Breaking News

မောင်လွင်မွန် (ကသာ) - အမေ သို့မဟုတ် အားလုံးရဲ့ထာဝရလမင်း

Image- Credit
 
အမေ သို့မဟုတ် အားလုံးရဲ့ထာဝရလမင်း
မောင်လွင်မွန် (ကသာ)
(မိုးမခ) ဇွန် ၁၅၊ ၂၀၂၅ 

အမေ ...
တွေဝေခြင်း မောဟအမှောင်
သရဲဘောကြောင်ခြင်း  “အမိုက်အမဲ”
မပြောရဲ မဆိုရဲ မငြင်းရဲ
ငုံ့ခံကြရစမြဲ အမိုက်တိုက်
အလိုက်အထိုက် ညနေရီ နဲ့
ပလီစိခြောက်ချက် …
အတ္တဖက် အနှောင်ကျ အမှောင်ညတွေကနေ
သန်းခေါင်ကျတာဟိုဖက်
ညတွေပိုပိုနက်ပြီး
အမှောင်ရက် အမှောင်လ အမှောင်နှစ် …
အမှောင်ခေတ် အဆက်ဆက်ထဲ
ပက်လက်ရော မှောက်ခုံ ပါ 
ရေစုံမျောပါ မရုန်းသာသူတွေတွေအတွက်..

ရှင်းမြ.. ဝင်းပ..တဲ့
အလင်းတစ်စ အဖြစ်
အမေ့ဘ၀တစ်ခုလုံး
မီးစာလိုသုံးပြီး
လောကအလုံးကို ဖြန့်ကျက်
အလင်းရက်.. အလင်းလ..
အလင်းနှစ်ကာလတွေ.. သွန်းကြဲ
အလင်းအောင်ပွဲတွေအလီလီ ဆက်ခဲ့ပါပြီ အမေ.. ။

အမှောင်သွန်းကျတဲ့
သန်းခေါင်စွန်းညမှာ
ထွန်းပအလှနဲ့
 ရွှန်းမြမြ လမင်းကြီးဟာ
နီးသူအတွက်လည်း 
မခွဲမခွာ 
အမြဲသာ
ဝေးသူအတွက်လည်း 
မလွှဲမကွာ အမြဲသာ တဲ့အခင်းမှာ
‘မျှော်ကာလွမ်းရဲ့’ … 
ဆိုချင်တဲ့သူသို့လည်း.. လင်း
‘ပေါ်မလာစမ်းနဲ့’ … 
ငြိုငြင်မယ့်သူအဖို့လည်း.. လင်းနဲ့
သြကာလလောကကြီးအတွင်း
ချစ်ခြင်းမုန်းခြင်းနဲ့
အလင်းကို မျက်နှာလိုက် မခွဲခြား
တစ်သားတည်း 
တခြားမခွဲ
အညီအမျှ ဝေမျှစမြဲ မဟုတ်လားအမေ ။

ဒါပေမဲ့.. လည်း
မြို့မငြိမ်းရဲ့ သီချင်းတစ်ပိုဒ်..လို
မှောင်မိုက်မိုက်.. ချောင်ကြိုက်ကြသူတွေက
‘ လ’ ရောင်ကိုသိပ်မုန်း တိမ်တွေရယ်ဖုံးပါ.. တဲ့
ပုန်းချင်.. ခိုချင်၊ 
ဖုံးချင်.. လျှိုချင်.. သူတွေက
လရောင်မြင် ငြိုငြင်ကြမှာ
ဓမ္မတာပေမယ့်
မပုန်းသာ မဖုံးသာတဲ့တစ်နေ့
လရောင်ထဲ အတူတူတွေ့
(အလင်းဘဝမှာ) ပျော်မွေ့ကြရမှာပါ အမေ။

အမေ့လရောင်ဟာ
တောရွာ မြို့အနှံ့
မြေပြန့် တောင်ပေါ်နဲ့
ရွှေနန်းတော်နဲ့ တဲကုတ်ပေါ်က
လူတော် လူညံ့  လူသန့် လူညစ်
လူသစ် လူဟောင်း
လူကောင်း လူဆိုး
လူရိုး လူဆန်း 
လူကြမ်းနဲ့ မင်းသား
ဘယ်လို လူစားမဆို
မပိုမလျော့တဲ့ ချစ်ခြင်းနဲ့
အလင်းတွေ ဝေစမြဲ မဟုတ်လား အမေ။

အမေ့လရောင်ဟာ
အနောက်ကမ္ဘာနဲ့ အာရှ အာဖရိက တလွှား
၀င်ရိုးစွန်း မြောက်ဖျားက တောင်ဖျား
လူမည်းလား လူဖြူလား
လူညိုလား လူဝါလား
လူရိုင်းလား လူယဉ်ကျေးလား
ရဲရဲတောက်လူလား.. ပန်းရောင်လူလား..
“နီ” ချင်သူလား.. “စိမ်း”ချင်သူလား..
စားစရာမရှိသူလား 
ထားစရာမရှိသူလား
ဆာရီ၀တ်လား ကီမိုနိုဝတ်လား
ဂါဝန်ဝတ်လား ထမီဝတ်လား
ပုဆိုးဝတ်လား ဘောင်းဘီဝတ်လား
ဒါမှမဟုတ် ခေါင်းပေါင်းတိုက်ပုံနဲ့ တောင်ရှည်ဝတ်လား
ခွဲခြားမှုလုံးဝမရှိ
ပကတိစိတ်ရင်းနဲ့
အလင်းဖြန့်ဝေပေးနေစမြဲ မဟုတ်လား အမေ။

အမေ့လရောင်ဟာ
သွန်းကာ ကြဲရာ မြေကမ္ဘာက 
မျှော်နေရှာ ‘လူ’ များစုတို့
ယုယ မြတ်နိုး
တန်ဖိုးထားလက်ခံ
ပြန်လှန်ချစ်ခြင်း မေတ္တာတုံ့လှယ်နှင်းတော့
အရောင်ရှိန် နှစ်ဆပြင်း
ပိုလင်းလာပါတယ် အမေ။

အမေ့လရောင်ဟာ
ဖုံးကွယ်အုပ်မိုးထား.. 
တိမ်ညိုများရဲ့ အနားကွပ်ကိုတောင် ထွန်းပ
ပတ္တမြားဂူကို ပွတ်ချင်ရှာ.. ဝက်သတ္တဝါတွေကြောင့် ပို စူးရှ
အမေ့ကို ဝိုင်းရံထား ကြယ်ကလေးများကြောင့် ပိုတောက်ပပြီး
လောကအနှံ့ဆီ ချင်းနင်း
အမှောင်ထုကိုခွင်း
အရောင်ထုတွေ ပို.. ပို.. လင်းလာပါတယ်အမေ။

အမေ့ရဲ့ ဂုဏ်ရှိန်ပြင်း
ဒီလရောင်အလင်းအောက်
အလင်းနို့သောက် ရေးတဲ့ဒီကဗျာ
အမေ့မေတ္တာအရောင်ဟပ်ပြီး
လရောင်ဓာတ်တို့ နှင်းဆက်..
လင်းလက်လှပနေမယ်ဆိုရင်-

အမေ့နားက ကြယ်လေးတစ်ပွင့်
ဖြစ်ခွင့်ကမကြုံ
ကံမဆုံရတောင်
လရောင်ချစ်သူဘဝနဲ့
မဝေးလှတဲ့ တစ်နေရာကနေ
(လရောင်ထဲက ကဗျာဆရာဘဝနဲ့)
အားရကျေနပ်နေမှာပါ… အမေ။        ။

(အမေ့ရဲ့ ၆၈ နှစ်ပြည့်မွေးနေ့မှာရေးခဲ့ပြီး တခါမှ ပုံနှိပ်ဖော်ပြခြင်းမရှိသေးတဲ့ကဗျာကလေးကို 
၈၀ နှစ်ပြည့်မွေးနေ့မှာ အမှတ်တရ ပြန်တင်ပြလိုက်ပါတယ်)
-
 
 Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar