မောင်လူမွှေး - ကံကောင်းလိုက်တာ
မောင်လူမွှေး - ကံကောင်းလိုက်တာ
မိုးမခ ၊ မေ ၁၉ ၊ ၂၀၂၅
ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး မောင်လူမွှေးဟာ စစ်ရှောင်တွေဆီကို သွားခဲ့တယ်။ စစ်ရှောင်စခန်းက မောင်လူမွှေးရဲ့ ဇာတိဇနပုဒ်လေးနဲ့ သုံးလေးမိုင်ပဲ ဝေးတာမို့ ပညာရေးဆွေးနွေးပွဲကိစ္စတွေပြီးတာနဲ့ ဇာတိရွာလေးကို ပြန်အိပ်ဖြစ်ပါတယ်။ စစ်ရှောင်စခန်းတွေကို ပုံမှန်ရောက်တတ်တဲ့ မောင်လူမွှေးတစ်ယောက် ကိုယ့်ဇာတိရွာကလေးကို ညအိပ်ညနေ ရောက်ခဲပါတယ်။ ဒီတစ်ပတ်မှာတော့ ပညာရေးခရီးစဥ်နဲ့ အကြောင်းသင့်နေတာမို့ နှစ်ညတောင်အိပ်ဖြစ်ခဲ့တယ်။
မောင်လူမွှေး ရောက်နေတုန်း ဇာတိရွာရဲ့ တစ်ဖက်ကရွာက နာရေးတစ်ခုကိုရောက်ခဲ့တယ်။ တောထဲမှာ စစ်ရှောင်နေတဲ့ အသက်ခုနစ်ဆယ်ကျော် အဖိုးအိုတစ်ယောက် စစ်ရှောင်ရင်း တောထဲမှာ ရုတ်တရက် ဆုံးပါးခဲ့ရတဲ့ နာရေးဖြစ်တယ်။
သေဆုံးသူဟာ တောထဲက တဲမှာ စစ်ရှောင်နေတုန်း သူ့တဲကို သူ့အစ်မ လာတယ်။ သူ့အစ်မက တောထဲမှာ ချော်လဲရာက လက်နာနေလို့ သူ့မောင်ဖြစ်သူကို လာနှိပ်ခိုင်းတာပါ။ သူ့အစ်မကိုနှိပ်ပေးဖို့ သူ့လက်ကို အမြှောက်မှာ ခေါင်းစိုက်လဲကျပြီး အသက်ထွက်သွားတာလို့ သိရတယ်။ မိုးတွေက သဲသဲမဲမဲရွာပြီး လေတွေလည်း ထန်နေတယ်။ နာရေးကူပြီးနောက် စကားစမြည်ဆိုရင်း မိုးတိတ်အောင် အချိန်တော်ကြာစောင့်ခဲ့ရတယ်။
မောင်လူမွှေး ဇာတိရွာလေးကိုရောက်လို့ နာရေးအကြောင်း ပြောပြတော့ "ကံကောင်းလိုက်တာ " လို့ မှတ်ချက်ပေးကြတာကို သတိထားမိတယ်။ အများစုက ခုလို၊မနာမကျင်ရဘဲ အသက်မြန်မြန်ထွက်သေဆုံးရတဲ့အတွက် ကံကောင်းလိုက်တာလို့ ပြောဆိုကြတာ ဖြစ်တယ်။ သွေးတိုးသွားတာဖြစ်မယ်လို့လည်း ရောဂါမှတ်ချက်ပေးကြတယ်။
စစ်အာဏာသိမ်းပြီးကတည်းက လူတစ်ယောက် သေဆုံးခဲ့ရင် "ဝဋ်ကျွတ်သွားပြီ" ၊ " လွတ်မြောက်သွားပြီ" ၊ " ဒီနိုင်ငံမှာ လူလာပြန်မဖြစ်ပါနဲ့တော့" စသဖြင့် မှတ်ချက်ပြုကြတယ်။ စစ်အာဏာသိမ်းခါနီးနဲ့ စစ်အာဏာသိမ်းပြီးခါစ ဆုံးပါးခဲ့သူတွေအတွက်လည်း "တော်သေးတယ်။ ခုလိုအခြေအနေတွေနဲ့ မကြုံလိုက်ရတာ" ဆိုပြီး စိတ်ဖြေကြတာ တွေ့ရတယ်။
ခုလို ရုတ်တရက် အမှတ်မထင် သေဆုံးကြတာတွေကြုံရတော့ သေဆုံးသူကို " ကံကောင်းလိုက်တာ" လို့ ဆိုကြတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ ခုလိုပုံစံနဲ့ ဆုံးပါးသွားတဲ့အခါ ကံကောင်းလိုက်တာလို့ပဲ ဆိုကြတယ်။ သက်ကြီးရွယ်အိုအချင်းချင်း ငါလည်းသူ့လိုပဲသေသွားချင်တယ် လို့ ပါးစပ်ကထုတ်ဖော်ပြောဆိုကြတယ်။
လူအများရဲ့အမြင်မှာ ရုတ်တရက်သေဆုံးသွားတဲ့ သက်ကြီးရွယ်အိုတွေဟာ ကံကောင်းသူ တွေဖြစ်တယ်။ ဒီလိုဆိုရင် အသက်ရှင်လျက် စစ်အာဏာရှင်ရဲ့ဒဏ်၊ ရာသီဥတုဒဏ်၊ ရောဂါရဲ့ဒဏ်တွေကို ခံနေကြရရှာတဲ့ သက်ကြီးရွယ်အိုတွေကတော့ ကံမကောင်းသူ တွေလို့ ဆိုရမှာဖြစ်တယ်။
မောင်လူမွှေးဟာ ကျေးရွာတွေမှာ ကံမကောင်းတဲ့ သက်ကြီးရွယ်အိုတွေကို တွေ့ရတယ်။ ဇာတိရွာကလေးက အသက် ရှစ်ဆယ့်ကိုးနှစ်အရွယ် မောင်လူမွှေး အုန်းကြီးဟာ အိပ်ရာထဲမှာ အနာတွေပေါက်ပြီး လဲလျောင်းနေရှာတယ်။ အသက် ၈၀ ဝန်းကျင် ဖကြီးဟာ အိပ်ရာထဲမှာပဲ "တအင်းအင်း"ညည်းနေတတ်တယ်။ အသက် ၇၆ နှစ်အရွယ် မောင်လူမွှေးအရီးကတော့ အိပ်ရာထဲလဲလိုက် ပြန်နာလန်ထလိုက်နဲ့ ပတ်ချာလည်နေတယ်။ သူတို့သုံးဦးလုံးဟာ မောင်လူမွှေးရဲ့ ဆွေမျိုးရင်းတွေဖြစ်တယ်။ အများမှတ်ချက်အရဆို ကံမကောင်းတဲ့ သက်ကြီးရွယ်အိုတွေပါ့။
မောင်လူမွှေးဟာ ကိုယ့်ဇာတိရွာကို ရောက်ခိုက် ကိုယ့်အုန်းကြီး၊ ဖကြီးနဲ့ အရီး အရင်းတွေကို တွေ့ဆုံခဲ့တယ်။ "သေတော့မှာကွ" လို့ အုန်းကြီးက ပြောတယ်။ " ပြုစုရတဲ့သူတွေ ဒုက္ခများပါပြီကွာ" လို့ ဖကြီးက ဆိုတယ်။ သူတို့တွေလည်း ကံကောင်းချင်မှာပဲလို့ မောင်လူမွှေး တွေးမိတယ်။ မောင်လူမွှေးဟာ ကံမကောင်းတဲ့ သူတို့ကို နှုတ်ဆက်ပြီးပြန်ခဲ့တယ်။
အပြန်မှာ စစ်ရှောင်စခန်းနှစ်ခုကိုဝင်၊ ပညာရေးကိစ္စ ဆောင်ရွက်ရင်း ဆေးအဖွဲ့တစ်ခုက အကူအညီတောင်းလို့ စစ်ရှောင်စခန်းက သက်ကြီးရွယ်အို စာရင်းကို တောင်းခံခဲ့တယ်။ ရာသီဥတုက မိုးရွာပြီးမှ ဆတိုးနဲ့ပူလောင်နေတယ်။ သက်ကြီးရွယ်အို စာရင်းစာရွက်ကို ကြည့်ရင်း ဒီထဲမှာ "ကံကောင်းချင်သူတွေ "ဘယ်နှယောက်များ ပါမလဲဆိုတဲ့ အတွေးက ဝင်လာတယ်။
ရုတ်တရက် ဆုံးပါးသွားတာဟာ ကံကောင်းခြင်းလို့ မောင်လူမွှေး လက်မခံချင်ပါ။ ဘဝတစ်ခုချင်းစီဟာ သူ့တန်ဖိုးနဲ့သူ ရှိနေတယ်။ စစ်အာဏာရှင်ကြောင့် ဘဝတန်ဖိုးတွေ ပျက်စီးခဲ့ရတယ်။ ပညာမတတ်မြောက်ရင် ဘဝတန်ဖိုးတွေ ဆက်လက်လျော့ကျ ပျက်စီးဖို့ရှိနေတယ်။ မျိုးဆက်သစ်တွေ ကံကောင်း၊ မကောင်းဆိုတာ မောင်လူမွှေးတို့ သူတို့ကို ပညာဘယ်လောက်တတ်အောင် သင်ပေးနိုင်မလဲဆိုတဲ့အပေါ် မူတည်နေတယ်လို့ မောင်လူမွှေး ယုံကြည်မိပါတယ် ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar