Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၅ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၅ )

မိုးမခ၊ မေ ၂၅ ၊ ၂၀၂၅

24/5/25

Diary in the darkness 

အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲကြီးတွေ ဒီးမိုးမကုန်ခင် ဖြစ်တော့မယ် ထင်တယ်။

မနေ့ညက မိုးကြီးရွာတယ်။ ဒီမနက် မိုးအုံ့ နေတယ်။ ညက ဗန်းမော်မြို့သိမ်းသတင်းကို တရေးနိုးတိုင်း ဖုန်းဖွင့်ပြီး ထ ထ ကြည့်တယ်။ မသိမ်းနိုင်သေး။ ရဟတ်ယာဉ်နှစ်စီးကို KIA က ပစ်ချတဲ့ သတင်းတွေ အဆက်မပြတ် တက်နေတာတွေ့ရတယ်။ စကစ ကတော့ စက်ချို့ယွင်းလို့ ပျက်တာပါ လို့ ပြောတယ်။ သူ ကြေညာသလိုဆိုရင် ရဟတ်ယာဉ်ကုမ္ပဏီမှာ တာဝန်ရှိတယ်လို့ ပြောရမလိုဖြစ်နေပြီ။ ကုမ္ပဏီ နာမည်ပျက်ပြီပေါ့။ 

ကျောက်ဖြူလည်း AA လက်ထဲကျဖို့ နီးလာပြီ ဆိုတဲ့သတင်းတွေ လွန်ခဲ့တဲ့ တပတ်ကတည်းက လူမှုကွန်ရက်ပေါ်မှာ ပြန့်နေတယ်။ ခုထိတော့ မကျသေးဘူး။ AA က စစ်မှုထမ်းနိုင်တဲ့ လူငယ်တွေကို ရခိုင်မှ မစွန့်ခွာဖို့ တားမြစ်တဲ့အမိန့်ထုတ်တယ်။ 

အဆုံးအဖြတ်ပေးမယ့်တိုက်ပွဲကြီးတွေ ဒီးမိုးမကုန်ခင် ဖြစ်တော့မယ်ထင်တယ်။ 

ကရင်ပြည်နယ်ဘက်မှာလည်း တော်လှန်ရေးတပ်တွေက စကစ စစ်စခန်းတွေကို ဆက်တိုက်သိမ်းနေကြတယ်။ ဒါပေမဲ့ မြို့တွေကို မသိမ်းဘူး။ မြို့ကိုသိမ်းရင် စကစ က မြို့‌နေပြည်သူတွေကို ဗုံးလာကြဲမှာကို တော်လှန်ရေးတပ်တွေက မလိုလားဘူး။

ရန်ကုန်မှာတော့ မနေ့က စစ်ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ရန်ကုန်ပြောက်ကျားအဖွဲ့က လုပ်ကြံသတ်ဖြတ်လိုက်တယ်။ လုပ်ကြံသူ ပြောက်ကျားအားလုံး လွတ်မြောက်တယ်လို့ တော်လှန်ရေးတပ်ဘက်က သတင်းထုတ်ပြန်တယ်။ စီစီတီဗွီမှတ်တမ်းတွေကိုတော့ စကစ က ရလိုက်တယ်လို့ အစိုးရက ကြေညာတယ်။ ရန်ကုန်ဝန်းကျင်မှာ စကစရဲ့ စစ်ဆေးရေးဂိတ်တွေက တင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်။ PDF တွေ တောင်ငူနဲ့ ၄ မိုင်အကွာအထိ ရောက်နေပြီလို့ စကစ လော်ဘီတွေက ငိုသံပါကြီးနဲ့ ပြောနေတယ်။

အိုးတိန်တွင်း မူလတန်းကျောင်းကို ဗုံးကြဲတဲ့အမှုက ကုလသမဂ္ဂကို ရောက်တယ်။ စကစ လော်ဘီတွေကတော့ ဗြောင်ငြင်းနေတုန်းပဲ။ 

မြို့ထဲမှာ လက်ဖက်ရည်တခွက် ၂၆၀၀ ကျပ်ပေးနေရတယ်လို့ သူငယ်ချင်းက ညည်းတယ်။ မြို့စွန်မှာတော့ ၂၀၀၀ ကျပ်ဝန်းကျင်ပဲ ရှိသေးတယ်။ မအလ ကတော့ ဘက်က်ထရီရထားတွေ ပြေးဆွဲတော့မယ်လို့ ပြောနေတယ်။ ဘယ်သူ ယုံယုံ၊ မယုံယုံ သူ့လူ ငအတွေ ယုံရင်ပြီးရောဆိုပြီး ပြောနေဟန်ရှိတယ်။ 

ကျွန်တော်ကတော့ ဆင်းရဲတွင်းမှာ နေရတာ အသားကျနေပြီ။ ပဲပြုတ် ၁၀၀၀ ကျပ်ဖိုးနဲ့ အိမ်ခြံစည်းရိုးက ဟင်းရွက်တို့စရာတွေ အားပြုပြီး အသက်ဆက်တယ်။ ဓာတုကင်းစင်တဲ့ အစာအာဟာရတွေကြောင့် ထင်တယ်၊ ကျန်းမာရေး သိသိသာသာကောင်းလာတယ်။ ဂွေးတောက်ရွက်ဟင်းချို၊  သ‌င်္ဘောရွက်သုပ်၊ ကန်စွန်းရွက်ပြုတ်ကြော် စတဲ့ ဟင်းပွဲတွေနဲ့ ခံတွင်းတွေ့နေပြီ။ အိမ်နီးချင်းတွေ လက်ဆောင်ပေးတဲ့ သရက်သီးတွေက အချိုပွဲပေါ့။ 

ကျွန်တော်တို့ရဲ့ ထမင်းပွဲဟာ ခေတ်နောက်ပြန်ရောက်သွားတာလား၊ သဘာဝနဲ့ ပိုနီးစပ်လာတာလားမပြောတတ်ပါ။ ဒီကပ်သုံးပါးကို ကြံဖန်ကျော်ဖြတ်ပြီး အသက်ရှင်အောင်တော့ ကြိုးစားရပါဦးမယ်။ 

အန်ကယ် တူမီး

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar