Breaking News

လေးလေး - ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ပျော်တော်ဆက် ပုံပြင်

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ပျော်တော်ဆက် ပုံပြင်

လေးလေး

 မိုးမခ ၊ ဇွန် ၁၇ ၊ ၂၀၂၅

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နီးလာတော့ မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေ တခုပြီးတခု ခပ်စိတ်စိတ်လေး လုပ်လာကြတာတွေ့ရတယ်။ အသက် ၈၀ ဆိုတာ ရှားပါးလူကြီးစာရင်းဝင်၊ ဒီမှာမှ အန်တီက ထူးချွန်ထင်ရှားသူ၊ အဖေလိုပဲ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့သူ၊ တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရတုန်းရခိုက် မေတ္တာနဲ့ အုပ်ချုပ်သွားသူ၊ဒီ နေရာမှာ အန်တီ့မွေးနေ့အမှတ်တရ အန်တီ ပြောခဲ့တဲ့ စကားရပ်တချို့ ပြန်ပြောင်းအောက်မေ့တသ ပြောပြချင်ပါတယ်။

မွေးနေ့ဆိုတာနဲ့ ပတ်သက်လို့ ဆုတောင်းကြတာတွေနဲ့ သက်ဆိုင်လို့ အန်တီ့မွေးနေ့ ၆၈ နှစ်ပြည့်တုန်းက ပြောခဲ့တာပါ။ မိုးပေါက်တိုင်းကို မသိနိုင်ပေမယ့် မိုးပေါက်များအားနဲ့ စိမ်းလန်းစိုပြည်ပါသတဲ့…။

”ကျမကို မွေးနေ့ဆုတောင်းတွေ၊ မွေးနေ့လက်ဆောင်တွေ ပို့သသူများထဲမှာ မိမိတို့မေတ္တာ စေတနာနဲ့ပို့သတာ တွေကို ကျမ သိမှသိပါလေစလို့ စဉ်းစားတာ ရှိပါလိမ့်မယ်။ အမှန်ပြောရရင် အမည်တိုင်း အမည်တိုင်းကို ကျမ မသိပါဘူး။ ဒါပေမဲ့ ပို့သတဲ့မေတ္တာတွေကိုတော့ အနည်းလေးမှ မကျန် ခံစားရပါတယ်။ ဒါဟာ ကျမရဲ့ယုံကြည်ချက်ပါပဲ။ မေတ္တာနဲ့ ပေးတဲ့ဆုတိုင်းဟာ ထိရောက်ပါတယ်။ ကောင်းကင်က ကျလာတဲ့ မိုးပေါက်တိုင်းကို မသိနိုင်ပေမယ့် ဒီမိုးပေါက်များရဲ့ စုပေါင်းအားနဲ့ ကမ္ဘာမြေကြီး စိမ်းလန်းစိုပြည်သလိုပါပဲ။ များပြားလှသော မေတ္တာ၊ စေတနာရှင်များရဲ့ အားနဲ့ ရှင်သန်နေတယ်လို့ ပြောရင် မမှားပါဘူး။’

အန်တီ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အလုပ်အကိုင် နေရာမှာ နိုင်ငံရေးသမား”လို့ ဖြည့်ခဲ့ပေမယ့် တကယ်တော့ သူ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့တာ ဒီအလုပ် မဟုတ်ပါဘူး။ ခရီးသွားသေတ္တာနှစ်လုံးထက်မပိုတဲ့ အဓိကကျတဲ့ ပစ္စည်းတွေ၊ ခရီးသွားဖို့အတွက် လုံလောက်တဲ့ ငွေပမာဏနဲ့ အပူအပင်ကင်းကင်း၊ ခရီးတွေ လျှောက်သွားချင်သူပါ။ ကျယ်ပြောလှတဲ့ ကမ္ဘာအနှံ့ ခြေဆန့်ချင်သူပါ။

နိုင်ငံရေးလောကထဲ မထင်မှတ်ဘဲ ရောက်သွားပြီး နိုင်ငံရေးသမား ဖြစ်တော့လည်း နိုင်ငံရေးလောကမှာ အာဏာရ လိုသူတွေဟာ အင်မတန်အန္တရာယ်ကြီးသူတွေလို့ သုံးသပ်ပြောကြားခဲ့ဖူးတယ်။ အာဏာဆိုတာ ဘာလဲ၊ လက်တွေ့ ကျကျပြောရမယ်ဆိုရင် ကိုယ့်ရဲ့အလိုဆန္ဒကို သက်ရောက်မှု ရှိနိုင်စေခြင်းပါပဲ။ ရာထူးအင်အားကြောင့်ပဲဖြစ်ဖြစ်၊ ဓနအင်အားကြောင့်ပဲဖြစ်ဖြစ်၊မိမိရဲ့ပတ်ဝန်းကျင်အပေါ် မိမိဆန္ဒအလျောက် လွှမ်းမိုးနိုင်ခြင်းဟာ အာဏာပါပဲ။ တခြားသူများရဲ့ ဘဝကို ချုပ်ကိုင်နိုင်စွမ်းရှိခြင်းပါပဲ။ အာဏာရှင်တဦးဟာ ဘဝပေါင်းများစွာကို လွှမ်းမိုးချုပ်ကိုင်ပြီး လူသားပေါင်းများစွာရဲ့ ချမ်းသာမှုကို ဖျက်ဆီးနိုင်ပါတယ်။ မိမိကိုယ်တိုင်က ချမ်းသာဒဏ် မခံနိုင်တဲ့ လူညံ့ဖြစ်နေတာကိုတော့ သတိမပြုမိပါဘူး။ အများကောင်းကျိုးအတွက် လုပ်ဆောင်ရမယ့် တာဝန်ကို မိမိစိတ်ဆန္ဒအရ သုံးစွဲရမယ့် အခွင့်အရေးလို့ အထင်လွဲမှုက စတဲ့ ပျက်စီးမှုပါပဲ။”

အန်တီ ကြိုပြောခဲ့သလို အာဏာရူးတသိုက်ကြောင့်  အခုတော့ တိုင်းပြည်လည်း ကသောင်းကနင်းတွေဖြစ်ပြီးပြိုပျက်လု အခြေအနေပါ။ တနေ့က လူငယ်တယောက် အလွန်အကျွံ ရေးသလို တတိုင်းပြည်လုံး ဒုက္ခသည်ဖြစ်နေတဲ့ ကမ္ဘာပေါ်က တခုတည်းသော တိုင်းပြည်။ အန်တီက ကိုယ်နဲ့မတန်တာ မမှန်းဖို့ ပုံပြင်တပုဒ် ပြောပြခဲ့ပါသေးတယ်။

ဇာတ်လမ်းက ဒီလှိုင်းဂျာနယ်ထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်တို့ တိုင်ပင်ဆွေးနွေးရာက အစပြုတယ်။ ဆရာက ဒီမိုကရေစီလှိုင်းလုံးကြီး အင်အားနဲ့ ရောင်ပြန်ဟပ်မှု ကိုယ်စားပြုပြီး" ဒီလှိုင်း" ဂျာနယ် နာမည်ပေးတယ်။ ပြီးတော့ ဂျာနယ်မှာ ဘယ်လိုစာတွေ ထည့်မယ်၊ ဘယ်အခန်းတွေ ပါမယ် စသဖြင့် ဆွေးနွေးပြောဆိုနေတာကိုကြည့်ပြီး၊ အန်တီက သတင်းစာသမား ပီသပါပေ့လို့ တွေးမိတယ်။

 ပြီးတော့ သူ ဖတ်ဖူးတဲ့အရှေ့အလယ်ပိုင်းက ပုံပြင်တပုဒ် ပြောပြတယ်။ တခါက ဘုရင့်ထံပါး အမြဲခစားရတဲ့ ပျော်တော်ဆက်တယောက်က သူ ဘုရင်နား နေနေတာကြာပြီး ဘုရင်နဲ့နန်းရင်းဝန်တို့ ပြောဆိုဆွေးနွေးနေကြတာ ကြားကြားနေတယ်။

သူ့စိတ်ထဲ သူလည်း နန်းရင်းဝန်လုပ်လို့ ဖြစ်နိုင်တာပဲ အမြင်ရောက်ပြီး ဘုရင့်ကို လျှောက်တယ်။ ဘုရင်က နန်းရင်းဝန်လုပ်ချင်တဲ့ ပျော်တော်ဆက်ကို သံတမန်တဖွဲ့လာတော့ လွှတ်လိုက်တယ်။ " ကဲ- သွားချေ၊ အဲဒီ သံအဖွဲ့ကို ကြိုဆိုနေရာချထားစေ"။

ပျော်တော်ဆက်က ပျော်ပြီး ထွက်သွားတယ်။

နန်းတော်ထဲ ပြန်ရောက်တော့ သူ သံအဖွဲ့ကို နေရာချထားပေးခဲ့ပြီလို့ လျှောက်တယ်။ ဘုရင်က သံအဖွဲ့မှာ ဘယ်နှယောက် ပါသလဲ၊ ဘယ်သူတွေ ပါသလဲ မေးတယ်။ ပျော်တော်ဆက်က သွားစုံစမ်းလိုက်ဦးမယ် ဆိုပြီး ထွက်သွားတယ်။ ပြန်လာတော့ ဘယ်ရာထူးတွေနဲ့ ဘယ်နှယောက်ပါလို့ လျှောက်တယ်။ 

ဘုရင်က သူတို့က ဘာတွေလုပ်ချင်ကြလဲ၊ တိုင်းပြည်ထဲ ဘယ်နေရာတွေကို သွားချင်ကြတာလဲ၊ မေးတော့ စုံစမ်းလိုက်ပါဦးမယ်ဆိုပြီး ထွက်သွားပြန်ရော။ 

ပြန်လာတော့ ဘာတွေ လုပ်ချင်တယ်၊ ဘယ်နေရာတွေ သွားချင်တယ်၊ ဘုရင့်ထံ အခစားလည်း ဝင်ချင်တယ်လို့ ပြောပါတယ်ပေါ့။ ဘာတွေ ဆွေးနွေးချင်လို့ အခစားဝင်လိုတာတုံးလို့ ဘုရင်ကမေးတော့ သွားစုံစမ်းလိုက်ပါဦးမယ်ဆိုပြီး ထွက်သွားပြန်တယ်။

 ဒီလိုနဲ့နောက်ရက်အနည်းငယ်ကြာတော့ နောက်သံတဖွဲ့ ရောက်လာပြန်တယ်။ ဘုရင်က အနားရှိတဲ့ နန်းရင်းဝန် ကို သံအဖွဲ့ကို ကြိုဆိုနေရာချပေးဖို့ အမိန့်ပေးလိုက်တယ်။ နန်းရင်းဝန်ပြန်လာတော့ သံအဖွဲ့အခြေအနေ၊ အရွယ်အစားနဲ့ ကိုက်ညီတဲ့ နေရာထိုင်ခင်းတွေ ချမှတ်ပေးခဲ့ပြီ၊ သံအဖွဲ့ သွားချင်လာချင်၊ လုပ်ချင်ကိုင်ချင်တာတွေလည်း စီစဉ်ပေးခဲ့ပြီ। 

ဘုရင့်ထံ အခစားဝင်လိုတဲ့အကြောင်း၊ လျှောက်တက်လိုတဲ့ ကိစ္စရပ်က ဘာ၊ အခစားဝင်ဖို့ ဘယ်နေ့ဘယ်အချိန် လာဖို့ သဘောတူခဲ့ပြီဆိုပြီး ပြည့်ပြည့်စုံစုံ လျှောက်တယ်။ နန်းရင်းဝန် လျှောက်တင်ပြီးတော့ ဘုရင်က ပျော်တော်ဆက်ဘက်လှည့်ပြီး -

ကဲ- နန်းရင်းဝန်က နန်းရင်းဝန်ဖြစ်ပြီး မောင်ရင်က ဘာလို့ ပျော်တော်ဆက်ဖြစ်ရသလဲ၊ နားလည်ပြီးလား" လို့ ပြောလိုက်တယ်။

လူဆိုတာ ကိုယ့်အရည်အချင်းကိုယ် သိရတယ်လို့ ပုံပြင်က သတင်းစကားပါးတာ ဖြစ်သလို သူ့နယ်ပယ်နဲ့သူ ကျွမ်းကျင်ရာလိမ္မာရာလို့လည်း ညွှန်းဆိုလိုပုံရတယ်။ အရည်အချင်းမရှိဘဲ သမ္မတ လုပ်ချင်တော့ နောက်ဆုံး ဝရမ်းပြေးဘဝ ရောက်ရသလိုပေါ့။ ငပေါင်ကု...။

ကျနော်တို့ငယ်ငယ်က ကြားဖူးတဲ့ ရှင်ဘုရင့်ယောက်ဖ ခွေးမွေးတာ သွားကြည့်ခိုင်းတဲ့ ပုံပြင်နဲ့ ခပ်ဆင်ဆင်ပါ၊ ပုံပြင်တွေကတော့ ဒီလိုပါပဲ။လက်ဆင့်ကမ်းပြောကြ၊ ရေးကြရင်း အသွင်ပြောင်းသွားတတ်ကြတဲ့သဘော တွေ့ ရတယ်။ နောက်ဆုံးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ပခုက္ကူဆရာတော် မိန့်ကြားခဲ့တဲ့ ဩဝါဒကို လက်ဆင့်ကမ်းလိုတယ်။ အန်တီက နိုင်ငံရေးသမားများအတွက် မှတ်သားစရာပါလို့ ဆိုခဲ့တယ်။

“ခြောက်တိုင်းလည်း မကြောက်နဲ့၊ မကြောက်ဘဲလည်း မနေနဲ့”

“မြှောက်တိုင်းလည်း မမြောက်နဲ့၊ မမြောက်ဘဲလည်း မနေနဲ့”

“ချော့တိုင်းလည်း မပျော့နဲ့၊ မပျော့ဘဲလည်း မနေနဲ့”

ခြောက်တိုင်းလည်း မကြောက်နဲ့ ဆိုတာကတော့ ရှင်းပါတယ်။ မကြောက်ဘဲလည်း မနေနဲ့ဆိုတာကတော့ ဆင်ခြင်တုံတရားရှိဖို့၊ အခြေအနေကို ချင့်ချိန်ပြီး သတိရှိဖို့ကို ဆိုလိုတာပါ။

မြှောက်တိုင်း မမြောက်နဲ့ ဆိုတာလည်း ရှင်းပါတယ်။ မမြောက်ဘဲလည်း မနေနဲ့ဆိုတာက ပတ်ဝန်းကျင်ရဲ့ အထင်ကြီးမှုခံရတဲ့အခါမှာ ကိုယ့်ရဲ့တန်ဖိုးကို ပိုပြီး အလေးထားထိန်းသိမ်းရမယ်ဆိုတဲ့ သဘောပါ။

ချော့တိုင်းလည်း မပျော့နဲ့ ဆိုတာလည်း ထွေထွေထူးထူး ရှင်းပြနေစရာမလိုပါဘူး။ မပျော့ဘဲလည်း မနေနဲ့ဆိုတဲ့ သဘောကတော့ တဘက်က ပြေလည်လိုသောအားဖြင့် ပျော့ပျောင်းလိုသောအားဖြင့်၊ခင်မင်သော အားဖြင့်၊ ညှာ တာသောအားဖြင့် ချော့ခဲ့ရင် ကိုယ့်ဘက်ကလည်း ပျော့ပျောင်းခြင်း၊ပြေလည်စေခြင်းတို့နဲ့တုံ့ပြန်သင့်တာကို ဆိုလို ပါတယ်။”

အန်တီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် အသက် ၈၀ ပြည့်မွေးနေ့အတွက် ကျနော်လည်း မွေးနေ့ဆုတောင်းပေးချင်ပါတယ်။ 

အန်တီ-ကျန်းမာပါစေ”။





Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar