Breaking News

လေကြောင်းတိုက်ခိုက်မှု ရပ်ဆိုင်းဖို့ တားဆီးနိုင်ခြေနဲ့ အခြားရွေးချယ်စရာ

မြန်မာနွေဦးခရိုနီကယ် - မေ ၁၅ မြင်ကွင်း

မိုးမခ၊ မေ ၁၆ ၊ ၂၀၂၅

လေကြောင်းတိုက်ခိုက်မှု ရပ်ဆိုင်းဖို့ တားဆီးနိုင်ခြေနဲ့ အခြားရွေးချယ်စရာ

နေ့စဥ်သတင်းတွေရဲ့  ၇၀ ရာနှုန်းလောက်က လေကြောင်းတိုက်ခိုက်ခံရတဲ့သတင်းတွေဖြစ်နေပြီး နေရာဒေသသာကွာခြားပြီး ဖြစ်စဥ်တွေက လူနေအိမ်၊ စာသင်ကျောင်း ဘာသာရေး အဆောက်အဦ စသဖြင့် ဆင်တူ ယိုးမှားအဖြစ်အပျက်တွေ ဖြစ်လာနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ ခုရက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးစိပ်စိပ်လုပ်ဆောင်လာသလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေကြောင့် အရပ်သားသေဆုံးမှု၊ အထူးသဖြင့် စာသင်နေတဲ့ ကျောင်းသူကျောင်းသားတွေ ထိခိုက်သေဆုံးရတာတွေ ကြောင့် ပိုမို ခံစားကြရတဲ့ အဖြစ်တွေ ကြားသိနေကြရပါတယ်။ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာ၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ကျေးရွာ နဲ့ အခြားသော ဒေသတွေကို စစ်ကောင်စီက တနေရာထည်းကို ရက်ဆက်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့်လည်း လေကြောင်းတိုက်ခိုက်မှု ရပ်တန့်ရေး အတွက် တောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာနေတာလည်း တွေ့နေရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေနဲ့ တုံ့ပြန်တားဆီး နိုင်မလား၊ လေကြောင်းတိုက်ခိုက်မှုတွေ မခံရအောင် လေယာဥ်မပျံသန်းရဇုန် အဖြစ်သတ်မှတ်တာဖို့ တောင်းဆိုမလား၊ လေယာဥ်ဆီနဲ့ လေယာဥ်အပိုပစ္စည်းတွေမရအောင် တားဆီးနိုင်မလား စသဖြင့် ဖြစ်နိုင်ချေရှိတဲ့နည်းလမ်းတွေ ဆွေးနွေးပြောဆိုလာနေကြသလို အချို့နည်းလမ်းတွေက လက်တွေ့မှာဖြစ်နိုင်ချေ အလား အလာ အလွန်နည်းတာလည်း တွေ့နေကြရပါတယ်။ လေယာဥ်ဆီ ဝယ်ယူလို့ မရအောင် ပိတ်ဆို့တာမျိုးကို ဘယ်လိုနည်းလမ်းနဲ့လုပ်ဆောင်ကြမလဲလို့မေးရင် စစ်ကောင်စီနဲ့ ဆက်ဆံနေတဲ့နိုင်ငံတွေအားလုံးက ဒီတောင်း ဆိုချက်ကို လက်ခံသဘောတူကြမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှ၊ တောင်အာရှလို နိုင်ငံတွေအားလုံးက တောင်းဆိုချက်ကို သဘောတူဖို့ အခွင့်အလမ်းနည်းပါးပြီး လေယာဥ်ဆီတင်သွင်းပေးတဲ့ ကုမ္ပဏီတွေကို အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူတာ နာမည်ပျက်စာရင်းသွင်းတာ လုပ်နိုင်ပေမယ့် အရှေ့အာရှနဲ့ တောင်အာရှနိုင်ငံတွေ ပူးပေါင်း မပါဝင်ရင် အောင်မြင်နိုင်ချေ မရှိတဲ့အနေအထားဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံထံမှပဲ ဝယ်ခွင့်ရသည် ဖြစ်စေ စစ်ကောင်စီအနေနဲ့ ငွေရှိနေသရွေ့ လေယာဥ်ဆီ ဝယ် ယူရရှိနိုင်နေဦးမှာ ဖြစ်ပါတယ်။ လေယာဥ်ဆီ ရောင်းချမှု ပိတ်ဆို့ပေးရေး တောင်းဆိုမှုတွေကို  ယခင်နှစ်တွေကတည်းက လုပ်ဆောင်နေကြတာဖြစ်ပေမယ့် အကောင်အထည်ပေါ်လာနိုင်ချေ ခုချိန်ထိမြင်တွေ့ရခြင်းမရှိပါဘူး။ ဒေသတွင်းနိုင်ငံမှာအခြေစိုက်တဲ့ INGO တချို့က လေယာဥ်ဆီ ဖြတ်တောက်ရေးနဲ့ပတ်သက်လို့ နှိုး ဆော်တာတွေ တောင်းဆိုတာတွေလုပ်ဆေင်ခဲ့ကြပေမယ့် နိင်ငံတကာအသိုင်းအဝိုင်းတော့ စစ်ကောင်စီရဲ့ဗုံး ကြဲမှုတွေကို မြန်မာပြည်တွင်းရေးလို့သတ်မှတ်ကြပုံရသလို အာဏာသိမ်းစစ်အစိုးရဟာ လူထုမထောက်ခံသည့်တိုင် လုပ်ထုံးလုပ်နည်း နိုင်ငံတကာဥပဒေအရ အစိုးရဖြစ်နေဆဲသတ်မှတ်ချက်တွေကြောင့် နိုင်ငံအစိုး ရတခုနဲ့တခုအကြား လေယာဥ်ဆီအပါအဝင် ကုန်သွယ်မှုတွေ လုပ်ဆောင်တာကိုပိတ်ပင်ဖို့ တားဆီးဖို့ ခက်ခဲတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

လေကြောင်းရန်ကို အကာအကွယ်ဖြစ်စေတဲ့ လေယာဥ်ပစ်လက်နက်ဝယ်ယူရရှိဖို့ကလည်း မဖြစ်နိုင်တဲ့ ရွေး ချယ်စရာတခုအဖြစ် နားလည်ထားကြပါတယ်။ နိုင်ငံအစိုးရတရပ်အဖြစ်သတ်မှတ်ခံရခြင်းမရှိသေးတဲ့ အမျိုး သားညီညွတ်ရေးအစိုးရအဖို့ လေယာဥ်ပစ်လက်နက်တွေ ဝယ်ယူနိုင်ဖို့မဖြစ်နိုင်ဘူးဆိုတာ တော်တော်များများက ခုချိန်မှာ နားလည်သဘောပေါက်လာကြတာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံအပေါ် ဖြတ်ပျံ သန်းတဲ့ မလေးရှားလေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဥ်ကို ယူကရိန်း သူပုန်တွေက မြေပြင်က ပစ်ခတ်တဲ့လေယာဥ်ပစ် ဒုံးကျည်နဲ့ ပစ်ချခဲ့တဲ့အဖြစ်အပျက်က ပြည်တွင်းစစ်ပွဲတွေမှာ အစိုးရမဟုတ်တဲ့ လက် နက်ကိုင်အဖွဲ့တွေကို လေယာဥ်ပစ်လက်နက်မရောင်းချဖို့ ပိုပြီးတင်းကြပ်တဲ့မူဝါဒတွေ သတ်မှတ်စေခဲ့တာ ဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်တခုမှာတော့ ရုရှားထောက်ခံတဲ့ အစိုးရ၊ ရုရှားတပ်တွေနဲ့ တိုက်ခိုက်နေကြတဲ့ အာဖဂန် သူပုန်အဖွဲ့တွေကို အင်အားအသာစီးရစေဖို့ အမေရိကန်ပြည်ထောင်စုက ပခုံးထမ်း stinger လေယာဥ်ပစ် လက်နက်တွေကူညီခဲ့တာ ရှိပေမယ့် ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း စစ်အေးခေတ်က သာဓကမျိုးတွေ မတွေ့ရတော့ပါဘူး။

အလားတူ စစ်ကောင်စီ ရဲ့ လေတပ်အတွက် နိုင်ငံတကာက လေယာဥ်အပိုပစ္စည်းတွေ ရောင်းချခြင်း မပြုဖို့တောင်းဆိုကြတဲ့တောင်းဆိုမှုတွေရှိနေကြပေမယ့် စစ်ကောင်စီထံ စစ်လေယာဥ်၊ တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်တွေရဲ့ မူလ ထုတ်လုပ်တဲ့နိုင်ငံတွေက တရုတ်၊ ရုရှားတို့လို နိုင်ငံတွေဖြစ်တာကြောင့် ဒီလိုတောင်းဆိုမှုတွေကို နားထောင်မယ့် နိုင်ငံတွေ မဟုတ်တော့ အောင်မြင်မှု မရနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။

လေယာဥ် မပျံသန်းရဇုန် အဖြစ် သတ်မှတ်ပေးဖို့ ဆိုတဲ့အချက်က အထက်က အချက်တွေထက် ပိုပြီးဖြစ်နိုင်ချေနည်းပါးပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ လေယာဥ် မပျံသန်းရဇုန် အဖြစ် သတ်မှတ်ဖို့ ဘယ်အင်အားကြီးနိုင်ငံကမှ လုပ်ဆောင်ဖို့ စိတ်ဝင်စားမှု မရှိပါဘူး။ ကုလသမဂ္ဂလို အဖွဲ့အနေနဲ့လည်း ကမ္ဘာတလွှားဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်၊ နိုင်ငံအချင်းချင်း အကြားဖြစ်တဲ့ စစ်ပွဲတွေကို ဝင်ရောက် ဖြေရှင်းနိုင်တဲ့ အနေအထားကနေ လျောကျခဲ့တာ လတ်တလော ဖြစ်ပွားနေတဲ့ ပါလစ္စတိုင်း၊ ယူကရိန်း-ရုရှားစစ် နဲ့ အာဖရိက တိုက်က နိုင်ငံအချို့မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်တွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။

အခုဖေါ်ပြခဲ့တာတွေက တိုက်ခိုက်မှုကိုတားဆီးဖို့ သို့မဟုတ် လက်နက်နဲ့တုံ့ပြန်ဖို့ နည်းလမ်းတွေဖြစ်ပြီး နောက်နည်းလမ်းတခုကတော့ မြေပြင်ကအရပ်သားတွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် တိမ်းရှောင်တာ၊ လုံလောက်တဲ့ အကာအကွယ်ထဲ နေထိုင်တာ၊ လေကြောင်းတိုက်ခိုက်မှု ပစ်မှတ်ဖြစ်စေနိုင်ပြီး ထိခိုက်သေဆုံးမှု များပြားစေတဲ့လူစုလူဝေးအခမ်းအနား၊ အထူးသဖြင့် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အရပ်သားလူထု ရောနှောနေတဲ့ အခမ်းအနားမျိုးတွေ မလုပ်ဖို့ စတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

ပြန်လည် လက်တုံ့ပြန်နိုင်တဲ့နည်းလမ်းမဟုတ်လို့ အချို့က စိတ်ဝင်စားခြင်းမရှိသည့်တိုင် ဒေသခံတွေ အရပ်သားတွေအနေနဲ့ ထိခိုက်သေဆုံးမှု အနည်းဆုံးဖြစ်အောင် သက်ဆိုင်ရာနယ်မြေတွေမှာ အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ နှိုးဆော် ကြပ်မတ်ကြဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။

တော်လှန်ရေး အင်အားစုတွေ အနေနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုတွေကို စစ်ကောင်စီကို ဆန့်ကျင်မှုပိုမိုများပြားလာအောင် ဝါဒဖြန့်ဖို့ အကြောင်းအချက် တခုအဖြစ် မြင်တဲ့အထိ ပြဿနာ မဟုတ်ပေမယ့် စစ်ကောင်စီက စစ်ရာဇဝတ်မှုများများကျူးလွန် လေလေ တော်လှန်ရေး အောင်ပွဲရတာ မြန်လေလေ ဆိုတဲ့ ရှုထောင့်မျိုးနဲ့တော့ မစဥ်းစားသင့်တာ အမှန်ပဲ ဖြစ်ပါတယ်။

အရပ်သား ပြည်သူလူထုရဲ့ အသက်အန္တရာယ် ကျရောက်မှုဟာ စစ်ကောင်စီဘက်က ကျူးလွန်တဲ့ လေကြောင်းတိုက်ခိုက်မှု အပေါ်မှာ မှီတည်နေတာ အတိုင်းအတာတခုထိ မှန်ပေမယ့် တဖက်မှာလည်း အရပ်သား လူထု ထိခိုက်သေဆုံးမှုနည်းအောင် ကြိုးစားနိုင်တဲ့ နည်းလမ်းတွေကို သက်ဆိုင်ရာ ဒေသကို ထိန်းချုပ်အုပ်ချုပ်နေသူတွေ မှာ တာဝန်ရှိနေတာလည်း ဖြစ်ပါတယ်။

-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar