လေးလေး - ဆွေရိပ်မျိုးရိပ် အရိပ်ပမာ
ဆွေရိပ်မျိုးရိပ် အရိပ်ပမာ
လေးလေး
(မိုးမခ) မေ ၂၆၊ ၂၀၂၅
ဆရာမောင်ခင်မင်ဆုံးပါးသွားပြီးတဲ့နောက် ပထမဆုံးထွက်လာတဲ့ ဆရာ့စာအုပ်လို့ဆိုရမလား။
" ဆွေမျိုးမ တော် စပ်သော ဆွေမျိုးများအကြောင်းနှင့်ထွေထွေရာရာအတွေးများ” ဆိုတဲ့စာအုပ် ထွက်လာတယ်။ မောင်ခင်မင် (ဓနုဖြူ)က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ ကွယ်လွန်ခဲ့ပြီး အခုစာအုပ်က ၂၀၂၅ ခု ဧပြီလမှာ ထွက်ခဲ့တာပါ။ အမှာစာကို ဆရာက ၂၀၂၄ ခုနှစ်၊ ရှစ်လပိုင်း၊ သုံးရက်ရက်စွဲနဲ့ရေးထားခဲ့ပြီး၊ အခုစာအုပ်ပါစာစုတွေဟာ မဂ္ဂဇင်းများမှာရေးခဲ့တဲ့ စာတွေဖြစ်တယ်။
ပထမပိုင်းမှာပါတဲ့စာစုအများစုဟာ တက္ကသိုလ်ကအတွေ့အကြုံ၊ မြန်မာစာသင်ကြားရေး၊ အဂ်လိပ်စာသင်ကြား ရေးတို့နဲ့ပတ်သက်တဲ့ သူ့အမြင်အတွေးတွေကို ရေးထားတာ၊ ဒုတိယပိုင်းပါစာစုတွေကတော့ အမြင် ၊ အသံ၊ အနံ့၊ အရသာ၊ မြေ၊ ရေ၊ ကောင်းကင်၊ အရိပ်၊ အမှောင် စတာတွေနဲ့ပတ်သက်တဲ့အတွေးတွေကို ရသစွက်ပြီး ပေါ့ပေါ့ပါးပါးရေးထားတာ၊ တတိယပိုင်းမှာတော့မြန်မာမှုမြန်မာ့ဓလေ့ဆိုင်ရာသိမှတ်စရာတွေကို လူငယ်တွေအတွက် ရည်စူးရေးခဲ့တာလို့ မောင်ခင်မင်က အမှာပါးတယ်။
မောင်ခင်မင်(ဓနုဖြူ)လို့ဆိုလိုက်ရင် မြန်မာစာဆရာပီပီ မြန်မာစာနဲ့ပတ်သက်ပြီး စာအုပ်တွေအများကြီး ရေးခဲ့သူလို့ ပြေးမြင်ကြမယ်ထင်တယ်။ ဆရာဟာ မြန်မာစာနဲ့ပတ်သက်လို့ စာအုပ်တွေအများကြီးပြုစုရေးသားခဲ့သလို သူ့ဘဝအတွေ့အကြုံတွေကို ရသဟန်နဲ့ရေးသားတင်ပြခဲ့တဲ့ စာကောင်းပေမွန်များစွားကိုလည်း ရေးသား ထုတ် ဝေခဲ့သူပါ။ မနှစ်ကရေးသားထုတ်ဝေခဲ့တဲ့ “ပန်းခင်းလမ်းကိုလည်းလျှောက်ခဲ့ရ၊ ဆူးခင်းလမ်းကိုလည်း လျှောက်ခဲ့ရ” ဆိုတဲ့စာအုပ်ဟာဆရာတို့အိမ်ထောင် သက်တမ်းတလျှောက်ဖြတ်သန်းခဲ့ရပုံတွေကို သူ့အတွေးအမြင်တွေ နဲ့ ပေါင်းစပ်ရေးသားတင်ပြခဲ့တဲ့ ဘဝသရုပ်ဖော်စာအုပ်တအုပ်ပါ။
အလားတူ ဆရာ့ တက္ကသိုလ်ဆရာဘဝနှစ် ၄၀ ကြာ ဖြတ်သန်းမှုတွေကိုလည်း စာစုပေါင်းများစွာရေးသားပြီး စာအုပ်တွေအဖြစ် ထွက်ခဲ့ဖူးတာ အမြောက်အမြားပါပဲ။ ဒီစာစုတွေထဲမှာ အက်ဆေးလိုစာစုတွေ အများကြီး ပါပါတယ်။အခု စာအုပ်မှာ လည်း ဆရာအမှာပါးထားသလို စာအုပ်ဒုတိယပိုင်းပါ စာစုအများစုဟာ အက်ဆေးတွေပါ။ပိုင်းခြားစိတ်ဖြာကြည့်ရင် ပထမပိုင်း တက္ကသိုလ်အတွေ့ အကြုံစာစုပေါင်းက ၁၃ ပုဒ်၊ ရသဟန်စွက် အက်ဆေးပုဒ်ရေပေါင်းက ၁၄ ပုဒ်၊ မြန်မာမှုစာစုက ၉ ပုဒ်၊ စာစုပေါင်း ၃၅ ပုဒ်တိတိကို ဖတ်မှတ်ခံစားရနိုင်တယ်။
မောင်ခင်မင်ရဲ့တက္ကသိုလ်အတွေ့အကြုံနဲ့မြန်မာစာနဲ့အဂ်လိပ်စာသင်ကြားရေးဆိုင်ရာ စာစုတွေထဲမှာ “အသက်ငင် နေသော စိတ်ကြိုက်မြန်မာစာ”၊အဂ်လိပ်ဘာသာကိုသင်ခြင်း၊ အဂ်လိပ်ဘာသာဖြင့် သင်ခြင်း မတူပါ၊ မတူပါ ” စတဲ့ စာစုတွေဟာ ဘာသာရပ်ဆိုင်ရာအလေးထားဖတ်ပြီး တွေး တောဆင်ခြင်ဖို့ကောင်းတဲ့စာစုတွေဖြစ်တယ်။ အထူး သ ဖြင့်တော့ ကျောင်းဆရာတွေ ဖတ်မှတ်လေ့လာသင့်တဲ့စာစုတွေပါပဲ။ မြန်မာပြည်ပညာရေးလောကရဲ့ ဟာကွက် ကြီးတခုကို ရဲရဲဝံ့ဝံ့ ထောက်ပြဝေဖန်ထားတဲ့ စာစုတွေလည်းဖြစ်ပါတယ်။ ဆရာ့စာစုတခုအရ ဆရာ့ဆွေးနွေး ပြောဆိုချက်တွေကို ဆရာ့တပည့်ဖြစ်ခဲ့ဖူးတဲ့ ပညာရေးထိပ်သီးတယောက်က ဝန်ခံထားပြီး ပြုပြင်ဖို့ကြိုး စားနေကြောင်း ပြောဖူးတာလည်း ဖတ်ရတယ်။
အဲ့ဒီတက္ကသိုလ်အတွေ့အကြုံပါစာစုတွေထဲက စာစုတခုဖြစ်တဲ့”ဆွေမျိုးမတော်စပ်သော ဆွေ မျိုးများအ ကြောင်း ”စာစုကို စာအုပ်နာမည်ပေးထားတာဖြစ်ပြီး မောင်ခင်မင် တက္ကသိုလ်ဆရာဘဝ တွေ့ကြုံခဲ့တဲ့ တပည့်တွေ အကြောင်း၊ မိတ်ဆွေတွေအကြောင်း ပြန်ပြောင်းအောက်မေ့ရင်း” ဆရာတပည့်ဆိုတာ ဆွေမျိုးမတော်တဲ့ဆွေမျိုးတွေပါပဲ၊ သွေးသားအနေနဲ့ဆွေမျိုးမတော်စပ်ပေမယ့် ဆွေ မျိုးချင်းငြိတွယ်တဲ့ သံယောဇဥ◌်မျိုးနဲ့ဖွဲ့နှောင်ထားတဲ့ ဆွေ မျိုးတွေပါပဲ” လို့ဆရာက ရေးဖွဲ့ထားတယ်။ ကျောင်းဆရာဘဝဖြတ်သန်းဖူးသူတွေဆို ဆရာ့စာဖတ်ပြီး ပိုပြီးစာနာ နားလည်ပေလိမ့်မယ်။
အခုဒီစာညွှန်းမှာတော့ “အရိပ်”လို့ နာမည်တိုတိုပေးရေးထားတဲ့ အက်ဆေးတပုဒ်အကြောင်း ပြောပြချင်ပါတယ်။ ဆရာက အက်ဆေးကို သီချင်းလေးတပုဒ်နဲ့ အခုလို အစချီတယ်။”အရိပ်ပမာ မခွဲခွာ”ဆိုသောသီချင်းကလေးကို ကြားဖူးသည်မှာ ကြပါပြီ။ ချစ်သူနှင့်အတူ အကောင်းရောအဆိုပါ ဝေမျှခံစားပြီး အရိပ်ပမာ မခွဲမခွာ ရှိနေပါမည် ဟူ သော သန္နိဌာန်ကို ရဲရဲဝံ့ဝံ့ ဖွင့်ဟပြောဆိုသည့် မိန်းကလေး၏သဘောထားကို နှစ်သက်ဖွယ်ဖော်ပြနေသော သီချင်း ကလေးဖြစ်ကြောင်းလည်း သတိပြုမိပါသည်။”
ရေဒီယိုသီချင်းကောင်းလေးတပုဒ်ဖြစ်ပြီး ခန့်မှန်းကြည့်ရတာ ဆရာမောင်ခင်မင်တို့ ခေတ်က အတော်လူကြိုက် များခဲ့၊ ဂုဏ်ရည်မတူတဲ့ ချစ်သူတွေကြား ခေတ်စား၊ ခံစားလို့ရခဲ့တဲ့သီချင်းလေးဖြစ်မယ်။ ”နေပူထဲလည်း လျှောက်ရဲ ပါတယ်၊ ခရောင်းလမ်းကိုလည်း ဖြတ်ရဲပါတယ်၊ ဆူးမွေ့ယာလည်းအိပ်ရဲပါတယ်၊ အနာခံလည်းအတူ၊ အသာစံလည်း အတူ၊ အေးအတူးပူအမျှ အတူ တကွနေပြပါမယ်”။ ကျနော်နားထောင်ဖူး၊ဆိုဖူးသလို ပြန်ဆိုပြခဲ့တာပါ။ စာသား နည်းနည်းလွဲရင် ဆောရီးပါ။ မှတ်မိသလောက် မောင်တည်ငြိမ်ရဲ့ကဗျာကို သီချင်းသံစ်ထည့်ထားတာဖြစ်ပြီး မူရင်းအဆို တော်က “အေးအေးအောင်” ပါ။ မောင်ခင် မင်က သီချင်းလေးနဲ့အစချီပြီး စာဖတ်သူကို ဓမ္မပဒတခုထံ ခေါ်သွားပြန်ပါတယ်။
“အရိပ်သည် အရိပ်ပိုင်ရှင် (လူ)ကို မစွန့်ဘဲ နောက်က အစဥ◌်လိုက်နေသကဲ့သို့” ။ ငယ်ငယ်က မှောင်မှောင်မည်းမည်းအရိပ်တွေကို မကြည့်ဝံ့ဘဲ ကြောက်ခဲ့ပုံတွေ ပြန်သတိရ၊ တိုက်အရိပ်၊အိမ်အရိပ်တွေကို သရဲ၊ဘီလူး ကြီး တွေလို့ထင်ပြီး ကြောက်ခဲ့ပုံတွေ သတိပြန်ရ၊ ဒီကမှ “အရိပ်များ” ဆိုတဲ့ အက်ဆေးလေးတပုဒ်ကို စာရေးသူက မိတ်ဆက် လာတယ်။ ကျောင်းသူလေးတယောက်ရေးပြီး အကောင်းဆုံးဆုရသွားတဲ့ အက်ဆေး။ သူက ဖြစ်ရပ်သုံးခုကို ဖော်ပြ၊ ပုခက်ထဲက ကလေးငယ်က ညဘက်လန့်နိုးတော့ မီးရောင်မှိန်မှိန်အောက်မှာမြင်ရတဲ့သူ့အင်္ကျီအရိပ်တွေကို ပုံပြင်ထဲက ဘီ လူးကြီးထင်ပြီး ကြောက်၊ တုတ်တုတ်မလှုပ်ရဲ။
မိန်းကလေးတယောက် ညဦးပိုင်း အလုပ်ဆင်းလာချိန် မီးရောင်အောက်မှာ ထိုးထွက်နေတဲ့ တိုက်ကြီးတွေရဲ့အ ရိပ်ရှည်ရှည်ကြီးတွေကို မြင်တော့ ကြောက်လန့်ပြီး အိမ်ရောက်အောင် သုတ်သုတ်ပြေးပုံ၊ စစ်ပွဲကပြန်လာတဲ့ စစ် သည်တယောက် ချစ်သူအိမ်ဝင်နှုတ်ဆက်တော့ ပြတင်းပေါက်က ချစ်သူအရိပ်ကိုမြင်၊ တံခါးခေါက်မယ်ပြင်တော့ ချစ်သူနဘေးက အရိပ်ကိုမြင်ပြီး ကြောက်လန့်ပြီး လက်တွန့်သွား၊ အက်ဆေးရေးသူက ဖြစ်ရပ်တခုကိုပြောပြပြီးတိုင်း”ကျမသာဆိုရင်တော့ ကြောက်မှာ မဟုတ်ပါဘူး” ဆိုတဲ့ စကားနဲ့အဆုံးသတ်တယ်။
ပုခက်ထဲကကလေး၊ အလုပ်ကပြန်လာတဲ့မိန်းကလေး၊ စစ်သည်လေးတို့ဟာ ကစားစရာအရိပ်၊အကာအကွယ်ပေးတဲ့ အဆောက်အဦအရိပ်၊ ချစ်သူကို လာအဖော်လုပ်ပေးနေတဲ့ သူငယ်ချင်းအရိပ်တို့ဟာ ကြောက်စရာအရိပ်များ မဟုတ်ပါဘူးလို့ ဆက်ရှင်းပြတယ်။ ”ကျမဟာ အဲ့ဒီအရိပ်တွေနဲ့ကစားချင်ပါတယ်၊ အဲ့ဒီအရိပ်တွေကို မြင်ချင်ပါတယ်၊ အနည်းဆုံး အရိပ်တခုလောက်တော့ မြင်စမ်းချင်လှပါတယ်..” ဆိုတဲ့ ဆန္ဒကို ဖော်ပြလိုက်ပြီး၊ နောက်ဆုံးဝါကျမှာ တော့”ဘာကြောင့်လဲဆိုတော့ ကျမဟာ မျက်မမြင်မကလေးဖြစ်နေလို့ပါပဲ” လို့ မြှပ်ကွက်လေးနဲ့ အဆုံး သတ်လိုက် ပါတယ်။
မောင်ခင်မင်က ဒီအက်ဆေးကောင်းတပုဒ်အကြောင်း ပြောပြီးတော့ သူတို့တက္ကသိုလ်ကျောင်း သားဘ ဝကကြည့်ခဲ့ ရတဲ့ အရိပ်ပြဇာတ်တွေထံ ဆက်တယ်။ သူတို့သမီး သုံးနှစ်အရွယ်က မိသားစု ရွှေတိဂုံဘုရာဖူးသွားတော့ သမီးက ပြေးလွှားဆော့ကစားရင်း အရိပ်တွေကိုကြည့်ပြီး “ဖေ့ဖေ့အရိပ်ကို သမီးက ခွေးမှတ်လို့” လို့ပြောဖူးတာ အမှတ်ရတာ ဆက်ပြောတယ်။ ပြီးတော့ သွားရင်းလာရင်း နေပူထဲကနေ အရိပ်အောက်ရောက်ရင် စိတ်ထဲအေးချမ်းသွားပုံတွေ ဆက်ပြောတယ်။ စာမတတ်သူပပျောက်ရေးကဗျာတပုဒ်ဖြစ်တဲ့ မင်းသုဝဏ်ရဲ့ကဗျာတစ်စ ”ထန်းပလပ်ရိပ်၊ တမာရိပ်၌၊ ချစ်ရိပ်ခိုဝင်၊ စာကိုသင်သော်၊ မပင်မပန်း၊ အမြင်ဆန်းသည်၊မျက်ကန်းမလေး မြင်လေပြီ”၊ အလားတူ ပညာရိပ်၊ သီလရိပ်၊ စေတနာရိပ်၊ တရားရိပ်”ဒြပ်မဲ့သဘောများရဲ့အေးမြမှုကို အရိပ်နဲ့တင်စားကြပုံ။
လောကနီတိလာ”သစ်ပင်ရိပ်သည် ချမ်းသာ၏။ သစ်ပ်ရပ်ထက် ဆွေမျိုးမိဘတို့၏အရိပ်သည် ချမ်းသာ၏ ဆိုတာထိ ဆက်ရေးပြပြီး အရိပ်မှန်သမျှ အရောင်မကွဲဘဲ တရောင်ထဲတသွေးထဲဖြစ်ပုံ၊ ပူလောင်မှုမရှိဘဲ အေးမြ တဲ့အတွေ့အကြုံကိုပေးပုံ၊ အဲ့ဒီကမှ မောင်ခင်မင်က သူ့အရိပ်အက်ဆေးကို ရုပ်ရှင်တကားနဲ့ အဆုံးသတ်လိုက်တယ်။
”နောက်ဆုံးသတိရမိသည်ကတော့ ကျော်ဟိန်းပါဝင်သရုပ်ဆောင်ခဲ့သော ”ပန်းမြိုင်လယ်မှ ဥယျာ်မှူး" (ဇာတ်သိမ်းပိုင်း)ဖြစ်ပါသည်။ ဒေါသကြီးသည့်အတွက် တရွာလုံးကို ရန်လုပ်နေသော “တာတီး” သည် ရွာသားများနောက် သို့ ဒေါကတကြီး ပြေးလိုက်လာရင်း ရုတ်တရက်ချော်လဲသွားသည်။ချော်လဲရာမှ မော့်ကြည့်လိုက်သောအခါ ရွာဦး ထိပ်က စေတီကလေား၏အရိပ်ထဲရောက်နေသည်ကို သတိပြုမိပြီး ဒေါသတွေ တဖြည်းဖြည်းပြေပျောက်ကာ ရွာ သားများကို ရန်လိုနေသောအသွင်မှ ရိုင်းပင်းပါဝင်လိုသည့်အသွင်သို့ပြောင်းသွားပုံကို နှစ်သက်ဖွယ် ပုံဖော်ထား ခြင်းဖြစ်သည်။ ဘုရားရိပ်ကို ခိုလှုံမိရာမှ အပူမှအအေးသို့ ပြောင်းသွားရပုံကို ဖော်ညွှန်းခြင်းဖြစ်သည်။ အရိပ်ကပေးသော အေးချမ်းမှုကို ဖော်ညွှန်းခြင်းဖြစ်သည်။
“အရိပ်မှန်သမျှ အေးချမ်းပါသည်။”
ဖတ်လိုက်ရသူရင်ထဲလည်း အေးမြသွားရပါတယ်။
မောင်ခင်မင်(ဓနုဖြူ)ရဲ့ ”ဆွေမျိုးမတော်စပ်သောဆွေမျိုးများအကြောင်းနှင့် ထွေထွေရာရာအတွေးများ” စာအုပ်ကို ရန်ကုန်၊အမွှာညီနောင်စာအုပ်တိုက်က ၂၀၂၅ ခု၊ ဧပြီလမှာ ပထမအကြိမ်ထုတ်ဝေဖြန့်ချိထားတယ်။ အုပ်ရေ ၅၀၀ ထုတ်ဝေဖြန့်ိထားတာဖြစ်ပြီး ၁၉၅ စာမျက်နာပါ စာအုပ်တန်ဖိုးက ၁၂,၀၀၀ ကျပ်။
-
Join Us @ MoeMaKa Telegramt.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar