၂၀၂၅/၂၀၂၆ မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ လက်နက်ကိုင် ပဋိပက္ခ အရှိန်အဟုန်
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၈ မြင်ကွင်း
(မိုးမခ) ဇွန် ၂၉၊ ၂၀၂၅
၂၀၂၅/၂၀၂၆ မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ လက်နက်ကိုင် ပဋိပက္ခ အရှိန်အဟုန်
ရွေးကောက်ပွဲလို့ ဆိုခဲ့ရင် မြန်မာနိုင်ငံမှာ ပါလီမန်ဒီမိုကရေစီခေတ် ရွေးကောက်ပွဲတွေလည်း ရှိခဲ့ပြီး ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး နောက် အခြေခံဥပဒေအသစ်ရေးကာ ၁၉၇၄ ခုနှစ် မှာအတည်ပြုတဲ့ တပါတီစနစ်အောက်က ရွေးကောက်ပွဲတွေလည်း ရှိခဲ့ပါတယ်။ ၁၉၇၄ အခြေခံဥပဒေ အောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကိုတော့ ရွေးကောက်ပွဲမည်ကာမတ္တလို့ဆိုရမှာ ဖြစ်ပါတယ်။ တဖန် ၁၉၈၈ အရေးအခင်းပြီးနောက် ၁၉၉၀ မှာကျင်းပတဲ့ ပါတီစုံရွေးကောက်ပွဲ၊ အာဏာလွှဲအပ်ခြင်း မရှိဘဲ အခြေခံဥပဒေရေးဖို့ ညီလာခံကျင်းပဖို့ လမ်းကြောင်းပေါ် တွန်းတင်ခဲ့ပြီး ၂၀၀၈ ခုနှစ်ကျမှ အခြေခံဥပဒေ အသစ်ကို တဖန်အတည်ပြုခဲ့ပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲ ပြန်ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ စစ်အုပ်ချုပ်ရေးကနေ ၂၀၀၈ အခြေခံဥပဒေအရ ပေါ်လာတဲ့ လွှတ်တော်၊ ရွေးကောက်ခံ အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေးတွေက စစ်တပ်ကို အာဏာခွဲဝေပေးပြီး အုပ်ချုပ်တဲ့ စနစ်နဲ့ သွားဖို့ အစီအစဥ်မျှော်မှန်းမှုနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီအခင်းအကျင်းက ၂၀၁၀ က ရေတွက်ရင် ရွေးကောက်ပွဲ သက်တမ်း ၂ ကြိမ်သာ ခံပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ကာ စစ်ပြီးခေတ်၊ လွတ်လပ်ရေးရပြီးခေတ် မြန်မာ့သမိုင်းရဲ့ သမိုင်းတပတ်လည်မှု အဆိုးသံသရာထဲ ကျရောက်ခဲ့ပြန်ပါတယ်။
ခေတ်သစ်မြန်မာ့သမိုင်းမှာ ရွေးကောက်ပွဲတွေက သမိုင်းအလှည့်အပြောင်း အကွေ့တွေမှာ ရှိနေလေ့ရှိပေမယ့် ရွေးကောက်ပွဲ ကျင်းပတိုင်း နိုင်ငံရေးပြဿနာ ပြေလည်မှု ရရှိကြတာတော့မဟုတ်ပါဘူး။ ဒီမိုကရေစီ အသားမကျသေးတဲ့နိုင်ငံတွေမှာတော့ ရွေးကောက်ပွဲ အကြို၊ ပြီးကာစကာလတွေဟာ နိုင်ငံရေး မတည်ငြိမ်မှုကာလတွေအဖြစ် မှတ်ယူကြတာ ဖြစ်ပါတယ်။ အာဏာရထားတဲ့ အစိုးရ၊ စစ်တပ်တွေက ရွေးကောက်ပွဲ မတိုင်ခင်မှာ ရွေးကောက်ပွဲ ကျင်းပစဥ်မှာ အာဏာ အလွဲသုံးကာ ဖိနှိပ်တာ၊ မသမာမှုလုပ်တာ၊ တဖက်နဲ့ တဖက် အပြန်အလှန်တိုက်ခိုက်မှု၊ အမြင့်ဆုံး လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပွားလေ့ရှိတဲ့ ကာလဖြစ်လေ့ရှိပြီး ရွေးကောက်ပွဲပြီးကာစ ကာလတွေမှာလည်း ရလဒ်ကို မကျေနပ်တဲ့ အင်အားစုတွေက မရိုးမသားလုပ်လို့ ဖြစ်စေ၊ မလုပ်ပဲ အနိုင်ရသည် ဖြစ်စေ စစ်တပ်နဲ့ အာဏာသိမ်းတာ၊ လူထုအားနဲ့ ဆန့်ကျင်မှုတွေကနေ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လေ့ရှိတာ ဖြစ်ပါတယ်။
ဒါတွေက ရွေးကောက်ပွဲ ကြို၊ ပွဲကာလ၊ ပွဲကျင်းပပြီးကာလတွေရဲ့ လက္ခဏာရပ် အကျိုးဆက်၊ ဖြစ်လေ့ရှိတဲ့ ပုံစံခွက်တွေ ဖြစ်ပြီး မြန်မာနိုင်ငံကလည်း ၂၀၂၀ မှာ ရွေးကောက်ပွဲအပြီး ရလဒ်ကို မကျေနပ်တဲ့ စစ်တပ်က အာဏာသိမ်းတဲ့ဆီ ကျရောက်ခဲ့ပြီး နောက်တဆင့် ပြည်တွင်းစစ်မီး အရှိန်ညီးညီးတောက်လောင်တဲ့ အဆင့်ကို တက်လှမ်းရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ဖြစ်လေ့ရှိတဲ့ အခင်းအကျင်း၊ သာဓကတွေထဲက တခုလို့ ဆိုမယ်ဆိုဆိုနိုင်ပါတယ်။
အခုတဖန် ရွေးကောက်ပွဲ ပွိုင့်အမှတ်ကနေ စပြီးဖြစ်ပွားလာတဲ့ နိုင်ငံရေး အကြပ်အတည်း၊ လူ့အသက် ပိုင်ဆိုင်မှု အိုးအိမ် နိုင်ငံသယံဇာတ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေး အဖက်ဖက်ကို ပျက်စီးဆုံးရှုံးစေတဲ့ ပြည်တွင်းစစ်မီးထဲ ကျရောက်စေခဲ့တာ ဖြစ်ပါတယ်။
ဒီလို နိုင်ငံရေး အကြပ်အတည်းနဲ့ ပြည်တွင်းစစ်မီးတောက် ထဲက ထွက်ပေါက်က ရွေးကောက်ပွဲလို့ အချို့ မြန်မာ့နိုင်ငံရေးသမားတွေနဲ့ လူထုတွေက ရှုမြင်နေကြတာ ဖြစ်ပါတယ်။ မြေပေါ်နိုင်ငံရေးသမားလို့ဆိုတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာနေပြီး လှုပ်ရှားနေတဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားတွေက လက်နက်ကိုင် လမ်းစဥ်က ပြည်သူလူထုကို ပိုမို အခက်အခဲအကြပ်အတည်းနဲ့ ရင်ဆိုင်ရစေတာ ဖြစ်လို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် ရွေးကောက်ပွဲလမ်းကြောင်းကို မလွှဲမရှောင်သာ လျှောက်ရမယ်ဆိုတဲ့ အယူအဆကို လက်ခံကိုင်စွဲထားကြတာတွေ့ရမှာ ဖြစ်ပါတယ်။
၁၉၄၈ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက နှစ် ၈၀ နီးပါး သမိုင်းမှာ ရွေးကောက်ခံ အစိုးရ၊ ပြည်တွင်းစစ်၊ စစ်တပ်အာဏာသိမ်းမှု၊ တပါတီ အာဏာရှင်၊ စစ်အာဏာရှင် စတဲ့တလှည့်စီ သံသရာလည်နေတဲ့ သမိုင်းကြောင်းအရ နိုင်ငံရေး အယူဝါဒ အားမကောင်းတဲ့၊ ဖက်ဒရယ်၊ ဒီမိုကရေစီစနစ်ကို ပြည့်ပြည့်ဝဝ လက်မခံတဲ့ လက်နက်ကိုင် လမ်းစဥ်တွေက မြန်မာနိုင်ငံကို ငြိမ်းချမ်းတဲ့ နိုင်ငံတနိုင်ငံအဖြစ် တည်ဆောက်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ကောက်ချက်ကိုလည်း ထွက်ပေါ်စေပြီး စစ်ရေးတခုထည်း အားကိုးခြင်းဖြင့် နိုင်ငံရေး ပြဿနာတွေ ဆယ်စုနှစ်များစွာ အခြေတည်လာတဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ပြဿနာကို မပြေလည်စေနိုင်ဘူးလို့ ယူဆကြတာလည်း ဖြစ်ပါတယ်။
ဒါက လတ်တလော မြန်မာနိုင်ငံရဲ့ အကြပ်အတည်းနဲ့ ပတ်သက်လို့ အချို့သော မြေပေါ်နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားတွေ ကိုင်စွဲတဲ့အယူအဆဖြစ်ပြီး လက်နက်ကိုင် လမ်းစဥ်ကို ကိုင်စွဲကြတဲ့ တိုင်းရင်းသားနဲ့ ဗမာ လက်နက်ကိုင် အဖွဲ့တွေကတော့ အာဏာသိမ်းတဲ့ စစ်တပ်က ကျင်းပပေးမယ့် ရွေးကောက်ပွဲကို အယုံအကြည် မရှိဘူးလို့ မှတ်ယူထားပြီး အချို့သော လက်နက်ကိုင် အဖွဲ့တွေကတော့ ရွေးကောက်ပွဲကို မကျင်းပနိုင်အောင် တားဆီးရမယ်၊ ဖျက်ဆီးရမယ်ဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ၂၀၂၄ ခုနှစ်မှာ ရွေးကောက်ပွဲအတွက်မဲစာရင်းပြုစုဖို့ ဆိုပြီး သန်းခေါင်စာရင်း စတင်ကောက်ယူစဥ် ကာလကတည်းက နယ်တွေ မြို့တွေမှာ သန်းခေါင်းစာရင်းကောက်ယူတဲ့ အရပ်ဖက်ဝန်ထမ်း အချို့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့တာပါ။ အခု လာမယ့် နှစ်ကုန်မှာ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာလည်း အလားတူ ဖြစ်ရပ်တွေ ပေါ်ပေါက်လာနိုင်ခြေ ရှိနေတာ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ဗမာလူမျိုး အခြေပြုဖွဲ့စည်းတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ကျေးရွာအဆင့် မြို့နယ်အဆင့် သီးခြားစီရပ်တည်ကြတဲ့ PDF လက်နက်ကိုင် အဖွဲ့အစည်းတွေ အမျိုးအစား အများအပြားရှိနေကြတာကြောင့် ဘယ်အဖွဲ့တွေက ဘယ်လို သဘောထား ရပ်တည်သလဲဆိုတာ တိတိပပ သိဖို့ မလွယ်ကူလှပါဘူး။
အချို့သောတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ လူမျိုးစုနိုင်ငံရေး အမျိုးသားရေးဝါဒဘက် ပိုယိမ်းတဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ မြေပေါ် နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တူညီတဲ့ ရည်မှန်းချက် တခု ထားရှိပြီး နောက်ကွယ်က ဆက်ဆံရေးတွေလည်း ရှိကောင်း ရှိနေနိုင်ပါတယ်။
လာမယ့် ၂၀၂၅ အကုန် ၂၀၂၆ အစမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို အဖြေရှာနိုင်မယ့် လမ်းစလား သို့မဟုတ် လက်နက်ကိုင် တိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုမို အရှိန်မြင့်စေမယ့် နိုင်ငံရေး ဖြစ်ရပ်တခုလားဆိုတာ အခုချိန်မှာ မေးခွန်းတွေအဖြစ် ရှိနေပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar