လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေတွေနဲ့ နေထိုင် အလုပ်လုပ်ခွင့်
မြန်မာနွေဦးခရိုနီကယ် - မေ ၁၈ မြင်ကွင်း
မိုးမခ၊ မေ ၁၉ ၊ ၂၀၂၅
လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေတွေနဲ့ နေထိုင် အလုပ်လုပ်ခွင့်
ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်မြောက်ပြီးနောက်နှစ်အနည်းငယ် အကြာ မြန်မာနိုင်ငံမှာ မှတ်ပုံတင် စိစစ်ထုတ်ပေးတဲ့ အုပ်ချုပ်မှုဆိုင်ရာ လုပ်ဆောင်မှုကို စတင်ခဲ့ပြီး ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ ကိုလိုနီခေတ်ကတည်းက အခြေချနေထိုင်နေကြတဲ့ နိုင်ငံခြားသားဆိုတဲ့မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေနဲ့ နိုင်ငံသားတွေအကြား ပညာရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ မတူညီတဲ့အခွင့်အရေးသတ်မှတ်ချက်တွေ ကျင့်သုံးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံသားဖြစ်မှုဥပဒေတရပ်ကိုရေးဆွဲပြုစုပြီး ၁၉၈၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့လို့ အဆိုပါ နိုင်ငံ သားဥပဒေကို ၁၉၈၂ ခုနှစ် ဥပဒေအဖြစ် ရည်ညွှန်းခေါ်ဆိုခဲ့ကြပါတယ်။
သာဓက တခုအနေနဲ့ ပြရရင် အဲဒီခေတ်ကာလက ဥပဒေ နည်းဥပဒေတွေအရ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး တက္ကသိုလ် ကောလိပ်မှာ စာသင်ယူဖို့ လျှောက်ထားကြတဲ့အခါ မိဘ၂ ဦးရှိတဲ့အနက် တဦးက နိုင်ငံခြားသားဖြစ်နေခဲ့ရင် အသက်မွေးဝမ်းကျောင်းပညာလို့ခေါ်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာလို ဘာသာရပ်တွေ သင်ယူခွင့် မရှိခဲ့ပါဘူး။ ဒါက သာဓက တခုသာဖြစ်ပြီး အခြားသော ခွဲခြားကန့်သတ်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
၁၉၈၂ ခုနှစ် ဥပဒေမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူအဖြစ် ၃ မျိုးသတ်မှတ်ထားတာ တွေ့ရပါတယ်။ ၁၉၈၂ ခုနှစ်ဥပဒေက အထူးသဖြင့် ရခိုင်ပြည်နယ်အနောက်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ နေ ထိုင်ကြတဲ့ ရိုဟင်ဂျာလူမျိုးတွေနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ ခွဲခြားဆက်ဆံမှု ရလဒ်တခုအဖြစ် သိရှိကြတာပါ။
၂၀၁၂ ခုနှစ် လူမျိုးရေး ဘာသာရေးအပေါ် အခြေခံတဲ့ လူမှုအသိုင်းအဝိုင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ပတ်သက်လို့ ပြန်လည်ပြင်ဆင်သင့်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြခဲ့ကြပေမယ့် ဦးသိန်းစိန်အစိုးရရော ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်တွေမှာပါ ပြန်လည်သုံးသပ်ခြင်း ပြုပြင်ခြင်းမရှိခဲ့ကြပါဘူး။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး ကာလမှာတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြမှုတွေ ပေါ်ထွက်လာခဲ့ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်တဲ့အခါ ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြင်ဆင်သင့်ကြောင်း ယေဘုယျ သဘောထားအနေနဲ့ လက်ခံလာကြပါတယ်။
ဒီအဖြစ်အပျက်နောက်ခံတွေက မြန်မာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေ၊ မူဝါဒ၊ လက်တွေ့ အကောင်အထည်ဖေါ်မှုဆိုင်တဲ့ သမိုင်းဖြစ်ရပ်တွေ နောက်ခံအခြေအနေကားချပ်တွေ ဖြစ်ပါတယ်။
အခုလက်ရှိ အဖြစ်အပျက်တွေမှာ ရင်ဆိုင်ကြုံတွေ့လာကြတာက လက်နက်ကိုင် တော်လှန်တိုက်ခိုက်သိမ်းယူခဲ့ကြတဲ့ နယ်မြေတွေ၊ ပြည်နယ်တွေမှာ ဒေသအလိုက် လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်လာကြတဲ့ သတင်းတွေ ကြားသိလာကြရပါတယ်။ ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA ထိန်းချုပ်ဒေသတွေဖြစ်တဲ့ လောက်ကိုင်၊ ချင်းရွှေဟော် တို့လိုဒေသတွေမှာ မြန်မာနိုင်ငံ နယ်အသီးသီးက ဗမာစကားပြောသူတွေ ကို နေထိုင်ခွင့်၊ ဝင်ရောက်ခွင့် ကန့်သတ်ချက်တွေ ထုတ်ပြန်လာတာ ကြားသိလာကြရပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ချင်းရွှေဟော်၊ လောက်ကိုင်မြို့တွေကို သိမ်းယူပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီ လလောက်ကတည်းက ကိုးကန့်ဒေသခံ မဟုတ်သူ၊ ဗမာစကားပြောဆိုသူတွေကို နေထိုင်ခွင့်ကဒ် လုပ်ဖို့ဖိအားပေးတာတွေ ရှိသလို အချို့လည်း ကိုးကန့်ဒေသကနေ နှင်ထုတ်ပြီး နေရပ်ပြန်ဖို့ လုပ်ဆောင်တာတွေ ရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဧပြီလ သင်္ကြန်ပွဲတော်ကာလအပြီး ကိုးကန့်အဖွဲ့တွေ လားရှိုးကနေ ဆုတ်ခွာရတဲ့အချိန်က စပြီး ချင်းရွှေဟော်၊ ကွမ်လုံ၊ လောက်ကိုင် စတဲ့နေရာတွေကနေ ကိုးကန့် လက်နက်ကိုင်တွေအနေနဲ့ မြန်မာစကားပြောသူတွေ၊ မြန်မာလူမျိုးတွေကို ဝင်ခွင့်မပေးတော့သလို၊ အချို့ကိုတော့ တရုတ်လုပ်ငန်းရှင်ရဲ့ ထောက်ခံချက် ပါရှိမှ ဆက်လက် နေထိုင်လုပ်ကိုင်ခွင့် ရကြမယ့်သဘောလည်း ဖြစ်ပါတယ်။
အလားတူ တအာန်းပလောင်လက်နက်ကိုင်တပ်ဖွဲ့ TNLA ထိန်းချုပ်ထားတဲ့မြို့နယ်မှာလည်း နေထိုင်ခွင့်ကတ်ပြား သို့မဟုတ် ပြည်နယ်သား မှတ်ပုံတင် ထုတ်ပေးဖို့ စီစဥ်နေကြောင်း ရွှေဖီမြေသတင်းဌာနက မေလ ၁၇ ရက်နေ့က ဖော်ပြထားတာ တွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလမှာ TNLA က မြို့ပေါင်း ၁၂ မြို့ သိမ်းယူခဲ့ပြီး လက်ရှိအချိန်ထိထိန်းချုပ်ထားကာ အုပ်ချုပ်ရေးအကောင်အထည်ဖော်ဆောင်ရွက်နေရာမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ဆောင်မှုအဖြစ် အခုလို နေထိုင်ခွင့်ကတ် သို့မဟုတ် ပြည်နယ်သား မှတ်ပုံတင် ထုတ်ပေးဖို့ စီစဥ်လာတာ ဖြစ်ပါတယ်။ အခုလို လုပ်ဆောင်လာတာဟာ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေ အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မိမိတို့ဘာသာ စတင်ကျင့်သုံးလာတဲ့ သဘောလို့ ဆိုမယ်ဆိုဆိုနိုင်ပါတယ်။ နယ်မြေတခုကို စစ်ရေးအားဖြင့် ထိန်းချုပ်လာနိုင်ပြီးနောက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရ မူဝါဒချမှတ်ကျင့်သုံးလာတဲ့ အနေ အထားဖြစ်ပြီး စိန်ခေါ်မှုတွေ အနေနဲ့ကတော့ လူမျိုးရေး ခွဲခြားမှု ရှိ မရှိ၊ ထိန်းချုပ်ဒေသမှာ နေထိုင်နေတဲ့ အခြားသောတိုင်းရင်းသားလူမျိုးတွေ အပေါ် ခွဲခြားဆက်ဆံတဲ့ မူဝါဒ သို့မဟုတ် လက်တွေ့ကျင့်သုံးမှုတွေ ဘယ်လိုရှိမလဲဆိုတဲ့ မေးခွန်းတွေ ရှိလာနိုင်ပါတယ်။
တခြားသော တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေရဲ့ မူဝါဒ၊ လက်တွေ့ကျင့်သုံးမှုတွေကရော ဘယ်လို ရှိနေလဲ၊ ဘယ်လိုတွေ ဖြစ်လာနိုင်သလဲ စတဲ့မေးခွန်းတွေလည်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
လောလောဆယ်မှာ လုံခြုံရေး ရှုထောင့်ကနေ အလေးပေးပြီး ကန့်သတ်တာ စိစစ်တာတွေ ရှိကောင်းရှိနိုင်ပေမယ့် ရေရှည်ကာလအတွက် မျှော်မှန်းပြီးလည်း မူဝါဒတွေ၊ စည်းမျဥ်းစည်းကမ်းတွေ ချမှတ်ကျင့်သုံးကြရမယ့် သဘောလည်း ဖြစ်နိုင်ပါတယ်။
တအာန်းပလောင်ဒေသ နဲ့ ကိုးကန့်ဒေသတွေက အခုလို လူဝင်မှုကြီးကြပ်ရေး ကိစ္စကို စတင်လုပ်ဆောင်လာကြတာ ကြားသိကြရပြီး အခြားသော တိုင်းရင်းသားဒေသတွေ ဖြစ်တဲ့ ရခိုင်၊ ကချင်၊ ချင်း နဲ့ အခြား တိုင်းရင်း သားနယ်မြေတွေအဖို့လည်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေက အနှေးနဲ့အမြန် စဥ်းစားလုပ်ဆောင်ကြရမယ့် အနေအထားလည်း ဖြစ်လာနေတဲ့ အနေအထားဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar