Breaking News

လေးလေး - စေတနာ...ဖြေရှာကာ.. တွေးကြမယ်..

လေးလေး - စေတနာ...ဖြေရှာကာ.. တွေးကြမယ်..

မိုးမခ ၊ မေ ၁၈ ၊ ၂၀၂၅


ဒီတခါလည်း ဦးပဉ္စင်းတပါး ရေးတဲ့ စာအုပ်တအုပ်အကြောင်း ပြောချင်တယ်။ ဒီနှစ်ပိုင်းတွေထဲမှာ ခပ်စိတ်စိတ် ရေးသားထုတ်ဝေလာကြတဲ့ တက်ကျမ်းဆန်ဆန်စာအုပ်တွေနဲ့အတူ ခေတ်စားလာတဲ့စာအုပ်တွေက ဗုဒ္ဓအခြေပြု စာအုပ်များလို့ပဲ ပြောရမယ်။ ကြည့်လေ။ ဗုဒ္ဓဦးနှောက်” တဲ့၊ အခြေခံ ဗုဒ္ဓစိတ်ကုထုံးများ”တဲ့။ ဗုဒ္ဓနည်းကျ နာမကျန်းသူ ပြုစုနည်း”တဲ့၊ ဗုဒ္ဓအလိုကျစားသောက်နည်း”တဲ့။ ဗုဒ္ဓ၏ အာရှတန်ဖိုး”တဲ့၊ ဗုဒ္ဓနှင့် ကော်ဖီသောက်ခြင်း”ဆိုတာတောင် ပါသေးတယ်။

အနောက်တိုင်းက သိပ္ပံဆောင်းပါးရှင်တချို့ရဲ့ စာအုပ်တွေကို ဘာသာပြန်ထားတဲ့ စာအုပ်တွေကအများစုဖြစ်တာ တွေ့ရတယ်။ တချို့ကျတော့လည်း စာတအုပ်ထဲကို ဘာသာပြန်တာ မဟုတ်ဘဲ ကောင်းနိုးရာရာ ဘာသာပြန်နဲ့ ကိုယ်ပိုင်အတွေးအမြင်၊ အသိအမြင်တချို့ ပေါင်းစပ်ပြီး ရေးကြတယ်။ ဒီလိုမျိုးစာအုပ်တွေကို ရန်ကုန်က စာအုပ်တိုက် နှစ်တိုက်လောက်က အဓိကထား ထုတ်ဝေ ဖြန့်ချိပေးနေတာလည်း တွေ့ရတယ်။ မူရင်းစာရေးသူတွေက ဗုဒ္ဓရဲ့ ပြောဟောထားချက်တွေကို သိပ္ပံနည်းကျ လေ့လာပြီး အထောက်အထား၊ အကိုးအကား ခိုင်ခိုင်မာမာနဲ့ ရေးထားကြတယ်။

ဆိုကြပါစို့….၊ ဗုဒ္ဓအလိုကျစားသောက်နည်း ဆိုတဲ့ စာအုပ်မှာ ဘုန်းကြီးတွေ၊ ဥပုသ်သည်တွေ ထမင်းစားသလိုမျိုး ညနေဘက် ထမင်းမစားတာမျိုး ကျင့်ကြဖို့၊ အစားအသောက် တခုနဲ့ တခုအကြား တတ်နိုင်သမျှ အချိန်ကြာကြာ ခွာစားကြဖို့၊ ဒီလို အချိန်ကြာကြာ ခွာစားတာဟာ ကျန်းမာရေးအတွက် ကောင်းတဲ့အကြောင်း၊ ဗုဒ္ဓတရားတော်တွေကို ကိုးကားပြီး ဆန်းစစ်သုံးသပ်တင်ပြရေးသားထားတယ်။ စာအုပ်တွေက လတ်တလော ဈေးကွက်ဝင်ပြီး ရောင်းကောင်းပုံရတယ်။စာရေးသူတွေ တယောက်ပြီး တယောက် ထွက်ပေါ်လာပြီး၊ စာအုပ်တွေလည်း ဟော တအုပ်၊ ဟောတအုပ် ထွက်လာတာ တွေ့ရပါတယ်။

နန္ဒာစာရ ဆိုတဲ့ ဦးပဉ္စင်း စာရေးသူရေးတဲ့ စာအုပ်နာမည်က စိတ်ဒဏ်ရာများရဲ့အလွန်…”တဲ့။စာအုပ် နာမည် အနောက်က အစက်ကလေး သုံးစက်က ဒီစာအုပ်ရဲ့ အသက်၊ စိတ်ဒဏ်ရာတွေ ရပြီးတဲ့နောက် နာလန်မထူ ဖြစ်သွားလား၊ ဒီဒဏ်ရာတွေကို ကျော်လွှားပြီး ပိုအောင်မြင်တဲ့ ဘဝတခုကို တည်ဆောက်သွားနိုင်မလား။ ဒါကတော့ စာဖတ်သူရဲ့ ရွေးချယ်မှုပါပဲလို့ စာရေးသူ နန္ဒစာရက အမှာစကားပါးထားတယ်။ စာရေးသူ ဦးပဉ္စင်းလေးက ၁၉၉၁ ခုနှစ်ဖွားဆိုတော့ အခုမှ အသက် ၃၄ နှစ်ပဲ ရှိသေးတယ်။ သီရိလင်္ကာမှာ သီတင်းသုံးနေထိုင်ပြီး ဗုဒ္ဓစိတ်ပညာနဲ့ မဟာဘွဲ့ရထားတယ်။ ပါရဂူဘွဲ့ယူဖို့ ပြင်ဆင်နေသူလို့ စာရေးသူကိုယ်ရေးအကျဥ်းမှာ ဖတ်ရပါတယ်။

စိတ်ဒဏ်ရာများရဲ့ အလွန်စာအုပ်ကို ဗုဒ္ဓစကား၊ အတွေးအခေါ်နဲ့စိတ်ပညာရှင်တချို့ရဲ့ ဟောပြောချက်အချို့ကို ကိုးကားပြီးရေးသားပြုစုထားတယ်။ မြန်မာပြည်သူပြည်သားများသည် ကပ်ရောဂါဘေး၊ စီးပွားပျက်ကပ်၊ တိုင်းပြည်၏ ပြည်တွင်းမငြိမ်မသက်မှုများ၊ စစ်ဘေးစစ်ဒဏ်များကြောင့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲများစွားကို ကြုံတွေ့ခံစားနေကြရသည်။ ယင်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာအနာတရများကို စောစောစီးစီး နားလည်ပြီး ကုစားထားနိုင်မှ တော်ကာကျမည်။ သို့မဟုတ်ပါက စိတ်ဒဏ်ရာများရဲ့အလွန်တွင် အပြုသဘောမဆောင်သည့် အပျက်အပျက်နှင့် အနုတ်လက္ခဏာ အဖြစ်အပျက်များကို ပို၍ ကြုံတွေ့နေပေလိမ့်မည်။ ထို့ကြောင့် စိတ်ဒဏ်ရာများကို အခြေ ခံပြီး ကောင်းမွန်သည့်အနာဂတ်များကို တည်ဆောက်နိုင်ရန်အတွက် ရည်ရွယ်ကာ ဒီစာအုပ်ကို ဦးစားပေး ရေးသားလိုက်ခြင်း ဖြစ်သည်။ စာရေးသူရဲ့ ဆိုလိုရင်း…။

စိတ်ဒဏ်ရာ ဆိုတာ ဘာလဲ၊ ဘယ်လို အဖြစ်အပျက်တွေကနေ လူတွေ စိတ်ဒဏ်ရာရကြသလဲ၊ ဒုက္ခနဲ့ စိတ်ဒဏ်ရာ အတူတူပဲလား၊ လူဆိုတာ ဖြစ်လာကတည်းက ဒုက္ခနဲ့အတူတူ နပန်းလုံးရတာပဲ၊မြန်မာပြည်လို့ ဒုက္ခပေါင်းစုံ ကြုံနေရတဲ့ တိုင်းပြည်မှာ ဒုက္ခဆိုတာ ဒုတိယနိုင်ငံတော်သီချင်းပဲ၊ စိတ်ဒဏ်ရာများကနေ ဘယ်လို စိတ်ရောဂါတွေ ရတတ်သလဲ၊ စိတ်ဒဏ်ရာများရဲ့ အလွန် ဖွံ့ဖြိုးတိုးတက်မှု၊ စိတ်ဒဏ်ရာများနဲ့အတူ ချမ်းသာစွာ ရှင်သန်နေထိုင်ခြင်း၊ ဗုဒ္ဓစာပေထဲက စိတ်ဒဏ်ရာများရဲ့ အလွန်၊ စသည်စသည် အခန်းငယ် ခုနစ်ခန်းနဲ့ ရေးသားတင်ပြထားတယ်။

၁၈၅၉ ခုနှစ်လောက်ကစပြီး စိတ်သရုပ်ခွဲပညာရှင် ဆစ်ဂမန် ဖရိုက်က Trauma “ထရော်မာ”စိတ်ဒဏ်ရာ ဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးခဲ့တယ် ဆိုတာမျိုးတွေ ဖတ်ရသလို၊စိတ်မှာထင်လာတဲ့ အာရုံအမျိုးမျိုးကို လက်သင့်ခံဖို့၊ ဒူပေနာပေ ခံနိုင်ဖို့၊ ဒုက္ခတွေအားလုံးကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ဖို့၊ ဗုဒ္ဓအဟောနဲ့ သိပ္ပံဆရာတို့ရဲ့ နည်းပေးလမ်းပြမှုတို့ကို ရောမွှေထားတဲ့ ရေးသားတင်ပြပုံတွေကို ဖတ်ရပါတယ်။ စာဖတ်ဝါသနာလည်း ပါ၊တွေးတောစဥ်းစားရတာမျိုးလည်း နှစ်သက်တဲ့ စာဖတ်ပရိသတ်အတွက် ကောင်းတယ်။ အခြေအနေအ ချိန်အ ခါနဲ့ကိုက်ညီတဲ့ ဖတ်ရမယ့် စာအုပ်မျိုးလို့လည်း ပြောနိုင်ပါတယ်။

နန္ဒာစာရရဲ့ စိတ်ဒဏ်ရာများရဲ့အလွန်…” စာအုပ်ကို ၂၀၂၅ ခုနှစ်၊ မတ်လမှာ သားငယ်စာပေက ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချိပြီး၊ စာမျက်နှာ ၁၂၂ နှစ်မျက်နှာပါ စာအုပ်တန်ဖိုးက ကျပ် ၆၈၀၀ ပါ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar