Breaking News

ဇော်ငြိမ်းလတ် - ဆလိုင်းတင်မောင်ဦး သို့ မုန်တိုင်းနဲ့ မီးလျှံကြား ပျံသန်းသွားတဲ့ ဖိုဝင်ငှက်

 ဆလိုင်းတင်မောင်ဦး သို့ မုန်တိုင်းနဲ့ မီးလျှံကြား 

ပျံသန်းသွားတဲ့ ဖိုဝင်ငှက်

ဇော်ငြိမ်းလတ် 

 မိုးမခ ၊ ဇွန် ၉ ၊ ၂၀၂၅

 

ဆလိုင်းတင်မောင်ဦး

ဦးမညွှတ် ဒူးမထောက်

အဓမ္မကို ဆန့်ကျင်တဲ့

ကျောင်းသားထုရဲ့ သမိုင်းတလျှောက်မှာ

ဗိုလ်အောင်ကျော် ပြီးရင်

သူဟာ ရဲရဲနီစွေး

အာဏာရှင် ဆန့်ကျင်ရေးကို

သွေးနဲ့ရေးခဲ့သူ။ 


ဆလိုင်းတင်မောင်ဦး၊

အာဏာရှင်ဆန့်ကျင်ရေး၊

တိုင်းရင်းသား တန်းတူညီမျှရေး၊

တပါတီ စနစ်ဆိုးဖြိုချရေး

ကျောင်းသားထုရဲ့ တိုက်ပွဲတပ်ဦးမှာ

မားမားမတ်မတ် ရပ်ခဲ့သူ။


အာဏာရှင်တို့ရဲ့ တရားခွင်က

သူ့ကို သေမိန့်ချတဲ့အခါ

သူ ပြုံးလိုက်တဲ့ အပြုံးက

စစ်ခုံရုံးကို ထီမထင်

စစ်ဗိုလ်တွေကို တုန်ယင်သွားစေခဲ့

အာဏာရှင်တွေကို မှင်တက်သွားစေခဲ့

သူချစ်တဲ့ သူ့ပြည်သူတွေကတော့ မချိတင်ကဲပေါ့။


သူ့ညီမလေးကိုမှာတယ်

သူ့အတွက် မျက်ရည်မကျဖို့

ရန်သူကို ဘယ်တော့မှ အညံ့မခံဖို့

သူ့မိဘတွေကို စောင့်ရှောက်ဖို့

သူ့အတွက် ဂုဏ်ယူနေဖို့။

နံနက်လင်းအားကြီးမှာ

ရန်သူ့အာဏာပါးကွက်သားတွေက

သူ့ကြိုးတိုက်တံခါးကို ဖွင့်ကြတော့

သူက အားလုံးကို နှုတ်ဆက်တယ်

သူ့မှာ ကျန်နေတဲ့ ထန်းလျက်ခဲလေးတွေကို

ကျောင်းသားအကျဥ်းသားတွေကို မျှပေးဖို့ မှာတယ်

အာဏာရှင်တွေကို အသက်ထက်ဆုံး တိုက်ပွဲဝင်ဖို့ မှာတယ်

သူ့လက်ကို ချုပ်ထားကြတဲ့

အာဏာပါးကွက်သားတွေရဲ့ လက်တွေက တဆတ်ဆတ် တုန်လို့။


မိုးမသောက်မီ အမှောင်ဆုံးအမှောင်မှာ

ကျီးတအုပ် သောသောရုတ်ရုတ် ပြိုတယ်

တချိန်ထဲမှာပဲ

အရှေ့ဘက်ကောင်းကင်မှာ ကြယ်တပွင့် ပေါ်လာတယ်။


အဲဒါ ကျောင်းသားထုရဲ့ရင်ထဲမှာ

အမြဲလင်းလက်နေမဲ့

ဆလိုင်းတင်မောင်ဦး ဆိုတဲ့ ချင်းသူရဲကောင်းပါပဲ။


ကျွန်တော့်တို့ရဲ့ မဟာသူရဲကောင်း

အကိုကြီးဆလိုင်းတင်မောင်ဦးအား

မွေးနေ့မှာ ဦးညွှတ်ဂါရဝပြုလျက်။ ။

*** ဆလိုင်းကိုတင်မောင်ဦးနှင့် မေဂျာတူ ဂျူနီယာတက္ကသိုလ်ကျောင်းသားဟောင်း။ ၇၄ ဦးသန့် 11-06-2025 ကျရောက်မည့် ဆလိုင်းတင်မောင်ဦး ၇၄ နှစ်မြောက် မွေးနေ့ အမှတ်တရ

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar