နေသွင်ညိဏ်း - အာဏာကျဆုံးရခြင်း နိမိတ်ကြီး ၃ ပါး
အာဏာကျဆုံးရခြင်း နိမိတ်ကြီး ၃ ပါး
နေသွင်ညိဏ်း
(မိုးမခ) ဇွန် ၁၅၊ ၂၀၂၅
အစ္စရေးက ပါမောက္ခ Gadi Wolfsfeld ပြောတဲ့မီဒီယာနဲ့ နိုင်ငံရေး စက်ဝန်းအယူအဆရှိတယ်။ နိုင်ငံရေးဆက်ဆံမှုဗေဒမှာတော့ သူက ဆရာတဆူလို့ ပြောလို့ရပါမယ်။ ၂၀၂၂ က ပြန်ထုတ်တဲ့ သူ့စာအုပ်မှာ အာဏာဟာ ဘယ်လိုကျဆုံးတတ်သလဲဆိုတာကို ရေးထားတယ်။
Political Communication အထူးပြုလေ့လာသူဖြစ်တော့ မီဒီယာဘက်ကနေ ချဉ်းကပ်တင်ပြထားပါတယ်။
ပါမောက္ခ Wolfsfeld အလိုအရ အာဏာရှိရင် မီဒီယာမှာလည်း အားသာချက်ရှိတယ်။ အကြောင်းကတော့ အစိုးရဆိုတာ လူထုရေးရာပေါ်လစီကိုကိုင်ထားရုံမက၊ စစ်ကြေညာနိုင်တဲ့ပါဝါမျိုး ရှိတာကြောင့်လို့ ဆိုတယ်။ ဒါကြောင့် မီဒီယာတွေက သူ့နောက်လိုက်ကြရပြီး၊ အာဏာမရှိတဲ့နိုင်ငံရေး သမားတွေကျတော့ မီဒီယာနောက်ကို ပြန်လိုက်ရတယ်လို့ ဆိုတယ်။ အာဏာရှိရင် မီဒီယာမှာလည်း မျက်နှာပန်းလှတတ်တာ သဘာဝ။ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာ မီဒီယာဟာ အစိုးရကို စောင့်ကြည့်ဝေဖန်တယ် ဆိုသည့်တိုင်အောင် အာဏာရဲ့ သဘာဝက မီဒီယာမှာလည်း အားသာနေတတ်တယ်လို့ ဆိုလိုတာပါ။
ဒါပေမယ့် ဒါက အမြဲတမ်းမဟုတ်ပါဘူး။ အခြေအနေ ၃ ရပ်မှာ အစိုးရဟာ မီဒီယာမှာ အခြေမလှဘဲ အာဏာလက်လွှတ်ရတာ ကြုံရတတ်တယ်လို့ ဆိုတယ်။
၁။ နိုင်ငံရေး၊ စစ်ရေး ကိစ္စတခုကို ကောင်းကောင်း မထိန်းနိုင်ရင်...
၂။ သတင်းအချက်အလက်ကို မထိန်းနိုင်ရင်...
၃။ နိုင်ငံရေးအရ ညီညွတ်မှုကို ထိန်းမထားနိုင်ရင် ...
ဒါနဲ့ပတ်သက်လို့ သူက အမေရိကန်အစိုးရရဲ့ဗီယက်နမ်စစ်နဲ့ အီရတ်စစ်ကို နမူနာပေးပါတယ်။ စစ်ကြီး နှစ်ခုစလုံးမှာ ပထမစစ်က စစ်အေးခေတ် ကွန်မြူနစ်ဆန့်ကျင်ရေး၊ ဒုတိယက အကြမ်း ဖက်မှုဆန့်ကျင်ရေးဆိုတဲ့ခေါင်းစဉ်တွေအောက်မှာ တိုက်ခဲ့တဲ့စစ်တွေပါ။ အစပိုင်းမှာ အမျိုးသား အကျိုး စီးပွါးခေါင်းစဉ်အောက်မှာ နှစ်ပါတီအများအားဖြင့်ညီညွတ်ခဲ့ကြပြီး အချိန်ကြာလာတဲ့အခါ စစ်မြေပြင်မှာ အမေရိကန်တွေ အရေးမလှတာနဲ့အမျှ အတိုက်အခံတွေဆီက စစ်ဆန့်ကျင်ရေးအသံထွက်လာသလို၊ မီဒီယာတွေကလည်း စစ်ဆန့်ကျင်ရေးဖော်ပြတာတွေ အရှိန်ရလာပုံကို နမူနာပေးပါတယ်။
စစ်မနိုင်တာက ပထမကျဆုံးမှု၊ အတိုက်အခံနဲ့မီဒီယာကို မထိန်းနိုင်တော့တာက ဒုတိယနဲ့ တတိယကျဆုံးမှု ဖြစ်ပါတယ်။ ဒီအခြေအနေရောက်လာရင် အာဏာရအစိုးရဟာ အဆိုးသံသရာထဲကျဆင်းသွားရပြီး မီဒီယာမှာ အသာစီးအနေအထားကနေ ခံစစ်အနေအထားကို ကျဆင်းသွားရတယ်လို့ ဆိုပါတယ်။
စစ်ပွဲထဲမှာ မတရားမှုတွေ၊ အရပ်သားသေဆုံးတာတွေ၊ စာသင်ကျောင်းတွေကို ဗုံးကျဲတာ၊ အမျိုး သမီးတွေအပေါ် မတရားပြုကျင့်တာမျိုးတွေဟာလည်း ဒီဂျစ်တယ်မီဒီယာခေတ်၊ ဆိုရှယ်မီဒီယာခေတ်မှာ မဖုံးနိုင်မဖိနိုင်ဖြစ်ဖို့ များပါတယ်။ ဒါဆိုရင်လည်း အချက် ၃ ချက်ထဲက နံပါတ် ၂ နဲ့ ငြိပါတယ်။ ဒါကို ဝေဖန် ထောက်ပြဖို့စောင့်နေတဲ့ မီဒီယာတွေ၊ အခွင့်အရေးအဖွဲ့တွေ၊ အစိုးရတွေရှိနေလို့ ဒီလိုဖြစ်လာရင် မီဒီယာမှာ အသာစီးရဖို့ မဖြစ်နိုင်ပါဘူး။
အချက် ၃ ချက်ဟာ အခြေအနေ၊ အချိန်အခါအရလည်း ပြောင်းနိုင်ပါတယ်။ သူပေးတဲ့ ဥပမာအရ ဗီယက်နမ်စစ်နဲ့ အီရတ်စစ်မှာ အတိုက်အခံနဲ့ ပြည်သူတွေဟာ အချိန်ကြာလာတာနဲ့အမျှ အနိဋ္ဌာရုံတွေကို စိတ်ကုန်လာရာက အစိုးရအပေါ် ဖိအားပေးကြရာကနေ မီဒီယာတွေကပါ ဆွမ်းကြီးဝိုင်းလောင်းကြပုံကို ရေးထားပါတယ်။
နိုင်ငံရေးစုဖွဲ့မှုကို ပါမောက္ခ Wolfsfeld က Political Environment လို့ သုံးပါတယ်။ စစ်ပွဲအစမှာ နိုင်ငံရေးစုဖွဲမှုအရ တစုတစည်းတည်းရှိတတ်ပေမယ့် အချိန်ကြာလာရင် အတွင်းစည်းက ဒါမှမဟုတ် အတိုက်အခံထဲက တယောက်တလေက ထဖောက်ပြီး ညီညွတ်မှုပြိုကွဲတတ်တာ၊ ဒီလို လူတချို့ဆီက ဆန့်ကျင်ဘက်အသံထွက်လာရင် မီဒီယာတွေက ဒါကို ပဲ့တင်ပြီး တစစနဲ့ အားကောင်းလာကာ၊ ပြည်သူအပေါ် သက်ရောက်တတ်ပုံတွေကို တင်ပြထားပါတယ်။
ပါမောက္ခ Wolfsfeld က အမေရိကန်က တိုက်ခဲ့တဲ့ ပြည်ပစစ်ပွဲ ၂ ပွဲကနေ သူ့ကောက်ချက်ကို ဆွဲထားပေမယ့် လက်ရှိမြန်မာပြည် နိုင်ငံရေးအပေါ် တင်ကြည့်တဲ့ အခါမှာလည်း စဉ်းစားစရာ တချို့ရနိုင်လိမ့်မယ်ထင်ပါတယ်။
နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar