သီအိုဇော် - အာဆီယံပေါင်ပေါ် ချပေးရမည့် မီးပွား ( ၃ )
နယူးယောက်တိုင်းသတင်းစာထဲမှာ ထပ်ဖော်ပြထားတာက ပါကစ္စတန် သမ္မတ ဗိုလ်ချုပ်ကြီး မူရှာရက်ဖ် (Gen Pervez Musharraf)က မြန်မာစစ်ခေါင်းဆောင်တွေဆီ အဲဒီနျူကလီးယား သိပ္ပံပညာရှင် နှစ်ယောက်ကို နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ တောင်းဆိုခဲ့သေးတယ် ဆိုတာကိုပါ။ ဒီအချက်ကတော့ အတည်ပြုချက်ရရှိဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။
ပါကစ္စတန်ဘက်က အမေရိကန်နဲ့ အိန္ဒိယတို့ကြား ထားရှိတဲ့ နီးကပ်တဲ့ဆက်ဆံရေးကြောင့်၊ သူတို့ရဲ့ နျူကလီးယားလက်နက်လျှို့ဝှက်ချက် တွေ အိန္ဒိယဘက် ပေါက် ကြားသွားမှာစိုးတဲ့အတွက်၊ ဒီပညာရှင်နှစ်ယောက်နဲ့ စီအိုင်အေကို ပေးမတွေ့ချင်တာလို့လည်း သတင်းစာက ရေးသားထားပါတယ်။
ဘယ်အချက်တွေက ဘယ်လောက်အထိ ခိုင်လုံသလဲ ဆိုတာတော့ ပြောရခက်ပါလိမ့်မယ်။ နယူးယောက်တိုင်းမ် ဆောင်းပါးဆိုတော့လည်း ယုံကြည်လက်ခံမှုအပြည့်နဲ့ ပြန်ကိုးကားဖော်ပြကြတဲ့ တခြားသတင်းစာတွေ၊ ဆောင်းပါးတွေလည်း တွေ့ရပါတယ်။ ဒီသတင်းဖော်ထုတ်ချက် အရသာဆိုရင် အနိမ့်ဆုံးအနေနဲ့ကတော့ ပါကစ္စတန် ထိပ်တန်း နျူကလီးယား ပညာရှင်နှစ်ဦး မြန်မာနိုင်ငံကို သွားရောက်ခဲ့ဖူးတယ် ဆိုတဲ့အချက်ကို အတည်ယူနိုင်ပါတယ်။
နောက်ပိုင်းမှာ နှစ်နိုင်ငံလုံးဘက်က ငြင်းချက်ထုတ်ကြတယ်လို့လည်း တချို့သတင်းတွေက ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ‘ သေနတ်သာ မဖောက်ခဲ့ရင်တော့ ယမ်းငွေ့လည်း တွေ့စရာမရှိဘူး’ဆိုတဲ့စကားပုံကို ဒီနေရာမှာ မေ့မထားသင့်ဘူးလို့ ထင်ပါတယ်။ ရုရှား၊ မြောက်ကိုရီးယားတို့ လာရောက်တဲ့ သတင်းတွေ ထွက်ပေါ်တာမျိုးက အံ့ဩစရာ မရှိမယ့်၊ ပါကစ္စတန် နျူကလီးယား ပညာရှင်များ အမည်အတိအကျနဲ့ ခရီးစဉ်သတင်းပေါက် ကြားလာတာကတော့ စစ်ခေါင်းဆောင်တွေဘက်က နျူကလီးယားလက်နက် ပိုင်ဆိုင်လိုစိတ်ပြင်းပြလွန်းလို့ ၊ ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေရှိသမျှကို အ မှန်တကယ် ချဉ်းကပ်စုံစမ်းမှုတွေ ပြုလုပ်ခဲ့ခြင်းလို့ ယူဆရပါလိမ့်မယ်။
ဘာကြောင့် ပါကစ္စတန်ကို ချဉ်းကပ်ခဲ့သလဲ
နျူကလီးယားနည်းပညာနဲ့ ဆက်စပ်ပစ္စည်း မှောင်ခိုလုပ်ငန်းဆိုတာက ပါကစ္စတန်နိုင်ငံနဲ့ အစိမ်းသက်သက် မဟုတ်ပါဘူး။ ‘Khan Network’ လို့ အတိုကောက်ခေါ် ဝေါ်ကြတဲ့ ပါကစ္စတန်ရဲ့ နျူကလီးယားဖခင်ကြီးလို့ သတ်မှတ်ထားတဲ့ နျူကလီးယားပညာရှင် Abdul Qadeer Khan ရဲ့ နျူကလီးယား မှောင်ခိုစီးပွါးရေးလုပ်ငန်းက လူသိရှင်ကြား မှတ်တမ်းမှတ်ရာ ရှိခဲ့ဖူးပါတယ်။ IAEA အစီရင်ခံစာများအထိ ဒီကွန်ယက်အကြောင်း ထည့်သွင်း ရေးသားထားကြပါတယ်။
၂၀၀၄ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့မှာ သူဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် အီရန်၊မြောက် ကိုရီးယား၊လစ်ဗျားတို့နဲ့ ဆက်သွယ်ရောင်းချခဲ့တာတွေကို ရုပ်မြင်သံကြားကတဆင့် ဝန်ခံပြောကြားခဲ့ပါတယ်။ တကယ်တော့ ဒီကွန်ယက်က နိုင်ငံ (၂၀) ကျော်အထိ ပျံ့နှံ့ခဲ့ပြီး ဆယ်စုနှစ် (၂) ခုဝန်းကျင် လှုပ်ရှားခဲ့တာပါ။
ဘယ်လ်ဂျီယံမှာ ပါရဂူဘွဲ့ယူပြီး နယ်သာလန်နိုင်ငံမှာ ကြွယ်ဝယူရေနီယမ် အဆင့်မြှင့်တင်ရေး လုပ်တဲ့ ကုမ္ပဏီတွေမှာ လုပ်ကိုင်ရင်း အတွေ့အကြုံများစွာ ရယူနိုင်ခဲ့တဲ့ ‘ဒေါက်တာခန်း’က ပါကစ္စတန်နိုင်ငံ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ အဓိကစွမ်းဆောင်ပေးခဲ့တဲ့ ပညာရှင်ဖြစ်ပပတယ်။ သူ့ရဲ့ပြစ်မှုတွေအတွက် ကြီးလေးတဲ့ပြစ် ဒဏ်တော့ မကျခံခဲ့ရပါဘူး။
နှစ်နိုင်ငံကြား မပြတ်တောက်လောင်နေတဲ့ ရန်စွယ်ရန်မီးကို ငြိမ်းသတ်ဖို့မလွယ်ကူတာကို သိထားကြတဲ့အတွက်၊ နျူကလီးယားလက်နက်ပိုင်ရှင် အိန္ဒိယကို ပခုံးချင်းယှဉ်နိုင်ဖို့က ပါကစ္စတန်နိုင်ငံအတွက် အရေးကြီးပါတယ်။ အိန္ဒိယရဲ့ နောက်ကနေလိုက်ခဲ့ရတဲ့ နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုမှာ အခုဆိုရင် နျူကလီးယားထိပ်ဖူး တပ်ဆင်ထားတဲ့ ဒုံးကျည်အရေအတွက်အိန္ဒိယက ၁၈၀ ဝန်းကျင်၊ ပါကစ္စတန်က ၁၇၀ ဝန်းကျင်ဆိုပြီး မတိမ်းမယိမ်း ရှိလာတာကို Center for Strategic and International Studies (CSIS)ရဲ့ လတ်တလော မေလ (၇)ရက်နေ့ နောက်ဆုံးရစာရင်းအရ သိရှိထားပါတယ်။ ‘ဒေါက်တာခန်း’ ကိုပါကစ္စတန်နိုင်ငံအတွက် နိုင်ငံသူရဲကောင်း၊ နျူကလီးယားဖခင် အဖြစ် အသိအမှတ်ပြုထားကြပါတယ်။
‘ဒေါက်တာခန်း’က ဒီနျူကလီးယား မှောင်ခိုအမှုမှာ ထိပ်ဆုံးအမည် ပေါက်ခဲ့ပေမယ့်၊ ဒီလိုကွန်ရက်ကို သူလိုအရပ်သား ပညာရှင်တဦးကပဲ ဦးစီးဦးဆောင် လုပ်ခဲ့တယ် ဆိုတာက ယုံကြည်ဖို့ ခက်ခဲရလောက်အောင် ဒီလုပ်ငန်းကြီးက ရှုပ်ထွေးပါတယ်။ သူကပဲ ခေါင်းခံလိုက်ရတယ် ဆိုတဲ့ ထင်မြင်ယူဆချက်တွေလည်း ရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် သူ ကွယ်လွန်ခဲ့တဲ့အချိန်မှာ ပြည်သူတွေ လေးစားကြတဲ့ သူ့ကို နိုင်ငံတော် စျာပနအဖြစ် ပြုလုပ်ပေးခဲ့ပါတယ်။
တဘက်ကကြည့်ရင်လည်း C.I.A. ညွှန်ကြားရေးမှူး ‘ဂျော့တန်းနက်’က ‘ဒေါက်တာခန်း’ဟာ အနည်းဆုံးတော့ ‘အိုစမာဘင်လာဒင်’လောက် အန္တရာယ်ကြီးတဲ့သူလို့ ပြောခဲ့ရလောက်အောင် ဒီနျူကလီးယား မှောင်ခိုကွန်ယက်က ကျယ်ပြန့်ပါတယ်။ ‘ဆဒမ်ဟူစိန်’ ဖယ်ရှားဖြုတ်ချခံရပြီးတော့ ကဒါဖီလည်း လစ်ဗျားရဲ့ Weapons of Mass Destruction (WMD)ကို စွန့်လွှတ်ကြောင်း ၂၀၀၃ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့ မှာ ကြေညာခဲ့ပါတယ်။ အဲဒီနှစ် အောက်တိုဘာလမှာပဲ ‘ခန်းမှောင်ခိုကွန်ယက်’က လစ်ဗျားကိုပို့တဲ့ နျူကလီးယားလောင်စာ ထုတ်လုပ်ရာမှာ လိုအပ်တဲ့ centrifugeနဲ့ ဆက်စပ်ပစ္စည်းတင်တဲ့ ဂျာမန်သင်္ဘောတစီး ကြားဖြတ် တားဆီးခံခဲ့ရတာပါ။
ဒီလို ကိရိယာအစိတ်အပိုင်းတွေမှ မဟုတ်ပါဘူး၊ ကြွယ်ဝယူရေနီယမ် (Enriched uranium) အဆင့်မြှင့်တင်ပေူတဲ့ Centrifuge လုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ Uranium Hexafluoride ကိုလည်း တန်နဲ့ချီပြီး မှောင်ခိုရောင်းဝယ်ကြပါတယ်။ မြောက်ကိုရီးယားကလည်း လစ်ဗျားကို ရောင်းချခဲ့တယ်ဆိုတဲ့ သတင်းအစအနတွေ ရှိခဲ့ဖူးပါတယ်။ မှောင်ခိုလုပ်ငန်းမျိုး ဖြစ်တဲ့အတွက် ဖမ်းဆီးမိမှသာ အတိအကျပြောနိုင်ကြတာပါ၊ လွတ်သွားသမျှကတော့ သဲလွန်စတွေနဲ့ မှန်းဆချက်တွေနဲ့ ပေါင်းစပ် အဖြေထုတ်ကြရတာပါပဲ။
မြောက်ကိုရီးယားက ကြွယ်ဝယူရေနီယမ် (Enriched uranium) အဆင့်မြှင့်တဲ့အခါ သုံးတဲ့ P1 centrifuge (မော်ဒယ်ဟောင်း)နဲ့ ၂ ဆခွဲလောက် စွမ်းဆောင်ရည် ပိုမြင့်တဲ့ P2 centrifuge (မော်ဒယ်သစ်) ၊ နည်းပညာ၊ အစိတ်အပိုင်းတွေကို ‘ဒေါက်တာခန်း’ မှောင်ခိုလုပ်ငန်းက ရရှိထားတယ်လို့ ဆိုကြပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက မြင်ခဲ့ရတဲ့ ကင်ဂျုံအွန်း သွားရောက်စစ်ဆေးတဲ့ နျူကလီယားပစ္စည်းစက်ရုံက Centrifuge ပုံသဏ္ဌာန်အရွယ်အစားဟာ ‘ဒေါက်တာခန်း’ထုတ်လုပ် ရောင်းချတဲ့ P2 centrifugeတွေနဲ့ ဆင်တူတယ်လို့ အကဲဖြတ်တွေက မှတ်ချက်ပေးကြပါတယ်။
အခုလို ကျယ်ပြန့်တဲ့ နျူကလီးယားပစ္စည်း ရောင်းဝယ်ဖောက်ကားတဲ့ မှောင်ခိုကွန်ရက်က နျူကလီယား အိပ်မက် မက်နေတဲ့ စစ်ခေါင်းဆောင်တွေကို စိတ်ဝင်တစား ရှိစေခဲ့မှာ သေချာပါတယ်။
ဒါဆိုရင် ၂၀၀၀ ပြည့်နှစ်တဝိုက်လောက်မှာ မြန်မာစစ်ခေါင်းဆောင်တွေဘက်က ပါကစ္စတန်နိုင်ငံနဲ့ နျူကလီးယား ဆက်ဆံရေးပြုလုပ်ချင်တယ်ဆိုတာက ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုရမှာပါ။ ဒီမှောင်ခိုကွန်ယက်ကို တနည်းနည်းနဲ့ ဆက်သွယ်ခဲ့မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ တိုက်ရိုက် နည်းပညာ လွှဲပြောင်းလက်ခံရရှိမှု ရှိခဲ့ဟန်တော့ မတူပါဘူး။ ၂၀၀၀ ပြည့်နှစ်များတဝိုက်က မြန်မာနိုင်ငံအနေနဲ့ စျေးကွက်စနည်းနာနေတဲ့ ကာလများလို့လည်း ပြောနိုင်ပါလိမ့်မယ်။
Institute for Science and International Security (ISIS) ရဲ့ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလထုတ် အစီရင်ခံစာမှာ ၂၀၀၂ ခုနှစ်တုန်းက အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တာဝန်ရှိသူတွေက ISIS ဘက်ကို ပြောကြားထားချက်ကို ဖော်ပြထားပါတယ်။ ၂၀၀၀ခုနှစ် စက်တင်ဘာလ အတွင်းက မြန်မာနိုင်ငံက IAEA ကို အဏုမြူ သုတေသန ဓာတ်ပေါင်းဖို ရရှိနိုင်ရေးအတွက် အကူအညီပေးဖို့ မေးမြန်းခဲ့ဖူးတယ် ဆိုပါတယ်။ ထိုအချိန်က မြန်မာ ဒုနိုင်ငံခြားရေးဝန်ကြီးဖြစ်သူကလည်း ဒီလို စုံစမ်းခဲ့ဖူးတာကို အတည်ပြုခဲ့တဲ့အကြောင်း CNN က ၂၀၀၀၂ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့က သတင်း တင်ပြခဲ့ပါတယ်။
IAEA ဘက်က မြန်မာနိုင်ငံဘက်က လိုက်နာဆောင်ရွက်ဖို့ လိုအပ်တာတွေကို ပြန်အသိပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ IAEA ကို ပြောဆိုခြင်းမရှိဘဲ ရုရှားနဲ့ 10 MW သုတေသန ဓါတ်ပေါင်းဖို တည်ဆောက်ဖို့ ကြိုးစားခဲ့သေးတယ်လို့ ISIS အစီရင်ခံစာက ဆိုပါတယ်။
ဒီအချက်ကိုထောက်ရင် မြန်မာစစ်ခေါင်းဆောင်တွေမှာ အနည်းဆုံး လွန်ခဲ့တဲ့ (၂၅) နှစ် ပတ်ဝန်းကျင်ကတည်းက နျူကလီးယား အာသီသ ကြီးမားစွာရှိနေခဲ့ပြီး၊ တစိုက်မတ်မတ် အကူအညီရနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေကြတာကို ရှင်းရှင်းလင်း လင်း တွေ့မြင်နိုင်ပါတယ်။ အခါအားလျော် စွာ ဆင်ခြေပေးလေ့ရှိတဲ့ ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ဆိုတာကတော့ ဘယ်လိုမှ မဟုတ်နိုင်မှန်း မြန်မာပြည်သူတွေ သိရှိနားလည်ထားကြပါတယ်။
(ဆက်လက်ဖော်ပြပါဦးမည်)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar