Breaking News

သီအိုဇော် - အာဆီယံပေါင်ပေါ် ချပေးရမည့် မီးပွား ( ၂ )

သီအိုဇော် - အာဆီယံပေါင်ပေါ် ချပေးရမည့် မီးပွား ( ၂ )

မိုးမခ ၊ မေ ၁၉ ၊ ၂၀၂၅

အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းအေဂျင်စီများရဲ့ စုံစမ်းတွေ့ရှိ ထုတ်ပြန်ထားချက်တွေ အရ ကောက်ချက်ချရရင်တော့၊  ‘ရှန်ဂရီလာဒိုင်ယာလော့ဂ်(Shangri-La Dialogue) (၂၀၁၂) တုန်းက မြန်မာကာကွယ်ရေးဝန်ကြီး ပြောကြားခဲ့သလို နျူကလီးယားစီမံချက် ရပ်တန့်သွားပြီဆိုတဲ့ စကားဟာ မှန်ကန်မနေဘူး ဆိုတာပါပဲ။  ဒါကို လက်ဆုပ်လက်ကိုင် သိမ်းဆည်းရရှိခဲ့တဲ့ weapons grade plutonium က သက်သေပြနေပါတယ်။ ဒါဆိုရင် နိုင်ငံတကာ၊ အာဆီယံနဲ့ IAEA ကို လိမ်ညာခဲ့တာလို့ပဲ မှတ်ချက်ပြုရမှာ ဖြစ်သလို၊ ဒီအချက်ကို ပိုမို ပေါ်လွင်အောင်လည်း မီးမောင်းထိုးကြရပါလိမ့်မယ်။

မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ -IAEA စတင်ဖွဲ့စည်းခဲ့စဉ် ၁၉၅၇ ခုနှစ်ကတည်းက တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံများထဲမှာ ပါဝင်ခဲ့ပြီး ဆက်တိုက်အဖွဲ့ဝင်နိုင်ငံ ဖြစ်နေတာပါ။ နှိုင်းယှဉ်ပြောဆိုရမယ်ရင် မြောက်ကိုရီးယားကတော့ ၁၉၇၄ ခုနှစ်မှာ ဝင်ရောက်ခဲ့ပြီး ၁၉၉၄ခုနှစ်မှာ ပြန်နှုတ်ထွက်ခဲ့ပါတယ်။ ဒါကြောင့် မြောက်ကိုရီးယား လုပ်ကိုင်နေသလို IAEA စည်းမျဉ်းစည်းကမ်းတွေကို အလေးမထားဘဲ နေလို့ မရပါဘူး။

၁၉၇၀ ပြည့်နှစ် မတ်လ (၅) ရက်နေ့ကတည်းက စတင်သက်ဝင်ခဲ့တဲ့ နျူကလီးယား လက်နက် မပြန့်ပွားရေးစာချုပ်မှာ မြန်မာနိုင်ငံက စာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ်၊ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့မှာ အတည်ပြု ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ဆက်စပ်ဘေးကင်းလုံခြုံရေးစာချုပ်ကို ၁၉၉၅ ခုနှစ် ဧပြီလ (၂၀) ရက်နေ့နဲ့ နောက်ဆက်တွဲ သဘောတူစာ ချုပ်ကို ၂၀၁၃ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့မှာ ထပ်မံလက်မှတ် ရေးထိုးခဲ့ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့  နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေကို အလုံးစုံတားမြစ်ပိတ်ပင်တဲ့ Comprehensive Nuclear-Test-Ban Treaty (CTBT) ကိုလည်း NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ့က အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့မှာ နျူကလီးယားလက်နက်တား မြစ်ရေးTreaty on the Prohibition of Nuclear Weapons (TPNW)ကို လက် မှတ် ရေးထိုးခဲ့ပါတယ်။ အာဏာမသိမ်းခင် ရက်ပိုင်းအလို ၊၂၀၂၁ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့မှာ ဒီ TPNW စာချုပ် သမိုင်းတင် အသက်ဝင်ခဲ့တဲ့အတွက် NLD အစိုးရအ တွက် မှတ်တိုင်တခုလို့လည်း ပြောနိုင်ပါတယ်။ 

လက်ရှိ IAEA အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၀( ၂၀၂၄ခုနှစ် နိုဝင်ဘာ) ရှိပြီး၊ ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေ၊ သဘောတူညီချက်၊ လိုအပ်ချက်များနဲ့  နိုင်ငံတကာ စံနှုန်းစံထားများကို လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ အဖွဲ့ဝင်များအနေနဲ့ မလွဲမသွေလိုက်နာရမယ့် တာဝန်ရှိပါတယ်။

မြန်မာစစ်ခေါင်းဆောင်များ၏ နျူကလီးယားအိပ်မက်

နျူကလီးယား ခရီးလမ်းကို ပြန်ကြည့်တဲ့အခါ အနည်းဆုံး ရာစုနှစ်တခုရဲ့ လေးပုံတပုံလို့ ပြောရမယ့် ၂၀၀၀ခုနှစ်ကနေ နောက်ကြောင်းပြန်ဖို့ ရှိလာပါတယ်။ အဲဒီလိုပြန် ခြေရာကောက်ကြည့်တဲ့အခါ ခန့်မှန်းပြောဆိုလေ့ ရှိကြသလို နျူကလီးယား အိပ် မက်အတွက် ရုရှား၊မြောက်ကိုရီးယားတို့နဲ့ပဲ လျှို့ဝှက်ဆက်ဆံနေတာ မဟုတ်ခဲ့ပဲ၊ အဲဒီ ကာလက နျူကလီးယားနည်းပညာ မှောင်ခိုအရောင်းအဝယ်လုပ်နေတဲ့ အခြားသူများနဲ့လည်း အဆက်အသွယ် ယူခဲ့တဲ့အထိ ခြေလှမ်းကျဲခဲ့တဲ့ အထောက်အထား တွေ့ရပါတယ်။ 

မြောက်ကိုရီးယားထက်တောင် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုကို အရင်ပြုလုပ်နိုင်ခဲ့တဲ့၊ မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်း မဆက်စပ်တဲ့ နိုင်ငံတခုနဲ့ နျူကလီးယားကိစ္စနဲ့ ပတ်သက်ပြီး အဆက်အဆံ ရှိခဲ့တယ်လို့ ဖော်ပြထားတဲ့သတင်းထွက်ခဲ့ ဖူးပါတယ်။ ဒီအချက်အတွက် ထိုအချိန်က စီအိုင်အေက အပူတပြင်း လိုက်လံရှာဖွေနေတဲ့ အဲဒီနိုင်ငံကနျူကလီးယား သိပ္ပံပညာရှင်နှစ်ဦးက မြန်မာနိုင်ငံမှာ ရောက်ရှိနေခဲ့တယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက ရေးသားထားတာကို ကောက်နုတ်ပြရပါလိမ့်မယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာ (၁၁) ရက်နေ့ က အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ၉/၁၁ တိုက်ခိုက်မှုအပြီး၊ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတွေအနေနဲ့ တာလီဘန် ဒါမှမဟုတ် အယ်လ်ကိုင်းဒါး ကွန်ရက်တွေ နျူကလီးယား လက်နက်ပိုင်ဆိုင်ဖို့ ကြိုးစားနေသလား ဆိုတဲ့ သတင်းတွေနောက် လိုက်လံစုံစမ်းခဲ့ပါတယ်။

ဒီအတွက် အဓိကစစ်ဆေး မေးမြန်းချင်တဲ့ နျူကလီးယား သိပ္ပံပညာရှင်နှစ်ဦးကို ရှာ ဖွေနေခဲ့ပါတယ်။ အဲဒီချိန်မှာ သူတို့နှစ်ယောက်က မြန်မာနိုင်ငံကို ရောက်ရှိနေတယ် လို့ ၂၀၀၁ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့ နယူးယောက်တိုင်းမ်မှာ ရေးသားထားပါတယ်။ နယူးယောက်တိုင်း သတင်းစာက ဒီလိုသတင်းမျိုးကိုတော့  စောင့်ကြည့်လေ့လာသူတွေက ဂရုတစိုက် ရှိကြပါတယ်။

ထိုသူနှစ်ဦးက မြောက်ကိုရီးယားထက်အရင် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့တဲ့ ပါကစ္စတန် နိုင်ငံက ထိပ်တန်း နျူကလီးယား ပညာရှင်တွေပါ။ ပါကစ္စတန်က ၁၉၉၈ခုနှစ် မေလ (၂၈) ရက်နေ့မှာ စမ်းသပ်ခဲ့ပြီး၊ မြောက်ကိုရီးယားက ၂၀၀၆ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာမှ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီကာလက စီအိုင်အေ ညွှန်ကြားရေးမှူးဖြစ်သူ ‘ဂျော့တန်းနက်’(George Tenet) ကိုယ်တိုင် ပါကစ္စတန်ကို လာရောက်ခဲ့ပါတယ်။ သတင်းစာ မှာ ဖေါ်ပြထားချက်အရ စီအိုင်အေဘက်က အတည်မပြုခဲ့ပေမယ့်၊ အိမ်ဖြူတော်ကတော့ ဂျော့တန်းနက်ရဲ့ ခရီးစဉ်ဟာ နျူကလီးယားကိစ္စနဲ့ တစိတ်တပိုင်း ပတ်သက်တယ်လို့ ပြောကြားခဲ့တယ် ဆိုပါတယ်။

‘ဂျော့တန်းနက်’ ဝါရှင်တန်ပြန်သွားပြီးတဲ့နောက်၊ ပါကစ္စတန်ဘက်က တာဝန်ရှိသူတွေက  စီအိုင်အေက မေးမြန်းလိုတဲ့သူတွေဆိုတာ နျူကလီးယား သိပ္ပံပညာရှင် Dr Suleiman Asad နဲ့ Dr Muhammad Ali Mukhtar တို့ဖြစ်တယ်ဆိုတာ အနောက်တိုင်းနဲ့ ပြည် တွင်းမီဒီယာတွေကို ဖြေဆိုခဲ့တယ်လို့ သတင်းစာထဲ ဆက်ရေးထားပါတယ်။

သူတို့က ဒီနျူကလီးယား ပညာရှင်နှစ်ယောက်က ၉/၁၁ တိုက်ခိုက်မှုဖြစ်ပြီး မကြာခင်မှာပဲ သဲသဲကွဲကွဲ ပြောဖို့ ခက်ခဲတဲ့ သုတေသနစီမံကိန်း တခုအတွက် မြန်မာပြည်ကို သွားရောက်ခဲ့ပြီး၊ လတ်တလော ပါကစ္စတန်ကို ပြန်ရောက်လာဖို့လည်း မရှိသေးဘူးလို့ ထပ်ပြောခဲ့တယ်လို့လည်း ဆောင်းပါးထဲ ပါပါတယ်။ စိုက်ပျိုးမွေးမြူရေးလို ပရောဂျက်မျိုးအတွက် သွားတာတော့မဖြစ်နိုင်ဘူး ဆိုတာက ထင်ရှားပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar