Breaking News

ပြန်လည် ဖြည့်ဆည်းဖို့ မဖြစ်နိုင်တော့တဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု


မြန်မာနွေဦးခရိုနီကယ် - မေ ၄ မြင်ကွင်း

မိုးမခ၊ မေ 5 ၊ ၂၀၂၅

ပြန်လည် ဖြည့်ဆည်းဖို့ မဖြစ်နိုင်တော့တဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုကနေ နှစ်အနည်းငယ်အတွင်း ခုခံမှုကနေ ထိုးစစ်ဆင်နိုင်တဲ့အခြေအနေထိ နောက်တဆင့် တက်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ နဲ့ မြန်မာနိုင်ငံတွင်းက သယံဇာတ အလွန်အကျွံတူးဖော်ထုတ်လုပ်မှုတွေ၊ သယံဇာတထုတ်လုပ်မှုတွေကြောင့် သဘာဝပတ်ဝန်း ကျင် ပျက်စီးစေတဲ့ ထိခိုက်မှုတွေကလည်း ဒွန်တွဲပြီးပေါ်ထွက်လာခဲ့ပါတယ်။

စစ်ကောင်စီဘက်အနေနဲ့ စစ်စရိတ်တွေအတွက် သယံဇာတထုတ်လုပ်မှုနဲ့ ထုတ်လုပ်ခွင့်ရောင်းချမှုတွေကနေ အဓိက ဝင်ငွေရနေသလို စစ်အာဏာရှင် ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ PDF အဖွဲ့တွေအနေနဲ့လည်း သယံဇာတဝင်ငွေကို အားကိုးနေကြရတာ ဖြစ်ပါတယ်။ နယ်မြေတခုကို စိုးမိုးတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အဆိုပါနယ်မြေထဲမှာထွက်ရှိတဲ့ သယံဇာတထုတ်ယူမှုအပေါ် အခွန်ကောက်ခံခြင်း၊ နယ်မြေထဲဖြတ်သန်းသွားလာတဲ့ကုန်စည်တွေအပေါ် အခွန်ကောက်ခံတာ၊ နေထိုင်နေကြတဲ့ လူထုအပေါ် အခွန်ကောက်ခံတာတွေ လုပ်ဆောင်ကြပြီး လက်နက်ကိုင် တပ်ဖွဲ့တွေအတွက် ကုန်ကျစရိတ်၊ လက်နက်ခဲယမ်းအတွက် ကုန်ကျစရိတ်တွေကို ဖြည့်ဆည်းကြရတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာလည်း သယံဇာတနဲ့လက်နက်ကိုင်ပဋိပက္ခတွေက တွဲလျက်ဖြစ်ပေါ်လာလေ့ရှိသလို မြန်မာနိုင်ငံမှာ သယံဇာတထုတ်လုပ်မှုတခုထည်းကို အကြောင်းခံတဲ့လက်နက်ကိုင် ပဋိပက္ခမဟုတ်သော်လည်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားလာပြီးနောက်မှာ သယံဇာတထုတ်လုပ်မှု အပေါ် အခွန်အကောက်ရရှိရေးက မဖြစ်မနေတွဲလျက်ပါရှိလာပါတော့တယ်။

မြန်မာနိုင်ငံမှာ လက်ရှိလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေကို လေ့လာကြည့်ရင် ကျောက်စိမ်း အများဆုံးထွက်ရှိတဲ့ဖားကန့်၊ ရှားပါး သတ္တုတွေ ထုတ်ယူနိုင်တဲ့ ကချင်ပြည်နယ် ချီဖွေနဲ့ဆက်စပ်နေတဲ့ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်းဒေသ၊ ရွှေတွင်းတွေရှိတဲ့ သပိတ်ကျဥ်းနဲ့စဥ့်ကူ၊ မြစ်ချောင်းတွေမှာ ရွှေမျောလုပ်ငန်းလုပ်ကိုင်နိုင်တဲ့ စစ်ကိုင်းတိုင်းအတွင်းက ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်နဲ့ အခြားဒေသတွေ၊ လက်တူးရေနံမှော်တွေ အများအပြားရှိတဲ့ ပခုက္ကူ၊ မြိုင်၊ ပေါက် စတဲ့ဒေသတွေ၊ ကမ်းလွန်ရေနံတူးဖေါ်ရေးနဲ့ ရေနက်ဆိပ်ကမ်းဆောက်ဖို့ အလားအလာရှိတဲ့ ရခိုင်ပြည်နယ်နဲ့သတ္တုတွင်းတွေ အများအပြားရှိတဲ့ တနင်္သာရီတိုင်းထဲက ဒေသတွေဖြစ်ကြပါတယ်။

သယံဇာတအရင်းအမြစ်တွေရှိပြီး လွယ်လွယ်ကူကူ ထုတ်ယူနိုင်တဲ့ဒေသတွေကို စိုးမိုးထိန်းချုပ်ခွင့်ရဖို့ လက် နက်ကိုင်အဖွဲ့တွေအနေနဲ့ ဖိဖိစီးစီး တိုက်ခိုက်ကြတာလည်း တွေ့မြင်နေကြရပြီး သယံဇာတအလွန်အကျွံထုတ် လုပ်မှုရဲ့ အကျိုးသက်ရောက်မှုတွေဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းနဲ့ သယံဇာတအရင်းအမြစ် ပျက်သုဥ်းခြင်းတွေ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့လအနည်းငယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ ရွှေမျော၊ ရွှေတူးဖော်တာ၊ မြေရှားထုတ်လုပ် သန့်စင်တာ၊ သစ်ပင်တွေ ခုတ်လှဲပြီး အိမ်နီးချင်း တရုတ်နိုင်ငံကိုတင်ပို့ကြတဲ့ ဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

တဖက်မှာ စစ်ပွဲတွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ရင်း၊ တဖက်မှာ စစ်တိုက်နိုင်ဖို့ဝင်ငွေရနိုင်တဲ့ သယံဇာတ အရင်းအမြစ်တွေကို စိုးမိုးထိန်းချုပ်ထားနိုင်ဖို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြရတာ ဖြစ်ပါတယ်။

ရွှေ၊ ကျောက်စိမ်း၊ ပတ္တမြား၊ မြေရှား၊ အမျိုးမျိုးသော တွင်းထွက်သတ္တုတွေ ထွက်ရှိတဲ့ ဒေသတွေကို စိုးမိုးနိုင်ဖို့ တိုက်ခိုက်နေကြတာလည်း တွေ့ရပါတယ်။

သယံဇာတထုတ်ယူနေကြတဲ့ဒေသတွေ အဖို့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ရေအရင်းအမြစ်တွေ ညစ်ညမ်းမှု၊ မြစ်ကြောင်းတွေ ကောလာပြီး လူအများနေထိုင်တဲ့ ပတ်ဝန်းကျင် ကျေးရွာတွေ မြို့တွေကို ထိခိုက်မှုတွေ ရှိလာနေသလိုသယံဇာတအရင်းအမြစ်တွေ အလွန်အကျွံထုတ်ယူနေခြင်းကြောင့် ဒီဒေသတွေရဲ့ အနာဂတ် မရေ မရာ ဖြစ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီ အနေနဲ့လည်း ယှဥ်ပြိုင်တိုက်ခိုက်နေရတဲ့ တိုင်းရင်းသား လက်နက်ကိုင်နဲ့ PDF  အဖွဲ့တွေ သယံဇာတက အခွန်အကောက် မရနိုင်အောင် လေကြောင်းတိုက်ခိုက်မှုတွေ၊ မြေပြင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ ဖားကန့် ပြန်လည်သိမ်းယူနိုင်ဖို့ ထိုးစစ်ကို ယခုသီတင်းပတ်တွေ အတွင်းလုပ်ဆောင်နေသလို စစ်ကိုင်းနဲ့ မန္တလေးတိုင်းထဲက ရွှေမျောတွေ လုပ်ကိုင်တဲ့နေရာတွေကိုလည်း ထိုး စစ်ဆင်တာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ တွေ့ရပါတယ်။

ဒီဒေသတွေမှာ သယံဇာတတွေပြုန်းတီးလာနိုင်ခြေလည်းရှိသလို သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေက ဒေသမှာနေထိုင်သူလူထုအနေနဲ့ ခါးစည်းခံစားကြရမယ့်အခြေအနေလည်း ဖြစ်ပါတယ်။ မြစ်ကြောင်းတွေ ပြောင်း လဲမှုနဲ့ ကောလာတဲ့ အကျိုးဆက်တွေက ရေကြီးမှု စိုက်ပျိုးသီးနှံတွေ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေသလို ဘေးမဲ့တောတွေ ကြိုးဝိုင်းသစ်တောတွေကိုခုတ်လှဲရောင်းချနေကြခြင်းကြောင့်လည်း ရေကြီးမှုတွေ အပူချိန် မြင့်တက်မှုတွေ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

ရွှေ၊ ကျောက်စိမ်း၊ အမျိုးမျိုးသော သတ္တုတွေ အလွန်အကျွံတူးဖေါ်မှုတွေကလည်း သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာပျက်စီးစေပြီး ဒေသခံတွေရဲ့စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက်ပျက်စီးစေတာ ဖြစ်ပါတယ်။ ခုရက် ပိုင်းထွက်ပေါ်လာတဲ့သတင်းတွေမှာ ဗန်းမောက်မြို့နယ်အတွင်း ရွှေတူးဖေါ်တဲ့ကိစ္စတွေ၊ စစ်ကိုင်းတိုင်း သဖန်းဆိပ်ဆည်ထဲရေဝင်ရောက်ရာမြစ်ချောင်းတွေမှာ ရွှေမျောတွေလုပ်ကိုင်နေကြတာကြောင့် ဆည်ရေဝင်ရောက်မှုကိုထိခိုက်မယ့်အန္တရာယ်ကို အဆိုပါဆည်ရေအပေါ်မှီခိုနေတဲ့စိုက်ပျိုးသူတွေစိုးရိမ်နေတဲ့အကြောင်;သတင်းတွေလည်း ဖေါ်ပြနေကြပါတယ်။

သယံဇာတအလွန်အကျွံထုတ်လုပ်မှုတွေကနေရရှိလာတဲ့ အားလုံးသောဝင်ငွေတွေ တော်လှန်ရေးအတွက် ရံပုံငွေအဖြစ် ထိရောက်စွာအသုံးချနိုင်ကြရဲ့လား။ အမှန်တကယ်လိုအပ်သလောက်သာ သယံဇာတတွေကို ထုတ် လုပ်ကြသလား စတဲ့ မေးခွန်းတွေလည်း ရှိနေတာဖြစ်ပါတယ်။  သို့မဟုတ် သက်ဆိုင်ရာဒေသတွေက အုပ်ချုပ်တဲ့အာဏာပိုင်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလုပ်ပိုင်ခွင့် အလွဲသုံးစားပြုမှုတွေ ပေါ်ထွက်စေသလား ဆိုတဲ့မေးခွန်းတွေလည်း ထွက်ပေါ်စေပါတယ်။  

တော်လှန်ရေးကာလ တနည်းအားဖြင့် စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ကာလမှာ ရံပုံငွေရရှိဖို့က အဓိကအရေးကြီးတယ်၊ ကျန်တဲ့သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကို ဦးစားမပေးနိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက် တနည်း စဥ်းစားချက်လည်း ရှိကောင်းရှိနိုင်ပါတယ်။ တော်လှန်ရေးကာလမှာ သယံဇာတ ထုတ်လုပ်မှုတွေကို ကောင်းစွ ာစီမံအုပ်ချုပ်နိုင်ခြင်းမရှိတာကြောင့် ဖြစ်ပေါ်လာမယ့် သက်ရောက်မှုတွေက ရေတိုသက် ရောက်မှုတွေ ရှိသလို ဘယ်တော့မှ ပြန်ပြင်ဆင်ဖို့ မဖြစ်နိုင်တဲ့ ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိနေတဲ့အချက်ကို မျက်ကွယ်ပြုလို့မဖြစ်ပါဘူး။

သဖန်းဆိပ်ဆည်မှာ ဆည်ရေဝင်ရောက်မှုနည်းပါးတဲ့ပြဿနာမျိုးက လတ်တလောသက်ရောက်မှုဖြစ်ပေမယ့် ကျောက်စိမ်းအလွန်အကျွံထုတ်ယူမှု၊ မြေရှားထုတ်ယူမှု၊ သန့်စင်မှုတွေနဲ့ ရွှေမျောတွေကြောင့် ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆုံးရှုံးသွားတဲ့ သယံဇာတတွေက ပြန်လည်ပြင်ဆင်နိုင်မယ့် အရာတွေမဟုတ်ပါဘူး။ ဒေသခံလူထုတွေကိုလည်း ရေတိုရော ရေရှည်ပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။ ရေကြီးတာတွေ၊ မြေပြိုတာတွေ၊ ရေမြေပျက်စီးမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေကိုထိခိုက်စေတာတွေက လတ် တလောမှာလည်း ကြားသိမြင်တွေ့နေရသလို ရေရှည်မှာလည်း ကြုံတွေ့ကြရဦးမှာ ဖြစ်ပါတယ်။ 

နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ဒီလို ပစ္စုပ္ပန်ရော အနာဂတ်မှာပါ ထိခိုက်ပျက်စီးမှုတွေဖြစ်ပွားစေမယ့် သယံဇာတအလွန်အကျွံထုတ်ယူမှု ပြဿနာတွေကို ဖျာအောက် ထည့်သွင်းထားတဲ့ အဖြစ်မျိုးမရောက်စေဖို့လည်း အရေးကြီးလှပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar