Breaking News

လေးလေး - လူထုမှတ်စု

လေးလေး - လူထုမှတ်စု

မိုးမခ ၊ မေ ၁၆ ၊ ၂၀၂၅

မန္တလေးမြို့ လူထုကြီးပွားရေးစာအုပ်တိုက်က အခုနှစ်ပိုင်းတွေမှာ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ရေးခဲ့တဲ့ စာအုပ်တွေကို အကြိမ်ကြိမ် ပြန်လည်ပုံနှိပ်ထုတ်ဝေနေတာ တွေ့ရတယ်။ စာအုပ်အဟောင်း အရောင်းအဝယ်ခေတ်က မရှိသလောက်ဖြစ်သွားပြီမို့ ရှေးက စာကောင်းပေကောင်းတွေကို အခုလို ပြန်လည်ပုံနှိပ်ထုတ်ဝေပေးတာ ကျေးဇူးတင်တယ်။ ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေကို အသစ်အတိုင်း ဝယ်ပြီး သိမ်းထားနိုင်သလို မဖတ်ရသေးတဲ့စာအုပ်ဆိုလည်း ခုပဲ ဝယ်ဖတ်နိုင်တဲ့အခွင့်အရေး ရတာပေါ့။ ရှေးလူကြီးတွေ ရေးတဲ့ စာဖတ်ရတဲ့ အရသာက ရှေးဖြစ်ဟောင်းအောက် မေ့ဖွယ်ယ် ဖြစ်တာနဲ့တင် တန်ဖိုးရှိပါတယ်။

ပြီးတော့ လူထုဦးလှနဲ့လူထုဒေါ်အမာတို့ဆိုတာ သတင်းစာဆရာ၊ စာရေးဆရာတွေ ဖြစ်ကြတော့ သူတို့ ရေးတဲ့စာတွေထဲပါတဲ့ အချက်အလက်တွေက ယုံကြည်စိတ်ချရတယ်။ အဲဒီအချက်အလက်တွေက သမိုင်းမှန် တန်ဖိုးရှိတာတွေပေါ့။ အခု ပြောမယ့် လူထုဒေါ်အမာရဲ့ “လူထုဒေါ်အမာအလွမ်းပြေမှတ်စုများ” စာအုပ်ဟာ ဖတ်ပြီးရင် ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဖြစ်ရသလို သမိုင်းအချက်အလက်အရ ကြည့်ရင်လည်း အင်မတန်တန်ဖိုးရှိတဲ့စာအုပ် ဖြစ်နေတယ်။ ဒီစာအုပ်ပါ ဆောင်းပါးတွေဟာ ၁၉၇၀ ကနေ ၁၉၇၉ ခုနှစ်အတွင်း လူထုဒေါ်အမာ သွားခဲ့တဲ့ စာပေဟော ပြောပွဲခရီးတွေအတွင်းက မှတ်စုမှတ်တမ်းတွေက အများစုပါ။

“ဦးလှနဲ့ ကျမ ခရီးထွက်ခဲ့ကြတုန်းက သတင်းစာမရှိတော့ လူက အားနေတာနဲ့ ခရီးသွားမှတ်တမ်းကလေးတွေ ရေးရေးထားမိတယ်။ ဘယ်မှာမှ သုံးဖို့ စိတ်မကူးမိပါဘူး။ ခုတွေ့လို့ ပြန်ဖတ်ကြည့်တော့ ဟိုလွန်ခဲ့တဲ့ ၂၇ နှစ်ကာလတုန်းက မှတ်တမ်းကလေးတွေက ဖတ်လို့ကောင်းနေသေးလို့ စာဖတ်ပရိသတ် ဖတ်ရအောင် ဖော်ပြလိုက်ပါတယ်”လို့ စာရေးသူက စကားဦးသန်းထားတယ်။၁၉၇၀ ကျော်ကာလ ဆိုတာ ခုနေပြန်ကြည့်ရင် နှစ် ၅၀ တော်တော်ကျော်ပြီ။ သတင်းတိုထွာ” ဆိုတဲ့ဆောင်းပါးထဲမှာ ဘိလပ်မြေ အရေးပါနေလို့ အခု မန္တလေး ငလျင်ဘေးနဲ့ နာမည်ကြီးနေတဲ့ ဘိလပ်မြေအကြောင်း ဖောက်သည်ချပါရစေ။

လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ရဲ့ မိတ်ဆွေကြီး စာရေးဆရာ၊ ဒါရိုက်တာဦးသုခကို ဦးလှက “စ”လေ့ရှိတယ်။ ”အဆောက်အအုံများ ဆောက်ချင်လို့ ဘိလပ်မြေလိုချင်ရင် ကိုသုခကိုအဝယ်ခိုင်းကြ”။ ဒီလို စ”တာ ဇာတ် လမ်းနဲ့ ၊ ဦးသုခက သူ့အိမ်ထဲ အခန်းတခန်းဖွဲ့ဖို့ရှိလို့ ဘိလပ်မြေလိုက်ရှာဝယ်တာ အင်မတန် ခဲခဲယဉ်းယဉ်းနဲ့ မှောင်ခိုက ဝယ်ရတယ်။ ၁၉၇၀ ကျော်ကာလ။ အိမ်ရောက်လို့ ဘိလပ်မြေအိတ် ဖောက်တော့ သဲတွေ ဖြစ်နေတယ်။ ဦးသုခ ငယ်ငယ်၊ ကျိုက်လတ်မှာ နေတုန်းက နယ်သတင်းထောက်လုပ်ဖူးသူ ဆိုတော့ သူက ဘိလပ်မြေအိတ်ဖောက်တာ သဲတွေဖြစ်နေပုံကို ဆောင်းပါးရေးပြီး သတင်းစာတိုက်ပို့လိုက်တယ်။

ဘိလပ်မြေ ဆောင်းပါး သတင်းစာထဲ ပါလာတော့ ဦးသုခ အိမ်ရှေ့နေ အရာရှိတယောက်က ဦးသုခဆီ ရောက် လာပြီး ဘိလပ်မြေဝယ်ဖို့ လျှောက်လွှာမှာ လက်မှတ်ထိုးစေပြီး သူကိုယ်တိုင် သက်ဆိုင်ရာထံ လျှောက်လွှာသွားတင်ပေးတော့ ဝယ်ယူခွင့်ကျလာတယ်။ နောက်နှစ်ရက်လောက်နေတော့ ဦးသုခအိမ်ရှေ့ကို ဘိလပ်မြေအိတ်တွေ ရောက်လာတယ်။ အရာရှိက ဆရာကြီး ရပြီမဟုတ်လား..ပေါ့။ ဦးသုခက အဲဒါ သူ့ဆောင်းပါးဖတ်မိတဲ့ သရက်ဘိလပ်မြေစက်ရုံမှာ အလုပ်လုပ်နေတဲ့ သူ့သားက ပို့လိုက်တဲ့ ဘိလပ်မြေအိတ်တွေ၊ အရာရှိ လျှောက်ပေးတဲ့ ဘိလပ်မြေ သွားထုတ်တော့ ကုန်နေတယ်ဆိုလို့ မရသေးဘူးလို့ပြောလိုက်တယ်။

အရာရှိက သူကိုယ်တိုင် သွားမေးတော့ တကယ်ကုန်နေတာ သိသွားပြီး၊ သူ့တပည့်တယောက်ကို  ဦးသုခဆီ လွှတ်၊ ဒီအ‌ကြောင်း ဆောင်းပါးထပ်မရေးဖို့ မေတ္တာရပ်တယ်။ ဦးသုခရဲ့ ဘိလပ်မြေဇာတ်လမ်း။

“စာအုပ်တွေ ရေးချင်သေးတဲ့ မန်းဝင်းမောင်”ဆိုတဲ့ ဆောင်းပါးမှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းဖြစ်ရပ်လေး တခု သွားတွေ့ရတယ်။ မန်းဝင်းမောင်က ကွန်မြူနစ်ပါတီရုံးမှာ ရုံးအုပ် လုပ်ဖူးတယ်။ သခင်သန်းထွန်းနဲ့ တွေ့ပြီး တော်လှန်ရေးထဲ ပါတယ်။ ဘုရင်ခံ ပြန်ဝင်အုပ်ချုပ်တော့ ဖဆပလ ကို ဝန်ကြီး ၆ နေရာပေးမယ်ဆိုလို့ ဖဆပလ က တံခါးပိတ်အစည်းအဝေးတခု လုပ်တယ်။စည်းဝေးနေတုန်း ည ၉ နာရီလောက် သူ့ကို လာခေါ်လို့ လိုက်သွားတော့ ဗိုလ်ချုပ်အောင်ဆန်းက မန်းဝင်းမောင်ကို ကရင်ကိုယ်စား ဝန်ကြီးတနေရာမှာ လုပ်ဖို့ ပြောတယ်။ ဗိုလ်ချုပ်က မန်းဝင်းမောင် ဝန်ကြီးလုပ်ဖို့ အဆိုတင်ပြီး ဦးနုက ထောက်ခံတယ်။

မန်းဝင်းမောင်က ဝန်ကြီးလုပ်ဖို့ စောင့်နေတာ အတော်ကြာသွားလို့ မေးစမ်းကြည့်တော့ ဦးကျော်ငြိမ်းနဲ့ ဦးဗဆွေက မန်းဝင်းမောင်က ကွန်မြူနစ်မို့ ဝန်ကြီးနေရာပေးလို့ မဖြစ်ဘူး ဆိုပြီး ကန့်ကွက်ကြလို့ ပျက်သွားတယ်လို့ ကြားတယ်။ “အဲဒီဟာ ပျက်သွားလို့သာပေါ့။ မဟုတ်ရင် ဗိုလ်ချုပ်တို့နဲ့အတူ လုပ်ကြံခံရတဲ့အထဲ သူ ပါသွားမှာ ထင်တယ်ဆိုပြီး မန်းဝင်းမောင်က ပြောပြောပြီး ရယ်ပါတယ်”။

တော်လှန်ရေးအစိုးရ တက်တော့ သူတို့ လူစုတစုလုံး ထိန်းသိမ်းခံရပြီး ထောင်ထဲ ပြန်တွေ့ကြတော့ ဦးကျော်ငြိမ်းနဲ့ ဦးဗဆွေကို ခင်ဗျားတို့ ကန့်ကွက်တာ ဟုတ်သလားဆိုတော့ သူတို့က ဟုတ်တယ်လို့ ဖွင့်ပြောပါသတဲ့။ (မန်းဝင်းမောင် ဟာ ၁၉၅၇ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်၊ မတ်အထိ နိုင်ငံသမ္မတ ဖြစ်ခဲ့တယ်)။

ဦးကျော်ငြိမ်း ထောင်ထဲမှာ ကြိုးဆွဲချသေဖို့ သေကြောင်းကြံတာ လူမိသွားတဲ့အကြောင်းလည်း ဆောင်းပါးထဲ ဖတ်ရပါတယ်။

“ဖဆပလ နှစ်ခြမ်းကွဲသွားတော့ ရွေးကောက်ပွဲ လုပ်တဲ့အခါ ဦးနုတို့ ပထစ တွေက မဲအပြတ်အသတ်နဲ့နိုင်တော့ ဗိုလ်ချုပ်ကြီးက (နေဝင်းကို ပြောတာ) ပထစဝန်ကြီးချုပ် ဦးနု ဆီလာပြီး ရွေးကောက်ပွဲမှာ ဖဆပလ တည်မြဲတွေ အနိုင်ရအောင် ဝင်စွက်ပေးတဲ့ စစ်ဗိုလ် ၁၅၀ ရှိတယ်။ဟောဒါ သူတို့စာရင်းပဲ၊ အဲဒါ ဝန်ကြီးချုပ် ကြိုက်သလိုလုပ်ဖို့ပဲလို့ တင်ပြလာသတဲ့။ ဝန်ကြီးချုပ်က သင်ပုန်းချေလိုက်ပါတော့လို့ ပြောသတဲ့။ နောက် ကိုကျော်ငြိမ်း၊ ကိုဗဆွေနဲ့ ဗိုလ်ခင်မောင်လေးတို့ ဗိုလ်ချုပ်ကြီးဆီ လာပြီး အာဏာသိမ်းဖို့ တိုက်တွန်းလာသတဲ့။ အဲဒါကိုလည်း ဗိုလ်ချုပ်ကြီးက ဦးနုကို လာပြီး အသိပေး ပြောပြသတဲ့။ ဦးနုကလည်း ဗိုလ်ချုပ်ကြီးကို ယုံတယ်တဲ့။”

ဒီလို သမိုင်းဖြစ်ရပ်တွေ ဆောင်းပါးထဲ ဖတ်ရတယ်။ မြန်မာပြည်က စစ်ဗိုလ်ချုပ်ကြီး ဆိုသူတွေသန္ဓေမမှန်တာ အဲဒီကတည်းကပဲ။ အမြစ်ဖြတ်ပစ်မှ ကောင်းမယ့်ဟာတွေ။ စာရှည်မှာစိုးလို့ စိတ်ဝင်းစားဖွယ် မာတိကာတချို့ ဖော်ပြပေးလိုက်ပါမယ်။

“ကယားပြည်နယ် ကျေးလက်ဒေသ လွန်ခဲ့တဲ့နှစ် ၃၀ က”

မြင်းမူ စာဆိုတော်ဟော ပြောပွဲ”

ထိုးကွင်းမင်ကြောင် လေ့လာရေးခရီး”

ငယ်ငယ်တုန်းက ကျမ စာသင်ခဲ့ပုံ”

ဆောင်းပါးပုဒ်ရေ ၂၈ ပုဒ် ပါဝင်တဲ့ လူထုဒေါ်အမာရဲ့ လူထုဒေါ်အမာ အလွမ်းပြေမှတ်စုများ” စာအုပ်ကို လူထုကြီးပွားရေးစာအုပ်တိုက်က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ်ထုတ်ဝေဖြန့်ချိတယ်။ စာအုပ်တန်ဖိုးက ကျပ်တသောင်းခွဲတိတိ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar