ကာ တရားဥပဒေ မစိုးမိုးတော့သည့် အချိန်တွင်မှ စစ်တပ်က အားကိုးအားထားပြုရသည့် နိုင်ငံကြီးတချို့ရဲ့ ဖိအားကြောင့်သာ ကျင်းပရခြင်း ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပပေးမည့် အခြေအနေကို ဖော်ဆောင်ခြင်းကို ထားပါဦး၊ လက်ရှိ နိုင်ငံတော်အဆင့် ငလျင်ကပ်ဘေးကြီးကိုပင် ဖြေရှင်း ကုသပေးခြင်း မရှိဘဲ မြန်မာပြည်သူလူထု အနှံအပြားပေါ်ကို ဗုံးမိုးရွာနေဆဲ ဖြစ်ရာ စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဆိုသည်မှာ အမည်ခံသက်သက် မည်ကာမတ္တ လုပ်ပွဲတခုသာ ရည်မှန်းချက်ဟု ဆိုနိုင်သည်။


NUG, NUCC တို့အနေဖြင့် ERO မဟာမိတ်များ အခြား လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများက စစ်အုပ်စု အဆက်ဆက်နှင့် ရင်ဆိုင် တွန်းလှန်နေခဲ့ရသည့် သမိုင်းနောက်ခံများတွင် ရွေးကောက်ပွဲများ နိုင်ငံရေးပါတီများအပေါ် မည်သို့ ရပ်တည်ခဲ့ကြ၊ တုန့်ပြန်ခဲ့ကြသလဲဆိုတာကို  ဆွေးနွေးဖလှယ်ခဲ့ကြသလားဆိုသည့် မေးခွန်းကို ထုတ်လိုပါသည်။ 


လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကို မြန်မာစစ်အုပ်စုက ရွေးကောက်နည်းဖြင့် အဖြေရှာရန်၊ ပါတီမှတ်ပုံတင်ကြရန် သို့မဟုတ် နောက်တနည်း အပစ်ရပ်ပြီးနောက် တွေ့ဆုံဆွေးနွေးမှုများ ပြုကြရန်၊ သို့မဟုတ် ၎င်းတို့နှင့်အတူ လုံခြုံရေးလုပ်ငန်းများ နယ်စပ်စောင့်ရှောက်ရေးအလုပ်များ၊ စီးပွားရေးသဘောတူညီချက်များ ရယူရန် ချည်းကပ် ကမ်းလှမ်းခဲ့ကြသည်များကို တွေ့ရှိနိုင်ပါသည်။ 

ခေတ်အဆက်ဆက်တွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အများစုက စစ်အုပ်စု၏ ရွေးကောက်ပွဲမျိုးစုံကို အသိအမှတ်ပြုခြင်းထက် ဘာကိုမှ မှတ်ချက်ပေးခြင်း မပြုခဲ့ကြဟု ဆိုနိုင်သည်။ နိုင်ငံရေးပါတီများကိုလည်း အစုအဖွဲ့တခုထက်ပို၍ ထည့်သွင်းစဉ်းစားခြင်း မရှိကြဟု တွေ့ရသည်။ ခေတ်အဆက်ဆက်တွင် NLD ပါတီကို လက်နက်ကိုင်တိုင်းရင်းသားများက လူထုထောက်ခံမှုရသော အတိုက်အခံအဖွဲ့အစည်းတရပ်အဖြစ် လက်ခံဆွေးနွေး ဆက်ဆံရေးထူထောင်ကြခြင်းသာ ဟု ဥပမာ ပြလိုသည်။ ၁၉၉၀ ရွေးကောက်ပွဲနိုင်ခဲ့သည်ထက် စစ်အစိုးရကို ဆန့်ကျင်သော အတိုက် အခံအဖွဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြင့်သာ ရှုမြင်လက်ခံကြခြင်းသည် ဘုံကျသော သဘောထားဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ရွေးကောက်ပွဲနိုင် အစိုးရများကို ရှေ့တန်းတင်ပြီး စစ်အုပ်စုက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ပြန်တော့လည်း တိုင်းရင်းသားလက်နက်ကိုင်များအဖွဲများကလည်း ပါတီမှတ်ပုံတင်ထားသည့် နိုင်ငံရေးအစုအဖွဲ့တရပ်အဖြစ်သာ စစ်အုပ်စုနှင့်အတူ လက်ခံ ဆက်ဆံခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ယခု ၂၀၂၅ ဖြစ်စေ ၂၀၂၆ ဖြစ်စေ စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲ၊ အဆိုပါရွေးကောက်ပွဲတွင် စစ်ကောင်စီအလိုကျ လိုက်ပါကြမည့် နိုင်ငံရေးပါတီများ၊ အဆီုပါရွေးကောက်ပွဲအကြောင်းပြုပြီး စစ်ကောင်စီနှင့် ဆက်ဆံရေးထူထောင်ခြင်း၊ ပြည်တွင်း ပြည်ပတွင် နိုင်ငံရေးလှုပ်ရှားမှုများဖြင့် နေရာယူဖို့ ကြိုးစားကြခြင်းမှာ ထူးဆန်းထွေလာ မဟုတ်ပါ။ 
၂၀၂၀ ရွေးကောက်ပွဲက ပေါ်ထွန်းခဲ့သည့် လူထုရွေးကောက်ခံများနှင့် ပြည်သူလူထုအများစုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မဟာမိတ်ပြုကာ စစ်ကောင်စီကို တွန်းလှန်ဖို့ နွေဦးတော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေဆဲ ဖြစ်သည့်အချက်က ပင်မရေစီးဖြစ်နေသည်။ 

အဆိုပါ ရွေးကောက်ပွဲလှုပ်ရှားမှုမှာ စစ်ကောင်စီနှင့် အပေါင်းအဖွဲ့များအတွင်း အစုအဖွဲ့အချင်းချင်း လှုပ်ရှားမှုမျှသာ ဖြစ်သည်။  NUG နှင့် NUCC က ထောက်ပြသကဲ့သို့ သမိုင်းတွင် ဘယ်မှ မော်ကွန်းမတင်သည့် စစ်ကောင်စီအတွက် ကြံရာပါများအဖြစ်ထက်  ပို၍ ခရီးရောက်မည် မဟုတ်ဟု ဆိုလိုက်ချင်ပါတော့သည်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar