မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၄)
မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၄)
မိုးမခ ၊ မေ ၅ ၊ ၂၀၂၅
စုကဗျာ ဘယ်နှစ်ပုဒ်
ကျွန်ုပ် မသိ။
သို့သော် စု မွေးနေ့ကဗျာများ
တပုဒ်ပြီး တပုဒ်လာနေ၏။ ။
စုမွေးနေ့ ၈၀ ကြို ကဗျာများ (၃) အထိ ကဗျာ (၁၄) ပုဒ် တွေ့ခဲ့ပြီ။ ကျနော်က အမေစုရဲ့ မွေးနေ့ကဗျာတွေကို ဆက်ရှာနေတယ်။ ဖေ့စ်ဘုတ်မှာ ကြေညာလိုက်တော့ ကိုလူဗိုလ်က ပို့လာတယ်။ အမေစု မွေးနေ့ကဗျာစာအုပ် ထုတ်ဘူးတဲ့ ဆရာဌေးအောင်ကိုကလည်း ပို့လာတယ်။ ဆရာဘမိုးမြင့်ကလည်း ပို့လို့ရလားလို့ မေးပြီးပို့လာတယ်။ (၁၅) ပုဒ်မြောက်အဖြစ် ဖော်ပြလိုက်ပါတယ်။
#သိသိမသိသိ..ကျတော် သိရင်ပြီးပြီ
ကျတော့ အဖိုးကို သူ မသိပေမယ့်
သူ့အဖိုး ဦးဖာကို ကျတော် သိတယ်။
ကျတော့ အဖွားကို သူ မသိပေမယ့်
သူ့အဖွား ဒေါ်စုကို ကျတော် သိတယ်။
ကျတော့အဖေကို သူ မသိပေမယ့်
သူ့အဖေ ဦးအောင်ဆန်းကို ကျတော် သိတယ်။
ကျတော့အမေကို သူ မသိပေမယ့်
သူ့အမေ ဒေါ်ခင်ကြည်ကို ကျတော် သိတယ်။
ကျတော့ဇနီးကို သူ မသိပေမယ့်
သူ့ခင်ပွန်း မိုက်ကယ်အဲရစ်ကို ကျတော် သိတယ်။
ကျတော့မွေးနေ့ကို သူ မသိပေမယ့်
သူ့မွေးနေ့19.6.1945 ကို ကျတော် သိတယ်။
ကျတော့သားအမည် သူ မသိပေမယ့်
သူ့သား မြင့်ဆန်းအောင်နဲ့ ထိန်လင်းကို ကျတော် သိတယ်။
ကမ္ဘာကြီးကို သူ သိသလို
ကမ္ဘာကြီးကလည်း သူ့ကို သိတယ်။
ဒီမိုကရေစီကို သူ သိသလို
ဒီမိုကရေစီကလည်း သူ့ကို ငတ်မွတ်နေပြန်တယ်။
သူဟာ ကြောက်ရွံ့ခြင်းက ကင်းဝေးနေပေမယ့်
သူ ကြောက်ရွံ့နေတာက ဗမာပြည်သူတွေရဲ့ ဒုက္ခကို ဖြစ်တယ်။
သူဟာ ငါတို့အားလုံးရဲ့ အမေဖြစ်သလို
ငါတို့ကလည်း သူ့ကို ကျေးဇူးဆပ်ရမယ်။
သူ သိထားတာတွေ အကုန်ရှိပေမယ့်
သူ မပြောသေးတဲ့ စကားတွေကို
ငါတို့နားနဲ့ ကြားနေရတယ်။
သူဟာ မီးပြတိုက်တစ်ခု ဖြစ်သလို
ငါတို့အားလုံး ကမ်းကို ကပ်နိုင်ဖို့အတွက်
သူ အလုပ်ကြိုးစားနေတယ်။
သူဟာ ငါတို့အားလုံးရဲ့ အမေ
တာဝန်ကျေမှ ပြုံးပျော်တတ်သူ ဖြစ်တယ်။
ဗမာပြည်ကို ကယ်တင်မယ့်လက်တစ်စုံ
လုံခြုံပါစေ... နွေးထွေးပါစေ... ရဲရင့်မှုနဲ့ခိုင်မာစေ။
ကျန်းမာပါစေ ငါတို့အမေ။
ဘမိုးမြင့်
ဆရာ ဘမိုးမြင့်က "ကျတော်က ၁၉၉၉. ၂၀၀၀ လောက်က အင်အယ်လ်ဒီရုံးချုပ်မှာ ကဗျာတွေရွတ်.ကဗျာတွေရေးရင်း ကလောင် နာမည် ၁၃ နှစ် အပိတ်ခံရတယ်။ ကျတော့်အသက် ၂၀ လောက်ပေါ့။ ၂၀၁၁ ကျမှ ပြန်ရေးလို့ရတယ်။ အဲ့တုန်းက အန်တီစုက ပြောပါတယ်။ သူတို့ ပိတ်ရင် ဒီမှာပဲ ရေးပေါ့တဲ့။" ဆိုပြီး ကျနော့် ဖေ့စ်ဘုတ် ချပ်ဘောက်မှာ ရေးလာပါတယ်။ အခု ဆရာ ဘမိုးမြင့်ရဲ့ ကဗျာကို ဖော်ပြလိုက်ပါပြီ။ ၁၅ ပုဒ်မြောက် စု ၈၀ ကဗျာ။
နောက်ထပ် ကဗျာပို့လာသူက ကိုလူဗိုလ်ပါ။ ကျောင်းသားတပ်မတော် ၆၀၁ တပ်ရင်းကပါ။ သူတို့တပ်ရင်းက အပေါ်ကုန်း ကျနော်တို့တပ်ရင်းက ကပ်လျှက် အောက်မှာ သံလွင်မြစ်နဘေး။ တပ်ရင်းမှူး ကိုတိုက်မောင်း ဦးဆောင်ပြီး သူတို့ ၆၀၁ မှာ ကဗျာရွတ်ပွဲတွေ လုပ်တာကို မှတ်မိနေသေးပါရဲ့။ ၁၆ ပုဒ်မြောက်ပါ။
#ရတနာစစ်စစ် (လူဗိုလ်)
မိန်းမသားပါဆိုပြီး
နှိမ်ကြဦးမလား ...
အမျိုးသမီးထုရဲ့ ရှေ့ဆောင်
အမျိုးသားရေးအတွက် ရှေ့ဆောင်
လူ့အဓိပ္ပာယ်ကိုဖော်ဆောင်
မီးရှူးတန်ဆောင် အမေ ...
အားနွဲ့သူပါဆိုပြီး
နောက်ချန်ထားဦးမလား ...
သေနတ်ပြောင်းဝကို ဂရုမမူ
စစ်အင်အားစုကို ဂရုမမူ
စစ်ဗိုလ်ချုပ်ကြီးများ ဆိုသူတို့ကို ဂရုမမူ
အမှန်တရားအတွက် ရှေးရှုသူ
ပြည်သူအတွက် ရှေးရှုသူ အမေ ...
ရွှေစစ်မစစ်
မှတ်ကျောက်တွေ သိပါတယ်
မြန်မာပြည်သူတွေ သိကြပါတယ်
အာရှ ပြည်သူတွေ သိကြပါတယ်
ကမ္ဘာ့ ပြည်သူတွေ သိကြပါတယ်
ရတနာစစ်စစ် နွံမှာ အမြဲ နစ်မနေဘူး အမေ ...။ ။
ဒေါ်စု ၆၁ နှစ် မွေးနေ့ အမှတ်တရ ၁၅/၆/ ၀၆
နောက်တပုဒ်ကတော့ ၁၇ ပုဒ်မြောက်ပါ။ ဆရာ "ဌေးအောင်ကို" က ပို့လာတာပါ။ ဆရာဟာ အမေစု မွေးနေ့ ကဗျာ စာအုပ် ထုတ်ခဲ့ပြီးပါပြီ။ ဒီကဗျာကတော့ စု ၈၀ ပြည့်အတွက် ပို့လာတာပါ။
#မွေးနေ့မင်္ဂလာစုကဗျာ (ဌေးအောင်ကို)
"အမေစု" တဲ့
အတုမရှိတဲ့ အမေ
သားတို့ မြန်မာပြည်မှာနေတယ်။
"အဖွားစု" တဲ့
ဘု စု ခရုကအစ
သူမကို ချစ်ကြတယ်။
"အန်တီစု" တဲ့
လူထုရဲ့ ခေါင်းဆောင်
ပြည်သူ့အကျိုးဆောင်နေတယ်။
"ဒေါ်အောင်ဆန်းစုကြည်" တဲ့
သူမရဲ့ နှလုံးရည်သတ္တိ
ရဟန်းရှင်လူပြည်သူသိတယ်။
" စု " တဲ့
ပြည်သူ့ရဲ့ ရတနာ
သက်တော်ရာကျော် ရှည်ပါစေ။ ။
ဆရာဌေးအောင်ကိုနဲ့ ဆရာလူဗိုလ်တို့ရဲ့ စုမွေးနေ့ ကဗျာတွေ ထပ်ရှိပါသေးတယ်။ နောက် အပတ်တွေမှာ ဖော်ပြသွားပါ့မယ်။ ၁၈ ပုဒ်မြောက် စု ၈၀ ကဗျာကိုတော့ ဆရာမင်းကျော်မြင့်ရဲ့ ဖေ့စ်ဘုတ်မှာ တွေ့တယ်။ သူဟာ သူ့ဖေ့စ်ဘုတ်မှာ အမေစုကို သတိရ အောက်မေ့ကြောင်း ကဗျာတွေ အများကြီးရေးထားတာပါ။
#အဆင်ပြေမှပြေပါ့မလား (မင်းကျော်မြင့်)
☘️မြို့ပျက်ကြီးပမာ
မင်းနေပြည်မှာ
အခန်းကျဉ်းထဲက
အကျဉ်းစံနေရတဲ့
ငါတို့ချစ်တဲ့အမေ
အဆင်ပြေမှပြေပါ့မလား..
☘️ဒီနှစ်ဒီနွေ
နိုင်ငံတိုင်းမှာ
အပူချိန်လှိုင်းက
ဒီဂရီမြင့်လွန်းလို့
ငါတို့ချစ်တဲ့အမေ
အဆင်ပြေမှပြေပါ့မလား..
☘️စစ်ကိုင်းပြတ်ငလျင်ကြော
အသောမတတ်နိုင်သေး
သတင်းလေးဖတ်ရတော့
ဖေးမကူညီ
စောင့်ရှောက်မယ့်သူနတ္ထိ
မရှိတဲ့အမေ့အတွက်
စိုးရိမ်ပူပမ်မိတယ်
ငါတို့ချစ်တဲ့အမေ
အဆင်ပြေမှပြေပါ့မလား..
☘️မိစ္ဆာတစ်စု
ယုတ်မာမှုကြောင့်
အသက်ရှစ်ဆယ်
အရွယ်ညောင်းနေတဲ့
ငါတို့ချစ်တဲ့အမေ
အဆင်ပြေမှပြေပါ့မလား..
#minkyawmyint
20th,April,2025
ဆရာမင်းကျော်မြင့်ရဲ့ ကဗျာကို ဖတ်ပြီး စု ၈၀ ပြည့်အကြို ကာလမှာ အမေစုကို တတိုင်းပြည်လုံးကလည်း သတိရနေကြမှာပါ။ နောက်ကဗျာကတော့ မကြာခင်ကပဲ အမေစု မွေးနေ့အကြို ဂုဏ်ပြုတေးတပုဒ် ထွက်ရှိလာတယ်။ အဆိုတော် Mishy Win (မစ်ရှီဝင်း) သီဆိုထားတဲ့ June 19 ကျရောက်မည့် အမေစုရဲ့ (၈၀) နှစ်မြောက် မွေးနေ့ရက်မြတ် ဂုဏ်ပြုတေးဖြစ်ပါတယ်။ ဒီလို နေ့ထူးနေ့မြတ်မှာ အမေစုရဲ့ ဂုဏ်ရည်တွေကို ဖော်ကျူးထားတဲ့ "အမေ့မေတ္တာ" သီချင်းလေးနဲ့ မွေးနေ့ဆုမွန်ကောင်း တောင်းထားတယ်။ တေးကဗျာလို့ ဆိုကြတယ် မဟုတ်လား။ သီချင်း စာသား ကလေးကိုလည်း စု ၈၀ ကြို ကဗျာတပုဒ်အဖြစ် ဖော်ပြပေးလိုက်တယ်။ "အမေ့မေတ္တာ" တဲ့။ ၁၉ ပုဒ်မြောက်ပါ။ ရေးသားသူကတော့ သော်ကြီး (ဇင်ကာ) Thaw Gyi (Zinger) ဖြစ်ပါတယ်
#အမေ့မေတ္တာ
အနှိုင်းမဲ့မေတ္တာ ပိုင်ဆိုင်ထားတဲ့ အမေ
အခက်အခဲတိုင်းကို ရင်ဆိုင်ရဲတဲ့ အမေ
အားလုံးကောင်းဖို့ ကိုယ်ကျိုးစွန့်ကာလေ
အမှန်တရားဖက်မှာ အမြဲတမ်းရှိတဲ့အမေ။
အမေ ကျန်းမာဖို့ ဆုတောင်းမေတ္တာဝေ
အမေ အပြုံတွေကြောင့် အေးချမ်းကြပါစေ။
ကိုယ်ကျန်းမာလို့ စိတ်ချမ်းမြေ့ပါစေ။
ဒီသီချင်းနဲ့ တောင်းဆုမေတ္တာခြွေ။
မှန်ရာကို ရင်ဆိုင်ရဲတဲ့ အမေ
ပြည်သူအပေါ်မှာ စေတနာထားတဲ့ အမေ
အန္တရာယ်တွေ အကုန် ကင်းဝေးပါစေ
အမေ့ မေတ္တာ ကမ္ဘာက သိပါစေ။ ။
သော်ကြီး (ဇင်ကာ)
အောက်က ယူကျု လင့်ခ်မှာ ဒီသီချင်းကို နားဆင်ပါ။
https://www.youtube.com/watch?v=Ucw6tPoBQ7M
အပုဒ် ၂၀ မြောက် စု ၈၀ ဂုဏ်ပြုကဗျာကတော့ ဆရာ အောင်မှိုင်းရဲ့ ကဗျာပါ။ အခုဆိုရင် စု ၈၀ ပြည့် မွေးနေ့ပွဲတွေလုပ်ဖို့ ပြင်ဆင်နေကြပါပြီ။ ဩစတေးလျပြည်၊ မဲလ်ဘုန်းမြို့မှာတော့ မွေးနေ့ကော်မတီတွေ စည်းဝေးနေကြပြီ။ ပွဲခန်းမကို ကြိုတင်ငှားရတာတဲ့။ ပွဲခန်းမရပြီတဲ့။ ၁၉ ရက် မွေးနေ့နေ့မှာ မကျင်းပပဲ မွေးနေ့အလွန် ရုံးပိတ်ရက်ကျမှ လုပ်မတဲ့။ အခု တင်ပြမယ် ဆရာ အောင်မှိုင်းရဲ့ စု ဂုဏ်ပြုကဗျာမှာတော့ ခြွေပေမယ့် နှစ်ဆတိုးပြန်ပွင့်တဲ့ နတ်ပန်းနဲ့ တင်စား ခိုင်းနှိုင်း ဖွဲ့ဆိုထားပါတယ်။ ၂၀ ပုဒ်မြောက် စု ၈၀ မွေးနေ့ကြို ကဗျာပါ။
#နတ်ပန်း
အရင်းစစ်တော့ အမြစ်မြေက
သူမအဖိုး သူမအဖေ
ဤမြေဝယ်အသက်စွန့်ခဲ့
ဤမြေ ဤရေ
ရေလိုအေး၍ ပန်းလိုမမွှေးနိုင်သေးရှာ
အောင်ဆန်းသွေး ရဲပါဘိနှင့်
ပုခုံးထက်နှင်းအပ်သောတာဝန်
ဦးဆွေးဆံမြည့် မျိုးရိုးဂုဏ်မမှေးမှိန်စေရ
ဖက်ဆစ်အမျိုးဖြုတ်ဖို့
အောင်ဆန်းသေ့းရဲမြဲ
တပွင့်ခြွေ နှစ်ပွင့်ဝေပြမယ့်
အာဂနတ်ပန်း။ ။
(အောင်မှိုင်း)
လူတဦးတယောက်အကြောင်းကို ကဗျာတွေနဲ့ စပ်ဆိုဂုဏ်ပြုကြတာတွေက ရာဇဝင် သမိုင်းမှာ ရှိခဲ့ကြတာပါပဲ။ ဒါပေမယ့် ကြည်ညို လေးစားရသူ တဦးကို ကဗျာဆရာတွေက ကဗျာတွေ ဝိုင်းရေးခံရသူတွေကတော့ ရှားမှာပါ။ ဒီထဲမှာမှ မွေးနေ့ကို ဂုဏ်ပြုပြီး ကဗျာအရေးခံရသူတွေဆိုရင် မြန်မာပြည်မှာ ပိုလို့တောင် ရှားဦးမှာပေါ့။ ကျနော် စဉ်းစားမိသလောက်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ချစ်သမီး စုတို့ဟာ ဒီလို မွေးနေ့မှာ ကဗျာရေးခံရသူတွေပေါ့။ အခုကတော့ ၂၁ ပုဒ်မြောက် ကဗျာပါ။ အမေစု ၇၉ မွေးနေ့က ကဗျာဆရာမ (G8-053) က ရေးသားထားပြီး ကိုယ်တိုင် ယူကျုမှာ ရွတ်ဆိုထားတယ်။
#ကန်တော့ပါရစေအမေ
အမေ ပြည်သူတွေအပေါ်
သစ္စာရှိတဲ့ အမေ။
နှလုံးသား လှတဲ့အမေ။
ကိုယ့်ကိုယ်ကို ကောင်းကျိုးမကြည့်ပဲ
အများအကြိုး သယ်ပိုးထမ်းဆောင်တဲ့အမေ။
တနိုင်ငံလုံးက လေးစား အားကျရတဲ့အမေ။
အမေက ဗိုလ်ချုပ်လို သတ္တိရှိပြီး နိုင်ငံအတွက်
တာဝန်ကျေပွန်အောင်ထမ်းဆောင်တဲ့အမေ။
ပြည်သူပြည်သားတွေအတွက် ဒီမိုကရေစီ
လွတ်လပ်ရေးရဖို့ အသက်စွန့်ကြိုးပမ်းတဲ့အမေ။
အမေ့ရဲ့ စိတ်ဓာတ်တွေက ပြောပြစရာမရှိလောက်အောင်
နူးညံ့ သိမ်မွေ့လှပါတယ် အမေ။
ကျန်းမာ ရွှင်လန်းပါစေ အမေ။
အမေ ပြန်လာရင် ပန်ဖို့
ပိတောက်ပန်းခူးရင်း
အမေ့ကို မျှော်နေပါတယ်။
အမေ့ကို လွမ်းလို့ ဒီကဗျာလေးနဲ့
သမီး ကန်တော့ပါရစေ အမေ။ ။
(G8-053)
အထက်ပါ ကဗျာ ရေးသားခဲ့သူဟာ ကရင်တိုင်းရင်းသူ ကျောင်းသူကလေးတဦး ဖြစ်ပုံရပါတယ်။ ကရင်သံဝဲဝဲလေးနဲ့ ကဗျာကို ရွတ်ဖတ်သွားခဲ့ပါတယ်။ နောက်ခံ တယောသံကလေးကလည်း သာယာလှပါရဲ့။ ၂၂ ပုဒ်မြောက်ကတော့ စာရေးဆရာ ညီမင်းညိုရဲ့ ကဗျာပါ။ ၇၈ နှစ်မြောက် အမေ့ မွေးနေ့က ရေးခဲ့တဲ့ကဗျာလေ။ ၂၀၂၃ ခုနှစ်ကပေါ့။
#သမိုင်းသစ်မွေးဖွားခြင်း
ဇွန် ၁၉ မပါပဲ
ပြက္ခဒိန် လုပ်ချင်လို့မရ
၁၉၄၅ မပါပဲ
ဧကရာဇ်တို့၏နှစ်များ
လုပ်ပစ်လို့မရ
မျက်နှာဖုံးမှာ
သဘာဝမကျတဲ့ မိတ်ကပ် မလိုဘူး
ပန်ထားတဲ့ ပန်းတပွင့်ရဲ့ရနံ့နဲ့
ကမ္ဘာကို ကိုင်လှုပ်ပစ်နိုင်တယ်
အချုပ်အနှောင် ခံရသူက
လွတ်မြောက်နေပြီး
ချုပ်နှောင်ခဲ့သူတို့သာ
နေရာမလပ် အကျဉ်းကျနေကြ
လူထုနှလုံးသားကို ပမာမခန့်ပြုရင်
လူထုက
ဘယ်လို တုန့်ပြန်တတ်တယ်ဆိုတာ
မွေးနေ့တခုက
သက်သေ
12 6 2023 Mon PM 4;44
(ညီမင်းညို)
စာရေးဆရာ ကဗျာဆရာ ဆရာညီမင်းညိုရဲ့ ကဗျာနဲ့ပဲ လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ မွေးနေ့ကြို ကဗျာများ အပိုင်း ၄ ကို အဆုံးသတ်ပါမယ်။ ကဗျာ ၂၂ ပုဒ် ရရှိခဲ့ပါပြီ စု ၈၀ ကဗျာ ၈၀ ကို ဦးတည်ပါတယ်။ နောက်တပုဒ် အပိုင်း ၅ မှာ စု ၈၀ ကြိုကဗျာတွေ ဖတ်ဖို့ ထပ်မံ ကြိုးစား ရှာဖွေ တင်ပြပါဦးမယ်။
ဇွန် ၁၉ ရက်၊ ပွဲတော်ရက်ဆီ
ဦးတည်နေမည်၊ ရှစ်ဆယ်ဆီသို့
သက်သည်ရှစ်ဆယ်၊ ရှစ်ဆယ်ကဗျာ
ပြည့်ပါမည်လော၊ မပြည့်လော
ကြိုပြောလို့လည်း မရသေးပြီတကား။ ။
👉စုမွေးနေ့ ၈၀ ကြို ကဗျာများ (၁)
👉စုမွေးနေ့ ၈၀ ကြို ကဗျာများ (၂)
👉စုမွေးနေ့ ၈၀ ကြို ကဗျာများ (၃)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar