တိုင်းပြည်ပျက်တဲ့ကာလမှာ နေထိုင်နေကြရတဲ့ လူထုတွေရဲ့ဘဝ
မြန်မာနွေဦးခရိုနီကယ် - မေ ၂၄ မြင်ကွင်း
မိုးမခ၊ မေ ၂၅ ၊ ၂၀၂၅
တိုင်းပြည်ပျက်တဲ့ကာလမှာ နေထိုင်နေကြရတဲ့ လူထုတွေရဲ့ဘဝ
ငယ်စဥ်က အမေအဖေက သူတို့ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလတွေရဲ့ အတွေ့အကြုံ ကို ပြန်လည်ပြောပြသည့် အခါ “တိုင်းပြည်ပျက်တုန်းက” ဆိုသည့် စကားလုံးကို မကြာခဏကြားခဲ့ရပါတယ်။ အမေရည်ညွှန်းတဲ့ တိုင်းပြည်ပျက်တဲ့ကာလ ဆိုတာက ဒုတိယ ကမ္ဘာစစ်မီး မြန်မာနိုင်ငံကို ကူးစက်လာပြီး ဗြိတိသျှတွေကို ဂျပန်တပ်တွေက မြန်မာနိုင်ငံတောင်ပိုင်းကနေ စတင်ဝင်ရောက် တိုက်ခိုက်ပြီး တစတစ မြောက်ပိုင်းထိ ရောက်သွားတဲ့ ကာလကို ဆိုလိုပြီး ဒုတိယ တိုင်းပြည်ပျက်တဲ့ကာလက ၁၉၄၉ ခုနှစ်မှာ စတင်ဖြစ်ပွားတဲ့ ပြည်တွင်းစစ် (စစ်တပ်နဲ့ အစိုးရတွေက ရောင်စုံသူပုန်ကာလ လို့ သုံးနှုန်း) တဲ့ကာလတွေက အတွေ့အကြုံတွေကို ပြောဆိုတာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်မီး မြန်မာကို ကူးစက်လာတဲ့ ၁၉၄၂ ခုနှစ်မှာ အုပ်ချုပ်နေတဲ့ ဗြိတိသျှကိုလိုနီ အစိုးရ အုပ်ချုပ်ရေး ပျက်ပြီးနောက် ဝင်ရောက်လာတဲ့ ဂျပန်အင်ပီရီယယ်တပ်နဲ့ ဗမာ့လွတ်လပ်ရေးတပ် BIA အုပ်ချုပ်ရေးက ကောင်းစွာ အစားမထိုးနိုင်ခင်ကာလတွေမှာ ဖြစ်ပျက်ခဲ့တာတွေကို တိုင်းပြည်ပျက်တဲ့ကာလ၊ အုပ်ချုပ်ရေး မရှိတဲ့ကာလ၊ တရားဥပဒေ စိုးမိုးခြင်းတဲ့ ကာလတွေဖြစ်ပါတယ်။ အဲဒီကာလတွေမှာနေထိုင်ခဲ့ရတဲ့မိဘတွေအနေနဲ့ သူတို့အတွေ့အကြုံတွေကို ပြန်အမှတ်ရ ပြန်ပြောပြကြတာ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ တခါတရံ တရားဥပဒေစိုးမိုးရေး ကမောက်ကမအဖြစ်တွေ့ကြုံရရင် တိုင်းပြည်ပျက်တုန်းက ဘယ်လိုဘယ်ညာ စသဖြင့် နှိုင်းယှဥ်အမှတ်ရ ပြောဆိုလေ့ရှိကြတာ ကြားခဲ့ဖူးပါတယ်။
ဂျပန်တပ်တွေနဲ့ အတူ BIA တွေဝင်လာတဲ့အခါ ဗြိတိသျကိုလိုနီ အစိုးရက ၄င်းတို့ဆုတ်ခွာတဲ့အခါ အုပ်ချုပ်တဲ့ ရပ်ရွာအုပ်ချုပ်ရေး သူကြီး၊ ရဲဌာန.. စတာတွေပါ ရုပ်သိမ်း ဖြေလွှတ်ခဲ့တာဖြစ်လို့ ဂျပန်တပ်နဲ့ BIA တွေဝင်မလာခင်စပ်ကြားမှာ ကျေးရွာတွေ၊ မြို့တွေက အုပ်ချုပ်ရေးမရှိတဲ့ကာလအပိုင်း အခြားတခုကို ဖြတ်သန်းကြရတာ ဖြစ်ပါတယ်။ အဲဒီကာလမှာ လုယက်၊ သတ်ဖြတ်၊ ပိုင်ဆိုင်မှု ပစ္စည်းဖောက်ထွင်း ယူဆောင်တာတွေ၊ လူဆိုးလူမိုက်တွေက ၄င်းတို့နဲ့ ရန်ငြှိုး ရန်စရှိသူတွေကို သတ်ဖြတ်တာတွေကို လုပ်ဆောင်ကြတဲ့ အဖြစ်အပျက်တွေကို မိဘတွေကြုံတွေ့ ကြားသိခဲ့ကြရတာ ဖြစ်ပါတယ်။ ရွာထဲမှာ လူဆိုးလူမိုက်၊ ဓားပြတွေက အုပ်ချုပ်ရေး မရှိတော့ဘူးဆိုတာနဲ့ တပြိုင် နက် အငြှိုးရှိသူတွေကိုသတ်ဖြတ်ဖို့ အုပ်စုဖွဲ့လုပ်ဆောင်တာ၊ ငွေကြေးချမ်းသာသူတွေရဲ့ နေအိမ်တွေကိုဝင်ပြီး တန်ဖိုးရှိတဲ့ပစ္စည်းတွေယူဆောင်ကြတာ၊ ဓားပြတိုက်တာ၊ သတ်ဖြတ်တာတွေ နိုင်ငံရဲ့ နေရာအနှံ့အပြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ကြပါတယ်။
ငွေကြေးအတန်အသင့်ရှိသူတွေအဖို့ လုယက်ခံရမှာ သတ်ဖြတ်ခံရမှာစိုးရိမ်တာကြောင့် ပိုင်ဆိုင်မှုတွေအနက်က သယ်ယူရလွယ်တဲ့ရွှေ ငွေတို့လောက်ကို သယ်ယူပြီး ကိုယ့်မြို့ကိုယ့်ရွာကနေ အန္တရာယ်ပိုနည်းပါးတဲ့ မြို့၊ ရွာတွေကို ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ဆိုပါတယ်။ ရပ်ရွာထဲမှာ လူလုံးဝမကျန်အောင် ရွှေ့ပြောင်းကြတာတော့ မဟုတ်ပဲ၊ မရွှေ့ပြောင်းနိုင်သူတွေ ဆုံးရှုံးစရာ ရွှေ ငွေများများစားစား မရှိသူတွေတော့နေထိုင်ရစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲလိုရွှေ့ပြောင်းတိမ်းရှောင်သွားတဲ့နောက် လူဆိုး လူမိုက်တွေ ထိုစဥ်က အခေါ်အဝေါ်နဲ့ တောကြောင်တွေက ငွေကြေးရှိသူတွေရဲ့နေအိမ်တွေ ဝင်ရောက်မွှေနှောက်ပြီး ယူဆောင်ကြ၊ မယူနိုင်တာတွေ ဖျက်ဆီးကြတာတွေ လုပ်ခဲ့ကြပြီး ရန်ငြှိုးရန်စရှိသူတွေကိုလည်း အုပ်စုနဲ့သတ်ဖြတ်ကြတာတွေ လုပ်ကြတယ်လို့ ဆိုပါတယ်။ အဲဒီကာလမှာပဲ အင်္ဂလိပ် အုပ်ချုပ်ရေးကာလတုန်းက မြို့ပိုင်၊ အရေးပိုင်လုပ်ခဲ့သူ ခေတ်စမ်းစာရေးဆရာ သိပ္ပံမောင်ဝကို ဓားပြတွေက သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်က မြန်မာ နိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းထဲမှာဖြစ်ပွားခဲ့တာပါ။
အခု ရေးပြခဲ့တဲ့ အဖြစ်အပျက်တွေက ဒုတိယကမ္ဘာစစ်တွင်း အုပ်ချုပ်ရေးမရှိတဲ့ကာလ ခေတ်ပျက်စဥ်မှာဖြစ်ခဲ့တဲ့ ဖြစ်စဥ်ပုံရိပ်တချို့ဖြစ်ပြီး ယနေ့ခေတ် ပြည်တွင်းစစ်ကာလမှာ လူထုအနေနဲ့ ကြုံ တွေ့နေကြရတဲ့အခြေအနေတချို့နဲ့ အတော်လေးဆင်တူနေတာတွေ့ကြရမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် လအနည်းငယ်အကြာမှာ လက်နက် ကိုင်တော်လှန်ရေးဆိုတဲ့ စစ်ကောင်စီကိုလက်နက်နဲ့တိုက်ခိုက်ကြဖို့ PDF တပ်ဖွဲ့တွေဖွဲ့စည်းခဲ့ပြီး နဂိုရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရဲ့အကူအညီနဲ့ ပူးပေါင်းတိုက်ခိုက်ကြတာ၊ PDF တွေက မိမိတို့ဘာသာ မိမိတို့ဗျူဟာနဲ့ တိုက်ခိုက်ကြတာတွေ ဖြစ်ပွားလာခဲ့ပါတယ်။
အခုလိုပြည်တွင်းစစ်မီးပြန်တောက်လာချိန်မှာ အုပ်ချုပ်ရေးနဲ့တရားဥပဒေစိုးမိုးရေးက သိသာထင် ရှားစွာ ယိုယွင်းပျက်စီးလာခဲ့ပါတယ်။ လုယက်မှု၊ လုယက်သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်သတ်ဖြတ်မှု၊ ပစ္စည်းလုယက်ပြီး မိသားစုလိုက်သတ်ဖြတ်မှုတွေ၊ ဓားပြမှုတွေ မြန်မာနိုင်ငံအနှံ့ အပြားဖြစ်ပွားနေတာ ကြားသိနေကြရပါတယ်။ ပစ္စည်းယူ၊ လူသတ်တဲ့ ဖြစ်ရပ်တွေက ရာဇဝတ်မှု ကျူးလွန်သူနေကျ ဓားပြလူသတ်သူတွေချည်း ကျူးလွန်ကြတာမဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးလို့ ခေါ်တဲ့ ပြည်သူ့စစ်တွေနဲ့ အချို့သော ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်ကြတာလည်း တွေ့ရပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ဖြစ်တဲ့မြို့တွေမှာလည်း လုယက်မှု၊ သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု၊ ရွှေဆိုင်၊ ဘဏ်ဓါးပြတိုက်မှုတွေ လွန်ခဲ့တဲ့ ၄ နှစ်တာအတွင်းမှာ တစတစ မြင့်မားလာတာတွေ့ရပါတယ်။ မြန်မာနိုင်ငံက လူထုအနေနဲ့ တဖက်မှာ စစ်ပွဲတွေတိမ်းရှောင်ရင်း မိသားစုဝင်တွေ ထိခိုက်ဆုံးရှုံးကြရတာရှိသလို ပိုင်ဆိုင်မှုတွေလည်း ပျက်စီးဆုံးရှုံးကြတဲ့အဖြစ်ကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ ကျေးရွာတွေရော မြို့တွေမှာနေထိုင်ကြသူတွေပါ ဓါးပြတိုက်၊ သတ်ဖြတ်ခံရတဲ့ အန္တရာယ်တွေကို ကြုံတွေ့နိုင်ခြေ သိသိသာသာ မြင့်တက်လာကြတာလည်း ဖြစ်ပါတယ်။
ခုရက်ပိုင်း ပဲခူးမြို့ပေါ်က ၇ တန်းကျောင်းသားတဦးကို ဆိုင်ကယ်နဲ့ခေါ်ဆောင်သွားပြီး ပြန်ပေးဆွဲ ငွေတောင်းဖို့လုပ်ရင်း သတ်ဖြတ်အလောင်းဖျောက်တဲ့အထိဖြစ်စေခဲ့တဲ့ အမှုတမှုလည်း ဖြစ်ပွားခဲ့ပါတယ်။ ပြန်ပေးဆွဲသတ်ဖြတ်သူတွေဟာ အခုလိုပြစ်မှုမျိုး ကျူးလွန်ဖူးသူတွေမဟုတ်ပဲ သိန်း ရာဂဏန်းမျှတင်နေတတဲ့အကြွေးဆပ်ဖို့ မျက်နှာသိထဲက ကျောင်းသားအရွယ် ကလေးကို ပြန်ပေးဆွဲပြီး မိဘတွေဆီက ငွေညှစ်မယ်လို့ ကြံစည်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာပဲ အခြားသတ်ဖြတ်မှုတမှုက မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ထဲက ဟစ်ဟော့သီချင်းတွေရေးဖွဲ့သီဆိုတဲ့လူငယ်တဦးကို လူ ၄/၅ ဦးက ကားနဲ့ လာဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်လိုက်တဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ မန္တလေးလိုမြို့မှာ လူငယ်အမျိုးသားကို လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး နောက်ရက်အနည်းငယ်အကြာမှာ အလောင်းကို လမ်းတနေရာမှာတွေ့ကြရတဲ့ အဖြစ်ပါ။ ဘယ်လိုစေ့ဆော်မှုနဲ့ ဟစ်ဟော့သီဆိုတဲ့လူငယ်ကို ဖမ်းဆီးသတ်ဖြတ်လိုက်တယ်ဆိုတာ မသိရသေးပေမယ့် အခုလိုကားနဲ့ ခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်တဲ့အမှုမျိုးကို ကျူးလွန်ဖို့ လွယ်လွယ်ကူကူအခြေအနေမျိုး ရောက်နေတာ မြန်မာနိုင်ငံရဲ့ ကနေ့ အနေအထားလို့ဆိုရင် မှားမယ်မထင်ပါဘူး။
တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ရှိတဲ့ မြို့၊ ကျေးရွာတွေကို အုပ်ချုပ်နေတဲ့ အစိုးရဆိုတဲ့အဖွဲ့အစည်းတွေက လူထုရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို တာဝန်ယူဆောင်ရွက်ပေးနိုင်ခြင်း မရှိတော့တာ ပိုမိုထင်ရှားလာနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်က မြို့တွေ၊ ရွာတွေရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး အခုလို တိုင်းပြည်ပျက်ကာလသဖွယ် လုယက်သတ်ဖြတ်မှုတွေကို လူထုအနေနဲ့ မိမိတို့အချင်းချင်း ကျောချင်းကပ် ပူး ပေါင်းကာကွယ်ခြင်းနည်းလမ်း နဲ့သာ လုံခြုံဘေးကင်းစွာနေထိုင် နိုင်မယ့် အခြေအနေရောက်ရှိနေတာလည်း ဖြစ်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar