အာဆီယံပေါင်ပေါ် ချပေးရမည့် မီးပွား ( ၆- နိဂုံး)
သီအိုဇော်
မိုးမခ ၊ ဇွန် ၁ ၊ ၂၀၂၅
၂၀၀၈ အခြေခံဥပဒေအရ အမည်စာရင်းတိုက်ရိုက် တင်သွင်းခွင့်မရှိပေမယ့်၊ ခန့်အပ်ခံရပြီးတဲ့နောက်မှာတော့ ထိုကာကွယ်ရေးဝန်ကြီးဖြစ်သူကို NLD အစိုးရရဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးလို့ပဲ သတ်မှတ်ကြရတာပါ။ ဒါ့ကြောင့် နျူကလီးယားစီမံကိန်းအကြောင်းကို သိနိုင်မယ့် NLD အစိုးရဝန်ကြီးဆိုတာက NLD အစိုးရအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့သူ ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း (ကြည်း-၁၄၆၈၂)ဖြစ်ပါတယ်။ လက်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတဦး ဖြစ်တဲ့အတွက် နျူကလီးယားစီမံကိန်း အကြောင်း သိရှိတာလို့ ဆိုလိုက်တာတော့ မဟုတ်ပါဘူး။
အကြောင်းရှိပါတယ်။ ဖော်ပြခဲ့တဲ့ဗိုလ်မှူးစိုင်းသိန်းဝင်းက ရုရှားမှာ ဒုံးကျည်တည်ဆောက်ရေး စက် မှုဘာသာရပ်နဲ့ မဟာဘွဲ့ယူခဲ့သလို နျူကလီးယားအဓိကဘာသာရပ်နဲ့ ပညာသင်ယူခဲ့သူတွေလည်း ရှိပါတယ်။ ဒီလို ရုရှားပြန်တွေက ပြန်ရောက်လာတဲ့အခါ သင်ကြားခဲ့တဲ့ပရောဂျက်တွေကို စမ်းသပ် သုတေသနလုပ်ဖို့ တပ်မတော် သိပ္ပံနှင့်နည်းပညာသုတေသန ဌာနချုပ်မှူးကို တင်ပြကြရတယ်လို့ VOA ကို ဗိုလ်မှူးစိုင်းသိန်းဝင်းက ပြောကြားခဲ့ပါတယ်။
အဲဒီအချိန်က ဌာနချုပ်မှူးဖြစ်သူက နောက်ပိုင်းမှာ NLD အစိုးရ ကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့သူ ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် နျူကလီးယားစီမံချက်အကြောင်းကို၊ အတွင်း ကျကျသိနိုင်သူ NLD အစိုးရ ဝန်ကြီးလို့ ရှေ့မှာ ပြောခဲ့တာပါ။ သူ့လိုပဲ ဒီလျှို့ဝှက် စီမံကိန်းအကြောင်း သိနိုင်သူ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ ရှိနိုင်ပါတယ်။ သူကတော့ အမည်နဲ့တကွ ဆက်စပ်ပြောနိုင်တဲ့အတွက် ထည့်ပြောရတာ ဖြစ်ပါတယ်။
အမှုကိစ္စတခုအတွက် ပစ္စည်းသက်သေ လူသက်သေက အရေးကြီးပါတယ်။ အခု မှန်းဆနေသလို ၂၀၁၂ခုနှစ် ‘ရှန်ဂရီလာဒိုင်ယာလော့ဂ်’ အပြီးမှာလည်း လျှို့ဝှက် နျူကလီးယားစီမံကိန်းကို ပြောခဲ့သလို၊ မရပ်တန့်ပဲ သိုသိုသိပ်သိပ် ဆက်အကောင်အထည်ဖော်နေကြလား ဆိုတာသိရဖို့ဆိုရင် ဒီနျူကလီးယားဓာတ်ပေါင်းဖိုတို့၊ ဆက်စပ် နျူကလီးယားပစ္စည်း စက်ရုံတို့ရဲ့ တည်နေရာကို အဖြေရှာကြည့်နိုင်ဖို့ လိုပါတယ်။
လွယ်ကူတဲ့အရာ မဟုတ်ပေမယ့် ရရှိပြီးတဲ့ အချက်အလက်တွေကနေ ရုပ်လုံးဖော်ဖို့ ကြိုးစားကြည့်ရပါလိမ့်မယ်။ ဒီနျူကလီးယားပရောဂျက်မှာ မြောက်ကိုရီးယားတို့ရဲ့ ခြေရာလက်ရာတွေ ပါဝင်နေတာကို သတိထားမိကြမှာပါ။ မြောက်ကိုရီးယားရဲ့ နိုင်ငံပြင်ပထွက်ပြီး နျူကလီးယား ဓာတ်ပေါင်းဖိုတည်ဆောက်တဲ့ မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်။
၂၀၀၇ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ကတော့ မြောက်ကိုရီးယားတို့ သင်ခန်းစာတခုလည်း ရရှိခဲ့ပါတယ်၊ အဲဒီနေ့က ဆီးရီးယားနိုင်ငံမှာ တည်ဆောက်နေတဲ့ နျူကလီးယား ဓာတ်ပေါင်းဖို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက် ဖျက်ဆီးမှု ခံခဲ့ရတဲ့အတွက်ပါ။
မီဒီယာပေါ် ချက်ချင်းပျံ့နှံ့ခဲ့ပေမယ့်၊ ၁၁ နှစ်အကြာ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့ ရောက်တော့မှ အစ္စရေး ထောက်လှမ်းရေးဝန်ကြီး Yisrael Katz က လူသိရှင် ကြား ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ထောက်လှမ်းရေးဂြိုဟ်တုများက ရှာတွေ့နိုင်မယ့် မြေပေါ် Nuclear facilities များ ဆောက်လုပ်ဖို့ သတိပိုထားလာမှာ သေချာပါတယ်။
သံသယကြီးမားသလို လုံခြုံရေးအမြင် ရှေ့တန်းတင်သော စစ်ဗိုလ်ချုပ်များ၊ နေပြည်တော်စစ်ရုံးချုပ် မြေအောက်ဥမင်ဖောက်လုပ်ခြင်း၊ ဆီးရီးယားမြေပေါ် နျူ ကလီးယားဓာတ်ပေါင်းဖို တိုက်ခိုက်ခံရမှုတို့ကို ဆက်စပ်စဉ်းစားကြည့်ရင်တော့ မြန်မာနိုင်ငံမှာ ဆောက်လုပ်ခဲ့တဲ့ အရေးကြီး Nuclear facilities များဟာ မြေအောက်မှာပဲ ဖြစ်ဖို့များပါလိမ့်မယ်။
ဒီလို တည်ဆောက်တာတွေက အခုနောက်ပိုင်း သိပ်မထူးခြားတော့ဘူးလို့တောင် ပြောနိုင်ပါတယ်။ အီရန်နိုင်ငံက Natanz facility ဆိုရင် အနက် (၈၀-၁၀၀) မီတာလောက်အထိ ရှိနိုင်တယ် ခန့်မှန်းကြပါတယ်။
တည်နေရာနဲ့ ပတ်သက်ပြီး စဉ်းစားတဲ့အခါ၊ ဓာတ်ပေါင်းဖိုပဲဖြစ်ဖြစ််၊ အဏုမြူဆက်စပ်ပစ္စည်း စက်ရုံတွေပဲဖြစ်ဖြစ် မြန်မာနိုင်ငံတွင်းမှာ တည်ဆောက်ထားခဲ့ပြီးလို့ ယူဆခဲ့ရင် အခုအချိန်မှာ ပြောနိုင်မှာက စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ လွတ်တဲ့ နေရာဖြစ်ဖို့ များတယ်လို့ပဲ ဆိုရမှာပါ။ စစ်ကိုင်းငလျင်အပြီး ဘာနျူကလီးယား နောက်ဆက်တွဲ ပြဿနာမှ မကြားရတဲ့အတွက် ဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးက တစုံတခုသာ ဖြစ်ခဲ့ရင် ဖုံးကွယ်ဖို့ ခက်တဲ့အရာမျိုးပါ။
နေရာအတိအကျ ခန့်မှန်းပြောဆိုဖို့ကတော့ စိတ်ကူးယဉ်ဆန်ပါလိမ့်မယ်၊ ဒါပေမဲ့ လမ်းစ လုံးဝပျောက်ကွယ်နေတာတော့ မဟုတ်ပါဘူး။ VOA နဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်း အင်တာဗျူးတွေ ပြန်လေ့လာတဲ့အခါ နျူကလီးယားတပ်ရင်းလို့ ဒေသခံတွေ ခေါ် ဝေါ်ကြတဲ့ တပ်အကြောင်းကို သတိ ထားမိပါတယ်။ သပိတ်ကျင်း အမှတ်(၁) နည်းပညာတပ်ရင်း - တပ်မတော်သိပ္ပံနှင့် သုတေသန နည်းပညာတပ် ၊ သသန (၁) လို့လည်း ခေါ်ကြတဲ့ တပ်ကို ပြောတာပါ။ အရပ်ခေါ်တဲ့ နာမည်ကို ကြည့်တာနဲ့တင် ဘယ်လုပ်ငန်းမျိုးနဲ့ ဆက်နွယ်နေတဲ့ လက်ရုံးတပ်လဲ ဆိုတာ သိသာပါတယ်။
မကြာသေးမီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ကြိမ်ခံခဲ့ရတဲ့ တွင်းငယ်ကျေးရွာနဲ့ အနီးဝန်းကျင်တဝိုက်မှာ ရှိတယ်လို့ နားလည်ထားပါတယ်။ စစ်ကောင်စီဘက်က လက်လွှတ်မခံနိုင်တဲ့ သပိတ်ကျင်းတဝိုက်က တပ်စခန်းတွေထဲမှာ ဒီသသန (၁) ပါနေခဲ့ရင် အံ့ဩစရာမရှိပါဘူး။ နျူကလီးယားစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အရေးကြီး သတင်းအချက်အလက်တွေနဲ့ ရေဒီယိုသတ္တုကြွပစ္စည်းမျိုးတွေတောင် ဒီ သုတေသနတပ်မှာ ရှိနေနိုင်ပါတယ်။ ဒီတပ်ရင်းလိုပဲ သဲလွန်စကောင်း ကောင်း ရနိုင်တဲ့ နေရာတွေဟာ တော်လှန်ရေးအင်အားစုများနဲ့ လက်တကမ်းအကွာမှာ ရောက်ရှိနေပါပြီ။ စစ်ခေါင်းဆောင် အဆက်ဆက် လျှို့ဝှက်ဖုံးကွယ်ထားတဲ့ နျူကလီးယားစီမံကိန်းကို နိုင်ငံ တကာကို ချပြနိုင်တဲ့ အခွင့်အလမ်းကို တွေ့မြင်လာရပြီလို့လည်း ပြောနိုင်ပါတယ်။
အခု ရည်ညွှန်းပြောဆိုနေတာတွေက ခိုးကြောင်ခိုးဝှက် လျှို့ဝှက်ဆောက်ရွက်နေတဲ့ စီမံကိန်းတွေကိုသာရည်ရွယ်တာပါ၊ IAEA စည်းမျဉ်းစည်းကမ်းများအောက်က လုပ်ဆောင်နေဖို့ရှိတဲ့ အရပ်ဘက်အဏုမြူစွမ်းအင်ဦးစီးဌာနရဲ့ ပရောဂျက်တွေနဲ့ မပတ်သက်တာကိုလည်း ဖြည့်စွက်ပြောကြားလိုပါတယ်။
ဒီလိုနျူကလီးယား စက်ရုံတွေ ဓာတ်ခွဲခန်းတွေ ဓာတ်ပေါင်းဖိုတွေက ရှိပြီးသားဆိုရင် အခု စိုင်းပြင်းနေတဲ့ ရုရှားနျူကလီးယားဓာတ်ပေါင်းဖိုက ဘာအတွက်လဲလို့ မေး ခွန်းထုတ်လာနိုင်စရာရှိပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ မှာ သက်တမ်းရှိကြပြီး၊ ရုရှားဓာတ်ပေါင်းဖိုအသစ်ရဲ့ စွမ်းဆောင်ရည်နဲ့လည်း ကွာခြားမှာသေချာပါတယ်။ ဆေးပြားအတု ထုတ်လုပ်ရောင်းချတယ်လို့ ကျော်စောသူက၊ ဆေးပြားရိုက်တဲ့စက် မရှိသေးလို့ ဝယ်ချင်ပါတယ်ဆိုပြီး၊ အသံလွှင့်လိုက်ပြီး အာရုံပြောင်းသွားအောင် လုပ်နိုင်တဲ့ ဥပမာကိုလည်း ပေးချင်ပါတယ်။
နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ အဆင့်အထိ မဟုတ်ခဲ့ရင်တောင်၊ IAEA စိစစ်ခွင့်ပြုချက်မရရှိပဲနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေးအတွက် အဓိကရေဒီယိုသတ္တိကြွပစ္စည်းများ ရယူပိုင်ဆိုင်ဖို့ ကြိုးပမ်းတာမျိုးကိုက အလွန်အန္တရာယ် ကြီးမားပါတယ်။
ချုပ်ပြောရရင်တော့ အာဆီယံအပါအဝင် ကိုယ်ကျိုးစီးပွားကိုသာ ကြည့်ကြတဲ့ နိုင်ငံတွေကို လှုပ်နှိုးဖို့အတွက် နျူကလီးယားမီးပွါးကိုချဖို့ ကြိုးစားရခြင်းပါ။ အခုလက်ငင်းမှာတော့ လက်ဆုပ်လက် ကိုင်ပြသဖို့ ခက်ခဲနေသည့်တိုင်၊ အမေရိကန်နိုင်ငံရဲ့ တရားရေးဌာန၊ DEA အပါ အဝင် ထိပ်တန်းအေဂျင်စီများ လက်ခံထားတဲ့ ရလဒ်များကို ကိုင်စွဲပြီး သဲလွန်စများနောက်ကိုလိုက်ဖို့ ကြိုးစားသင့်တယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ တော်လှန်ပြည်သူများရဲ့ လက်ထဲမှာသာရှိပါတယ်။
တချိန်တည်းမှာလည်း မြန်မာ့အရေးကို ရတဲ့နည်းနဲ့ နိုင်ငံတကာ အာဂျန်ဒါပေါ် ဆွဲတင်နိုင်ဖို့ အား ထုတ်ကြရင်း၊ အာဆီယံကို စစ်ကောင်စီနဲ့ မနီးကပ်သွားစေဖို့ နည်းလမ်းစုံ ရှာကြံကြရလိမ့်မယ်လို့ ယူဆမိပါတယ်။
👉သီအိုဇော် - အာဆီယံပေါင်ပေါ် ချပေးရမည့် မီးပွား ( ၁ )
👉သီအိုဇော် - အာဆီယံပေါင်ပေါ် ချပေးရမည့် မီးပွား ( ၄ )
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar