Breaking News

နွေဦး - " အဓမ္မတရား ရဲ့ ရန်ဘက်''

Art by Than Htay Maung
" အဓမ္မတရား ရဲ့ ရန်ဘက်''
နွေဦး
(မိုးမခ) မေ ၂၆၊ ၂၀၂၅

(၁)

နွေနှောင်းကာလ 
သဘာဝတွေပြောင်းလဲခဲ့တာ 
သူမ မြင်ခဲ့ကြုံခဲ့တာ
အကြိမ် ၈၀ ပြည့်ပြီပေါ့
ဇွန်လ ရဲ့ မိုးရေစက်တွေအောက်
ဇရာကို အံတု
ရာဇဝင်ပြောင်လောက်အောင်
တိုင်းပြည်ကို ချစ်တဲ့သူ။

(၂)

ခြေတပေါင်းကျိုး 
နိမ့်မျိုး နိမ့်မြင့်
မလှမ်းချင်ချင် လှမ်းချင်ချင်ဖြင့်
ခေတ်ဝန် ခေတ်အပိုး
ခေတ်ဆိုးခေတ်ကြပ်ထဲ
ဆန္ဒမဲ့စွာ အဲဒီဝန်ကို
ထမ်းခဲ့သူ မှ မဟုတ်တာ။

(၃)

တိုင်းပြည်ဂုဏ်ဝါ ကောင်းမယ်ဆို
ကိုယ်အရိုး ကိုယ်သယ်ဖို့မတွန့်မဆိုင်း
ဓားတောင်ကိုလည်း ကျော်ဝံ့သူ
မီးပင်လယ်လည်း ကူးဝံ့သူ
သေချင်သေ ရှင်ချင်ရှင်
အင်မတန့် အင်မတန်
သမိုင်းရာဇဝင် ရိုင်းမှာကို
သေရမှာ ထက်ကြောက်တဲ့သူ။

(၄)

နေရောင်ခြည်ေအာက် 
လရောင်ဝါအောက်လည်း 
လိပ်ပြာလုံစွာ လျှောက်ခဲ့ဖူးတယ်။

မှောင်မည်းပိန်းပိတ်
နံရံလေးဘက်ကြား
နှောက်မျိုးဆက်အကျိုး
ရည်သန်မျှော်ကိုးလို့
အဓမ္မတရားကို အံတုဝံ့သူ။

(၅)

သူမ မပါဘဲ မျိုးဆက်သစ်တို့
ကိုယ့်လမ်း ကိုယ်လျှောက်နိုင်ရင်
ခေတ်ကိုကြည့်ပြီး ပြုံးပြုံးကြီး ကျေနပ်ဝံ့သူ။

ကြက်တူရေး စာအံ ပညာတတ်ကလေးရေ 
မင်းတို့ပြောသလို မဲစာရင်းစစ်ခွင့်ပြုရင်ရော
အာဏာက မသိမ်းတော့ဘူးလား။

၂၅.၅.၂၅
(လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါတယ်)
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar