သီအိုဇော် - အာဆီယံပေါင်ပေါ် ချပေးရမည့် မီးပွား ( ၁ )
သီအိုဇော် - အာဆီယံပေါင်ပေါ် ချပေးရမည့် မီးပွား ( ၁ )
မိုးမခ ၊ မေ ၁၈ ၊ ၂၀၂၅
‘အာဆီယံအရေး လှံမသွေးလောက်ပါဘူး’ဆိုပြီး ပြောမယ်ဆိုလည်း ပြောလို့ရလောက်အောင် အခု ကာလမှာ၊ အာဆီယံ ဆိုတဲ့ စကားလုံးက လှုပ်လှုပ်ခတ်ခတ် မဖြစ်စေတော့တာ အမှန်ပါ။ တဘက်က ကြည့်ပြန်ရင်လည်း ဒေသဆိုင်ရာအဖွဲ့အစည်းရဲ့ အရွေ့နောက်က လိုက်ပါချဉ်းကပ်လေ့ ရှိတတ်တဲ့၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့သဘောထားကိုလည်း သတိရှိကြဖို့ လိုပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီစိုင်းပြင်းနေတဲ့ ရွေး ကောက်ပွဲကအစ၊ တရားဝင်အသိအမှတ်ပြုခံရရေး နည်းမျိုးစုံ ကြိုးပမ်းနေမှုများအတွက် အာဆီယံရဲ့ ရပ်တည်မှုက အရေးပါတဲ့ အခန်းကဏ္ဍမှာ ဆက်ရှိနေပါလိမ့်မယ်။ ကိုယ့်ဘက်ခြမ်း ဝင်လာခြင်း၊ မဝင်လာခြင်းထက်တောင်၊ သူ့ဘက်ခြမ်း ကူးမသွားဖို့က ပိုအရေးကြီးတယ်လို့ ဆိုရမယ့် အနေအထားဖြစ်ပါတယ်။
သူ့ဩဇာကိုလွန်ဆန်ဖို့ ခက်ခဲတဲ့ တော်လှန်ရေးအင်အားစုများနဲ့ NUG ဆက်ဆံရေးအပေါ်မှာ ဝင်ရောက် စွက် ဖက်လိုတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံက၊ အာဆီယံနိုင်ငံတွေနဲ့ မြန်မာ့အရေးကို ဆွေးနွေးကြတဲ့အခါ ဘယ်လို နှပ်ကြောင်းပေးနေလိမ့်မယ် ဆိုတာကိုလည်း အထွေအထူး စဉ်းစားကြည့်ဖို့ မလိုပါဘူး။ အင်အားကြီးနိုင်ငံများနဲ့ ပခုံးချင်းယှဉ် နိုင်ငံရေးကစားနေတဲ့ အိမ်နီးချင်းနိုင်ငံဟာ ဒေသဆိုင်ရာ အဖွဲ့အစည်းကို၊ သူ ပြောချင်တဲ့စကား ပါးစပ်အငှားနဲ့ ပြောလာစေဖို့အထိ၊ ပရိယာယ် များနိုင်တဲ့သူတွေ ဖြစ်တာကို ရိပ်စားမိကြမှာပါ။
အနောက်နိုင်ငံအစိုးရများနဲ့ အာဆီယံ အပါအဝင် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက အစိုးရများကြား ခြားနားချက်တခုက၊ ဒေသတွင်းနိုင်ငံတွေက မြန်မာနိုင်ငံအရေးကို သမိုင်းကြောင်းနဲ့ ချီပြီး ထဲထဲဝင်ဝင် ပိုသိကြတာပါ။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်ပြောင်းလဲမှုတွေကို ဒီဒေသတွင်း အစိုးရအဖွဲ့များ၊ နိုင်ငံရေးသမား များအနေနဲ့၊ မသိမမြင် ဖြစ်နေကြရလောက်အောင် ထုံအနေကြသူတွေတော့မဟုတ်ကြပါဘူး။ ပြဿနာက သိသိကြီးနဲ့ ကိုယ် ကျိုးစီးပွားမှန်ချပ်ကို ကျော်ဖြတ်ပြီး ကြည့်ကြတဲ့အခါမှာတော့၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့အပေါ် မြင်တဲ့အမြင်တွေက မှုန်ဝါးတိမ်းစောင်းသွားကြရတာပဲ ဖြစ်ပါတယ်။ တိုတိုပြောရရင်တော့ သူတို့အများစုဟာ မြန်မာပြည်သူတွေကို ရှေ့တန်းတင်စဉ်းစားကြမယ့်သူတွေ မဟုတ်ပါဘူး။
ထိုင်းနိုင်ငံက အကြိမ်ကြိမ် စစ်အာဏာသိမ်းမှုများ၊ ကမ္ဘောဒီးယားနိုင်ငံက အတိုက် အခံပါတီတွေကို ဖိနှိပ်ပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲများအပေါ် အာဆီယံ ဘယ်လို ရှုမြင်ခဲ့တယ်ဆိုတာကို အထူးပြောစရာ မလိုတော့ပါဘူး။ ကုန်ကုန်ပြောရရင် ဆူဟာတိုအစိုးရက အရှေ့တီမောကိုကျူးကျော်သိမ်းပိုက်ခဲ့လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ်- ၃၄၈၅ကိုထုတ်ပြီး ကန့်ကွက်ခဲ့စဉ်ကတောင်၊ အာဆီယံက ဆူဟာတို လုပ်ရပ်ကို အပြစ်မမြင်ခဲ့ကြသူတွေပါ။
မလေးရှားနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီးတဲနောက် အပြုသဘောဆောင်တဲ့ အပြုအမူတွေ တွေ့လာရပေမယ့်၊ နိုင်ငံရေး စိတ်ဆန္ဒ ဘယ်လောက်ရှိသလဲဆိုတာကို ဆက်စောင့်ကြည့်ကြရပါဦးမယ်။ ဒီလိုအချိန်မှာ တရုတ်နိုင်ငံလို အာဏာသိမ်းစစ်ကောင်စီနဲ့ လက်တွဲလုပ်ဖို့ ဝန်လေးဟန် မပြသလို မျိုး၊ အာဆီယံဘက်က လိုက်မဆုံးဖြတ်ကြလေအောင် နည်းလမ်းရှာ အားထုတ်ဖို့ လိုအပ်လာပါတယ်။
ကိုယ့်ပေါင်ပေါ် မီးပွားကျမှ ပူရကောင်းမှန်းသိတယ်လို့ ဆိုလေ့ရှိကြပါတယ်။ ဒီလိုဆိုရင်တော့ အသိ ခေါက်ခက် အဝင်နက်ကြသူတွေလို့ ဆိုရမယ့်၊ အာဆီယံပေါင်ပေါ် ကို နျူကလီယား မီးပွားချကြည့်ဖို့ ကြိုး စားကြည့်ချင်ပါတယ်။
အာဂျင်တီးနား ဖမ်းဝရမ်းအတွက် ပူးပေါင်းဆောင်ရွက်လိုတဲ့ အာသီသ နည်းပါးနေတဲ့ အာဆီယံအနေနဲ့ ဒီနှစ်ထဲမှာ အိုင်စီစီ (ICC)အမိန့်၊ အိုင်အယ်လ်အို(ILO)- ပုဒ်မ ၃၃ ဆုံး ဖြတ်ချက်တွေ ထပ်ကြုံလာခဲ့ရင်၊ စစ်ခေါင်းဆောင်များဟာ အစဉ်အဆက် ယုံကြည် စိတ်ချသင့်သူများမဟုတ်၊ လိမ်လည်လှည့်ဖြားတတ်သူများသာ ဖြစ်တယ် ဆိုတဲ့အမြင် ခိုင်ခိုင်မာမာ ဝင်ထားခြင်းက အထောက်အကူ ဖြစ်စေမှာပါ။
' အာဆီယံကို ဘာကြောင့် ဦးတည် ပြောဆိုချင်ရသလဲ '
အမှန်ကတော့ နျူကလီယားဆိုတဲ့ စကားလုံးဟာ အာဆီယံကိုမှ မဟုတ်ပါဘူး၊ ဒေသတွင်း၊ပြင် နိုင်ငံအား လုံးအပေါ် သက်ရောက်မှု ရှိပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးမှာတော့ ဝေဝါးဝါးလုပ်နေတဲ့ အာဆီယံကိုပိုအဓိကထားချင်ပါတယ်။ အာဆီယံအနေနဲ့ အခုအချိန်အထိ အာဏာသိမ်းစစ်ခေါင်းဆောင်များကို ဒေသတွင်းတည်ငြိမ်ရေး၊လုံခြုံရေးတို့ကို ပျက်ပြားစေနိုင်သူများအထိ မြင်မထားသေးဘူးလို့ပဲ ပြောရမှာပါ။
ကိုယ့်ပြည်သူများအပေါ် သာ ဥပဒေမဲ့ကျူးလွန်ပြုကျင့်တတ်ပေမယ့် ဒေသတွင်းနားလည်သဘော တူညီချက်များကို လိုက်နာနေဆဲလို့ သတ်မှတ်ထားပြီး၊ အာဆီယံအဝန်းအဝိုင်းထဲ ရှေ့ဆက်တွဲ လုပ်ကိုင်နိုင်ဖို့ မျှော်လင့်နေကြဆဲ ဆိုတာကို သတိပြုကြရပါလိမ့်မယ်။ ဒီအတွက် ဒီနေရာမှာ မြန်မာစစ်ခေါင်းဆောင် အစဥ်အဆက်ဟာ အာဆီယံကို လိမ်လည်လှည့်ဖျားထားခြင်း ရှိမရှိဆိုတာကို ပေါ်လွင်အောင် ဖေါ်ထုတ်ပြသနိုင်ရေးကအရေးကြီးလာပါပြီ။
(၃၀)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးရဲ့ ၁၉၇၅ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့ ထုတ်ပြန်ချက် 3472(XXX)Bအရ အကောင်အထည်ဖေါ် ဆောင်ရွက်နေတဲ့ လက်ရှိနျူကလီးယားလက် နက် ကင်းမဲ့ဇုန် (၅)ခုရှိပါတယ်။ အဲဒီထဲမှာအာဆီယံဇုန်က တခုအပါအဝင်ပါ။ အာဆီယံအဖွဲ့ဝင်နိုင်ငံ တွေက ‘ဘန်ကောက် သဘောတူစာချုပ် (Bangkok Treaty) နဲ့ အာဆီယံ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် (South East Asia Nuclear Weapons Free Zone Treaty)ကို ဖော်ဆောင်ထားပါတယ်။
ဒီစာချုပ်ကို ဘန်ကောက်မှာ မူလလက်မှတ်ရေးထိုးကြတာက ၁၉၉၅ခုနှစ် ဒီဇင်ဘာ လ(၁၅)ရက်နေ့ဖြစ် ပြီး၊ မြန်မာနိုင်ငံအနေနဲ့ ၁၉၉၆ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ ဘန်ကောက်သဘော တူစာချုပ် စတင်သက်ဝင်ခဲ့တာကတော့ ၁၉၉၇ခုနှစ် မတ်လ(၂၇)ရက်နေ့ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံအား လုံး ဒီစာချုပ်ကို တိတိကျကျ လိုက်နာကြဖို့ လိုအပ်ပါတယ်။
ဒီဘန်ကောက်သဘောတူစာချုပ်ရဲ့ အပိုဒ် ၃ - ၂(က),၂(ခ),၂(ဂ)တို့ အရ စာချုပ်ပါနိုင်ငံတွေအနေနဲ့ ဒီဇုန် အတွင်းမှာသာမက ဇုန်ပြင်ပမှာပါ နျူကလီးယားလက်နက်များကို တီထွင်၊ထုတ်လုပ်၊ရယူ၊ ပိုင်ဆိုင်၊ ထိန်းချုပ်၊ နေရာချ၊ သယ်ယူပို့ဆောင်၊စမ်းသပ်၊ အသုံးပြုတာမျိုး မပြုလုပ်ရလို့ တားမြစ်ထားပါတယ်။
လူသိရှင်ကြားဖောက်ဖျက်တဲ့ ဒါမှမဟုတ် ခိုးကြောင်ခိုးဝှက် ချိုးဖောက်တဲ့အဖွဲ့ဝင်နိုင်ငံ ရှိခဲ့ရင်တော့၊ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်စေတဲ့၊ အာဆီယံ လူ့အဖွဲ့အစည်းအပေါ် အန္တရာယ်ကျရောက်လာနိုင်စေတဲ့ အဲဒီနိုင်ငံအပေါ် ရှုမြင်ပုံပြောင်းလဲနိုင်လာပါတယ်။ ပြည်တွင်း ပြည်ပဖိအားတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် အာဆီယံအဖွဲ့ကြီးအမြင်ပြောင်းလဲဖို့ အရေးကြီးတဲ့အတွက် အာဆီယံ ပေါ့ပေါ့သဘောထားလို့မရတဲ့ နျူကလီး ယားဖြစ်စဉ်တွေကို ချပြလိုခြင်း ဖြစ်ပါတယ်။
နျူကလီးယားခေါင်းစဉ် ဆိုတာက လွယ်လင့်တကူတပ်လို့ ရတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ‘တာ ကေရှီအီဘီဆာဝါ’(Takeshi Ebisawa)ရဲ့ မြန်မာနိုင်ငံဆီက ရယူပေးမယ့် နျူကလီးယားကုန်ကြမ်း ပစ္စည်းတွေ မှောင်ခိုရောင်းချဖို့ကြိုးစားမှုအတွက် အပြစ်ရှိကြောင်း၊ ပြီးခဲ့တဲ့ ဇန်နဝါရီလက နယူးယောက်တရားရုံးမှာ ဝန်ခံခဲ့တဲ့အမှုနဲ့ ယခင်က လျှို့ဝှက်လုပ်ဆောင်ခဲ့တဲ့၊ တနည်းအားဖြင့် ဒေသတွင်းနဲ့ နိုင်ငံတကာသဘောတူစာချုပ်တွေကို ချိုးဖေါက်ခဲ့တဲ့ နျူကလီးယား စီမံကိန်းနဲ့ ချိတ်ဆက်မိမိ ကွင်းဆက်တည်ဆောက်နိုင်ခဲ့ရင်တော့ အကျိုးရှိနိုင်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ တရားရေးဌာန၊ DEA အပါအဝင် ထိပ်တန်းအေဂျင်စီများရဲ့ အစီရင်ခံစာတွေနဲ့ အရေးတယူ မပြုလို့မရတဲ့ ထိပ်တန်း Nuclear Forensic Laboratory ဓါတ်ခွဲခန်းရလဒ်တွေက ရှိပြီးသားပါ။ ဒီတွေ့ရှိချက် တွေကို ကိုင်စွဲရမှာဖြစ်ပြီး၊ ဓါတ်ခွဲခန်းရဲ့ credibility ကို မချေဖျက်နိုင်သရွေ့၊ စမ်းသပ်ဖေါ်ထုတ်ထားချက်ကို ငြင်းချက်ထုတ်လို့ မရနိုင်ပါဘူး။ ကမ္ဘာ့ထိပ်တန်း Nuclear Forensic Laboratory ရဲ့ရလဒ်ကို မေးခွန်းထုတ် စစ်ဆေးနိုင်တဲ့ အဖွဲ့အစည်း (သို့) ပုဂ္ဂိုလ် တဦးတယောက် ဆိုတာမျိုးကလည်း အင်မတန်ရှားပါးပါလိမ့်မယ်။
အခု’အီဘီဆာဝါ’အမှုက သက်သေခံပစ္စည်းများ စမ်းသပ်စစ်ဆေးအမှုမှာလည်း အခုအချိန်အထိ ဓာတ်ခွဲခန်းရလဒ်တွေကို အငြင်းပွားကြတာမျိုး မရှိပါဘူး။ ‘အီဘီဆာဝါ’ဆီက ဖမ်းဆီးရရှိခဲ့တဲ့ အထဲက အရေး အကြီးဆုံးလို့ ပြောရမယ့် သက်သေခံပစ္စည်းတခုက နျူကလီးယားဓါတ်ပေါင်းဖို (Nuclear Reactor) မရှိပဲ၊ ရယူနိုင်ဖို့ လုံးဝမဖြစ်နိုင်တဲ့၊ နျူကလီးယားလက်နက်အတွက် အသုံးပြုနိုင်တဲ့ ပလူတိုနီယမ် (weapons grade plutonium) ဖြစ်နေတဲ့အချက်ပါ။
‘အီဘီဆာဝါ’ ထွက်ဆိုချက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း နဲ့ ဆက်သွယ်ခဲ့မှု ဆိုတာပါ ဝင်ပြီး၊ ရရှိခဲ့တဲ့ အချက်အလက်တွေအရ RCSS ဖြစ်နိုင်ချေရှိတယ်လို့ သတင်းမီဒီယာတွေမှာ ယူဆဖော်ပြခဲ့ကြပါတယ်။
နျူကလီးယား ဓါတ်ပေါင်းဖိုရှိမှသာ ရရှိနိုင်မယ့် ပလူတိုနီယမ် နမူနာပစ္စည်းက သူဝန်ခံခဲ့သလို မြန်မာနိုင်ငံ တွင်းက ရရှိခဲ့တယ်ဆိုတာကို ယုံကြည်လက်ခံရမယ်ဆိုရင်၊ ငွေကြေး၊ နည်းပညာနဲ့ အရင်းအမြစ် ပိုပြည့် စုံတဲ့ စစ်တပ်ဆီကလွဲလို့ ဘယ်သူ့ဆီမှာမှ ဒီလို နျူကလီးယားနည်းပညာ ရှိမနေနိုင်တာကို အလွယ်တကူ တွေးကြည့်လို့ ရပါတယ်။
ပြီးတော့ weapons grade plutonium အဆင့်ဆိုတာမျိုးက တခြား နျူကလီးယား ပစ္စည်းများလို မှောင်ခိုစျေးကွက်မှာ ရရှိနိုင်တာမျိုး မဟုတ်ဘူးဆိုပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (International Atomic Energy Agency- IAEA)မှာ ညွှန်ကြားရေးမှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ နျူကလီး ယားလက်နက် စစ်ဆေးရေးကျွမ်းကျင်သူ၊ လက်ရှိ Stockholm International Peace Research Institute က ပညာရှင်သုတေသီတဦးဖြစ်သူ ရောဘတ်ကယ်လီ(Robert E Kelley) က ပြီးခဲ့တဲ့ မတ်လ(၁၄) ရက်နေ့က အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
ဒီဖြေကြားချက်က‘အီဘီဆာဝါ’ ထွက်ဆိုခဲ့တဲ့ မြန်မာနိုင်ငံထဲက ရရှိခဲ့တယ် ဆိုတဲ့အချက်ပေါ် သံသယဝင်သူအချို့ရဲ့ တခြားမှောင်ခိုစျေးကွက်က ပစ္စည်းလည်း ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်ကို ချေဖျက်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု တရားရေးဌာနအနေနဲ့ ‘အီဘီဆာဝါ’ ထွက်ဆိုချက်ကို စောဒကတက်မထားခဲ့ဘူး ဆိုတာကိုလည်း သတိပြုကြရပါလိမ့်မယ်။ ဒီအချိန်မှာ ဒီ weapons grade plutonium ရဲ့ မူလဇာစ်မြစ်က မြန်မာ နိုင်ငံတွင်းကလို့ပဲ ညွှန်ပြနေတုန်းပါ။ ဒီအချက်ဟာ အလွန်အရေးကြီးပါတယ်။
ဒီအမှုဖြစ်စဉ်ဟာ တကယ်ရှုပ်ထွေးလှပါတယ်။ ဒါပေမဲ့ အရင်ကပေါက်ကြားခဲ့တဲ့ နျူကလီးယားစီမံချက် သဲလွန် စများကနေ ခြေရာပြန်ကောက်ကြည့်ကာ ‘အီဘီဆာဝါ’အမှုနဲ့ ပြန်ဆက်စပ်ကြည့်တဲ့အခါ သူ့ထွက်ဆိုချက်များဟာ ဖြစ်နိုင်ခြေရှိတယ်လို့ တွက်ဆနိုင်တဲ့ အနေအထားရှိပြီး၊ ဒီဆောင်းပါးမှာ အဖြေရှာကြည့်လိုပါတယ်။ အမှုမှာ ပါဝင်တဲ့ နျူကလီးယား ပစ္စည်းအမျိုးအမည်၊ ပမာဏ အရေအတွက်ဆိုတာများထက်၊ weapons grade plutonium လက်ဝယ် ရရှိထားခဲ့မှုကို အာရုံ ပိုစိုက်သင့်တယ်လို့လည်း ယူဆပါတယ်။ ဘယ်သူကြားကနေ မှောင်ခိုရောင်းတာလဲ ဆိုတာထက်၊ နိုင်ငံတကာ စိတ်ဝင် စားမှု မြင့်တက်စေနိုင်တဲ့ အဲဒီပစ္စည်း ဘယ်သူ့ဆီကရခဲ့တာလဲ၊ ဘယ်သူထုတ်လုပ်တာလဲ ဆိုတဲ့ နောက်ကို စုံစမ်းဖော်ထုတ်နိုင်ဖို့ ကြိုးစားကြရပါမယ်။
ဒီဖြစ်စဉ်က ၂၀၂၁ခုနှစ် အာဏာမသိမ်းခင်ကတည်းက စတင်ခဲ့တာဆိုတာကိုလည်း သတိချပ်ကြရ ပါမယ်။ ဒါကတော့ အာဏာသိမ်းပြီးတဲ့နောက်မှာ အမှုထဲက ရည်ညွှန်းဝယ်လက် အီရန်နိုင်ငံက လေယာဉ်တွေ မကြာခဏ ဝင်ထွက်နေတဲ့အတွက် ထည့်ပြောရတာပါ။ အခုလိုအခြေအနေမပေးခဲ့လို့လည်း ဒီကနေ့ ဒီအချိန်အထိ ပလဲနံပအသင့်ဆုံး လက်နက်ကိုင်အဖွဲ့အစည်းတခုကို ကြားခံအသုံးပြုခဲ့တာ ဖြစ်တန်ခြေရှိတယ်ဆိုပြီး ယူဆလို့ရပါတယ်။
ဘယ်နိုင်ငံကပဲ ဖြစ်ပါစေ၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ- International Atomic Energy Agency – IAEA မသိရှိဘဲ ကြွယ်ဝယူရေနီယမ် (enriched uranium)နဲ့ ပလူတိုနီယမ် ထုတ် လုပ်တာကို နိုင်ငံတကာက လက်မခံနိုင်ပါဘူး။
ဒီတွေ့ရှိချက်က အံ့အားသင့်စရာ အလွန်ကောင်းပါတယ်။ IAEA ရဲ့ နျူကလီးယားသုတေသန ဓာတ်ပေါင်းဖိုစာရင်းနဲ့ နျူကလီးယားဓါတ်အားပေးစက်ရုံ ဓာတ်ပေါင်းဖို စာရင်းထဲမှာ မြန်မာနိုင်ငံ မပါ ဝင်ပါဘူး။ မြန်မာစစ်ခေါင်းဆောင် အစဉ်အဆက်ဟာ သူတို့ လျှို့ ဝှက်ဆောင်ရွက်တဲ့ နျူကလီးယား စီမံကိန်းကို အမြဲတစေ ငြင်းဆိုလေ့ရှိပါတယ်။ ဒီအထဲကမှ ကောက်နုတ်ပြလိုတာ တခုရှိပါတယ်။
‘ရှန်ဂရီလာဒိုင်ယာလော့ဂ်’(Shangri-La Dialogue)ကို အာရှ-ပစိဖိတ် ဒေသတွင်း အရေးပါတဲ့ ကာကွယ်ရေးဆိုင်ရာ ဖိုရမ်တခုအဖြစ်သတ်မှတ်ကြပါတယ်။ နှစ်စဉ်အစိုးရအဖွဲ့ဝန်ကြီးအဆင့်များ တွေ့ ဆုံကြသလို၊ နိုင်ငံအကြီးအကဲများလည်း အခါအားလျော်စွာ တက်ရောက်လေ့ရှိတဲ့ အစည်းအဝေးပါ။
၂၀၁၂ခုနှစ် ဇွန်လ (၁-၄) ရက် စင်ကာပူနိုင်ငံမှာ ကျင်းပစဉ်တုန်းက ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး လှမင်းက ယခင်က နျူကလီးယားသုတေသနလုပ်ငန်းတွေအဖြစ် ဆောင်ရွက်ခဲ့ တာဖြစ်ကြောင်း ဝန်ခံထားခဲ့သလို၊ အခု အစိုးရသစ်လက်ထက်မှာ ဒါတွေအားလုံးကို ရပ်နားလိုက်ပြီး ဆက်လုပ်ဖို့ အစီအစဉ်လည်းမရှိကြောင်း ဖြေကြားခဲ့ပါတယ်။ အရင်က လုပ်ခဲ့ကြောင်း ဖွင့်ဟပြောဆိုလိုက်တာက အရေးပါတဲ့အချက်ဖြစ်ပြီး၊ ရှေ့ဆက်မလုပ်တော့ဘူးလို့ နိုင်ငံတကာကို အသိပေးခဲ့တာကလည်း အရေးကြီးပါတယ်။
‘အဲဒီလိုဆိုရင် IAEAက လာရောက်ပြီး စစ်ဆေးကြည့်ရှုတာ လက်ခံမလား? ဆိုတဲ့ ပြန်လှန်မေးခွန်းကိုတော့ ‘မြန်မာနိုင်ငံမှာ ဘာမှ စစ်ဆေးကြည့်ရှုစရာ မရှိတဲ့အတွက် လာစရာအကြောင်း မရှိပါဘူး’ လို့ ပြန်ဖြေခဲ့ပါတယ်။
ဒီအဖွဲ့အစည်းဘက်က အကျောက်အကန် ငြင်းဆိုပြီ ဆိုတာနဲ့၊ သတင်းမှန်ဖို့များတယ်လို့ သတ်မှတ်ခံကြရတဲ့ ဒီအဖွဲ့အစည်းအနေနဲ့၊ ဖုံးကွယ်ထားစရာသာ တကယ်မရှိခဲ့ရင်၊ IAEA ရဲ့ အစစ်အဆေးခံနိုင်ရမှာပေါ့လို့ပဲ လော့ဂျစ်ကျကျ စဉ်းစားရတော့မှာပါ။
ကာကွယ်ရေးဝန်ကြီးတဦးအနေနဲ့ နိုင်ငံတကာဖိုရမ် (၂၀၁၂) မှာ မြန်မာနိုင်ငံအနေနဲ့ နျူကလီးယား လက်နက် စီမံကိန်း လုပ်ဆောင်နေခြင်း ရှိ၊ မရှိနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခံရခြင်းဟာ ၂၀၀၉၊၂၀၁၀ ခုနှစ်များတဝိုက်စီက နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဒီအကြောင်းကို ဖော်ထုတ်ရေးသား ရုပ်သံတင်ဆက်ခဲ့ကြတာကနေ မြစ်ဖျားခံပါတယ်။
အဲဒီအချိန်က ကာကွယ်ရေးဝန်ကြီးဆိုသူပြောကြားခဲ့တဲ့အတိုင်း အတိအကျသာလိုက်နာခဲ့တယ်၊ ရပ်ဆိုင်းထားခဲ့တယ်ဆိုရင်၊ နျူကလီးယားနဲ့ပတ်သက်တဲ့ သိသာထူးခြားတဲ့ တွေ့ရှိချက်တွေ နောက်ပိုင်းမှာ မြင်လာရစရာ အကြောင်းမရှိပါဘူး။ အီဘီဆာဝါလက်ထဲကနေ weapons grade plutonium ရလာ နိုင်စရာ မရှိဘူးလို့ပဲ ကောက်ချက်ချရပါလိမ့်မယ်။
ဒါဆိုရင် အာဆီယံနိုင်ငံကြီးတခုရဲ့ထိပ်တန်းဖိုရမ်တခုကနေ နိုင်ငံတကာကို ပြောကြားခဲ့ချက်ဟာ အလိမ်အညာသက်သက်ပဲလား၊ အာဆီယံ သဘောတူစာချုပ်ကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်မှုတခု လေလား။
(ဆက်လက်ဖော်ပြပါဦးမည်)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar