အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၃ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၃ )
မိုးမခ၊ မေ ၁၄ ၊ ၂၀၂၅
13/5/25
Diary in the darkness
လွန်ခဲ့တဲ့ လေးရက်က ဖြစ်တဲ့ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲ ပြီးသွားပါပြီ။ စစ်ပွဲ စ ဖြစ်ဖြစ်ချင်း တကမ္ဘာလုံး စိုးရိမ်ခဲ့ကြတယ်။ နှစ်နိုင်ငံလုံးက အဏုမြူဗုံးပိုင်ရှင်တွေ ဖြစ်ကြတယ်၊ ဘာသာရေးကလည်း မတူ ဆန့်ကျင်ကွဲပြားတယ်၊ အိမ်နီးချင်းတွေကလည်း ဖြစ်နေပြန်တယ် ဆိုတော့ တကမ္ဘာလုံးက စိုးရိမ်ကြတာပေါ့။ ဒါပေမဲ့ အမေရိကန်ရဲ့ ကြားဝင်ဖျန်ဖြေမှုကြောင့် နှစ်နိုင်ငံ စစ်ရပ်လိုက်ကြတယ်။
တရုတ်မှာရှိတဲ့ apple ကုမဏီ က အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် အိန္ဒိယ ကိုရွေ့သွားတယ်။ တရုတ် တော်တော် အထိနာတယ်။ အဲဒါကြောင့် အိန္ဒိယ - ပါကစ္စတန် စစ်ပွဲ ဖြစ်တာ တရုတ် လက်ချက်မကင်းဘူးလို့ တရုတ် ဆန့်ကျင်ရေးအမြင်ရှိသူတွေက ခန့်မှန်းကြတယ်။ ခုတော့ ဒီစစ်ပွဲရပ်သွားပါပြီ။ ဒါပေမဲ့ အချိန်မရွေးပြန်ဖြစ်နိုင်ပါတယ်။
မန္တလေးမှာ မနေ့က မိုးကြီးရွာတယ်။ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ ရွာနေပြီ။ အစိုးရကျောင်းထဲမှာ တည်းခိုနေတဲ့ ငလျင်ဒုက္ခသည်တွေ ကျောင်းဝင်းထဲက ဖယ်ပေးနေရတယ်။ ၁၂ တန်း ပြန်စစ်မှာမို့လို့ ပြောပါတယ်။ နေ့စဉ် ထမင်းကျွေးတဲ့ ပရဟိတ အဖွဲ့တွေလည်း ရပ်နားကုန်ကြပြီ။ အိမ်တွေပြန်ဆောက်ဖို့ နေနေသာသာ ပြိုကျတဲ့ အိမ်တွေကိုတောင် မရှင်းလင်းနိုင်ကြသေးဘူး။ ပြိုကျအိမ်တွေကို ရှင်းခ ကလဲ သိန်းရာနဲ့ချီတယ်လို့ သိရတယ်။
မအလ ကတော့ ရုရှားစစ်ရေးပြ အခမ်းအနားက ပြန်ရောက်ပြီ။ တရုတ်ကြီးနဲ့ တွေ့ခွင့်ရတာ သူ့အတွက် မိုးနတ်မင်းကြီးနဲ့ တွေ့ခွင့်ရတဲ့အတိုင်းပဲ။ ပြုံးရွှင် တက်ကြွ လန်းဆန်းနေတယ်။
မနေ့က ဒီပဲယင်း၊ အိုးတိမ်တွင်းကျေးရွာက စာသင်ကျောင်းကို စကစ က ဗုံးကြဲတယ်။ ကျောင်းသူ ကျောင်းသား နှစ်ဆယ်ကျော်နဲ့ ဆရာမ နှစ်ယောက် သေတယ်။ စကစကတော့ စစ်ရာဇဝတ်မှုတွေ တခုပြီး တခု ကျူးလွန်နေတယ်။ မအလ ရုရှားက ပြန်လာတဲ့နေ့မှာပဲ ဒီလူသတ်ပွဲ ဖြစ်တာ။ ကျူးလွန်သူနဲ့ ကူညီသူ နိုင်ငံတွေကလည်း ရှက်ရမှန်းလည်း မသိတော့ဘူး။ ဒီနေ့လည်း ရသေ့တောင် ကိုဗုံးကြဲပြန်တယ်။ ရွာသူရွာသား ၁၄ ယောက် အနည်းဆုံးသေတယ်။ ကလေးတွေလည်း ပါတယ်။ လူတွေကတော့စစ်တပ်ကို နာကြည်းသည်ထက် နာကြည်းနေတယ်။
သွေးကြွေးမှာ ဆွေးနွေးစရာမရှိ ဆိုတဲ့ ယူဆချက်ဟာ ပိုမိုခိုင်မာ နက်ရှိုင်းသွားတယ်။
ဒီနေ့တော့ မှတ်တမ်း ဆက်မရေးချင်တော့ဘူး။ လူသတ်ချင်စိတ်တွေ ပေါက်နေတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar