Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၄ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၄ )

မိုးမခ၊ မေ ၁၇ ၊ ၂၀၂၅

13/5/25

Diary in the darkness 

မိုးဆက်တိုက်ရွာနေတာ သုံး လေးရက်ရှိပြီ။ ဗန်းမော်မြို့သိမ်း အောင်ပွဲသတင်းကို မျှော်နေမိတယ်။ တော်လှန်ရေးဘက်က အောင်ပွဲသတင်းကလေးတွေ စဉ်ဆက်မပြတ်ကြားနေရပေမယ့် အဆုံးအဖြတ်ပေးမယ့် အောင်ပွဲကြီးသတင်းတွေကိုတော့ မကြားရသေးပါ။ စကစ ဘက်ကလည်း လေကြောင်းပစ်ကူတွေနဲ့ အသည်းအသန် ခုခံနေတယ်။ တရုတ်နဲ့ ရုရှားဆီက အကူအညီတွေနဲ့ပေါ့။ တော်လှန်ရေးအဟုန်ကလည်း တန့်နေတယ်။ ၁၀၂၇ စစ်ဆင်ရေးအပြီး တတိယလှိုင်းကို လူထုကမျှော်လင့်နေပေမယ့် ထိုးစစ်အရှိန်က အေးသွားတယ်။ 

ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာတော့ မင်းသားကြီးထရမ့်ရဲ့ ကကြိုးစုံလင် ဇာတ်သဘင်ကြီးကတော့ ကမ္ဘာ့ပွဲကြည့်ပရိသတ်ကြီးကို ဂျွမ်းထိုးပြနေတုန်းပါပဲ။ ထရမ်ရဲ့ ဝင်ငွေခွန်ထိုးစစ်ကြောင့် ရလိုက်တဲ့ ရှီကျင့်ဖင်ရဲ့ ဒဏ်ရာဟာ အတော်နက်ရှိုင်းသွားပုံရတယ်။ အခြေခံကျတဲ့ တရုတ်စက်မှုလုပ်ငန်းတွေ တဘုန်းဘုန်းပြိုလဲကုန်တယ်။ ရန်ဘက်နိုင်ငံကိုအခြေပြုတဲ့စီးပွာရေးတိုးတက်မှု စီမံကိန်းတွေကြောင့်ထင်ပါရဲ့။ ဒီလိုမလုပ်ပြန်ရင်လဲ တရုတ်ဟာ ခုလို မြန်မြန်ဆန်ဆန်တိုးတက်လာမှာ မဟုတ်ဘူးလေ။ အမေရိကန်ကတော့ ဆေးခါးကြီးသောက်ပြီး သူ့အနာ သူ ကုလိုက်တာကြောင့် သူလဲ တော်တော်ခံလိုက်ရပါတယ်။ ခုတော့ အမေရိကန်က သူဌေးနိုင်ငံတွေဘက်လှည့်ပြီး ဆေးဖိုးဝါးခ ငွေရှာ ထွက်နေပါတယ်။ အောင်မြင်မှုတွေလည်း ရနေပါတယ်။ တရုတ်ကြီးကတော့ ပါကစ္စတန်နဲ့ အန္ဒိယကြား မီးစ ထည့်ပြီး ဝိုင်းပတ်လာမယ့် အမေရိကန်အန္တရာယ်ကို ဟန့်တားထားပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့နောက်ဖေးပေါက် မာလကာရေလက်ကြားကတော့ လစ်ဟာနေမြဲ ဖြစ်ပါတယ်။ 

ရှေးရှေးကတည်းကရှိတဲ့ တရုတ်ကို ဝိုင်းပတ်ပိတ်ဆို့တဲ့ အနောက်နိုင်ငံတွေရဲ့ မဟာဗျူဟာလမ်းကြောင်းမှာ မြန်မာပြည်တည်ရှိနေတာကြောင့် ကျွန်တော်တို့တိုင်းပြည်ဟာ  ကြားခံစစ်ပွဲ ဖြစ်ဖို့ အလားအလာရှိ တဲ့‌နယ်‌‌မြေ ဖြစ်နေပါတယ်။

အခုလည်း ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအခြေပြု တော်လှန်ရေးကြောင့် တရုတ်ဟာ ကျွန်တော်တို့ကို လန့်နေပါတယ်။ သူက ဒီမိုကရေစီ အကြောက်ကြီးတဲ့ နာတာရှည် စိတ်ဝေဒနာသည်ကြီး ဖြစ်နေကြောင့် ကျွန်တော်တို့ရဲ့နွေဦးတော်လှန်ရေးကို သံသယကြီးကြီး ရှိနေတာ သဘာဝကျပါတယ်။ အဲဒါကြောင့် သူဟာ စစ်အာဏာရှင် ရာဇဝတ်သား မင်းအောင်လှိုင်ကို မလွဲသာ မရှောင်သာ ထောက်ပံ့စွန့်ကြဲနေရပါတယ်။ အရူးဘုံမြှောက် လုပ်နေရပါတယ်။ အဲဒီတော့ နွေဦးတော်လှန်ရေးဟာ လေးလံနှေးကွေးနေရတာပေါ့။ 

ဘာပဲဖြစ်ဖြစ်၊ ဘယ်အခြေအနေပဲရောက်ရောက် ကျွန်တော်တို့ဟာ အာဏာရှင်ကို စစ်အနိုင်တိုက်ရေးမူကိုသာ စွဲမြဲစွာ ဆုပ်ကိုင်ထားရုံမှတပါး အခြားမရှိပြီ။

အန်ကယ် တူမီး
-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar