Breaking News

အငြိမ်းစား ဗိုလ်မှူးချုပ်ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကွန်ရက်အဖွဲ့ဝင်တွေ ဖမ်းဆီးခံရကြောင်း စစ်ကောင်စီ ထုတ်ပြန်

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၆ မြင်ကွင်း

(မိုးမခ) ဇွန် ၆၊ ၂၀၂၅


အငြိမ်းစား ဗိုလ်မှူးချုပ်ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကွန်ရက်အဖွဲ့ဝင်တွေ ဖမ်းဆီးခံရကြောင်း စစ်ကောင်စီ ထုတ်ပြန်

ပြီးခဲ့တဲ့ မေလနှောင်းပိုင်းမှာ အငြိမ်းစားဗိုလ်မှူးချုပ်၊ သံအမတ်ဟောင်း ဖြစ်သူ ဦးချိုထွန်းအောင်ကို ရန်ကုန်မြို့ က ၄င်းရဲ့ နေအိမ်ရှေ့မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ သူတချို့နဲ့ ၄င်းတို့ရဲ့ မိသားစုဝင်၊ ပါဝင်ကူညီသူတွေကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်လိုက်ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်းကို သေနတ်နဲ့ ပစ်ခတ် လုပ်ကြံသူ ၂ ဦးအနက် ၁ ဦးကို ဖမ်းဆီးရမိထားပြီး ၄င်းရဲ့ မိသားစုဝင်၊ အခြားလွတ်မြောက်နေသူ တဦးရဲ့ မိသားစုဝင်တွေနဲ့ ပစ်ခတ်မှုမှာ စောင့်ကြည့်ပေးသူ၊ ပစ်ခတ်မှုအပြီး ထွက်ပြေးတိမ်းရှောင်ဖို့ အကူအညီပေးသူနဲ့ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်သူတဦး ခြေထောက်မှာ ကျည်ပေါက်တဲ့ ဒဏ်ရာရခဲ့ရာမှာ ကုသပေးတဲ့ ဆေးခန်းပိုင်ရှင်နဲ့ ဆရာဝန်တို့ကိုပါ ဖမ်းဆီးထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အခုလို လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားပြီး သီတင်း ၂ ပတ်အတွင်းမှာ ထုတ်ပြန်ခြင်းဟာ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် ၄င်းတို့အနေနဲ့ စုံစမ်းထောက်လှမ်းပြီး ဖမ်းဆီးနိုင်ခဲ့တာကို စစ်ကောင်စီအနေနဲ့ ကြွားဝါလိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်လိမ့်မယ်လို့ ယူဆရပါတယ်။ အဓိက ပစ်ခတ်သူ ၂ ဦး အနက် ၁ ဦးက လွတ်မြောက်သွားပြီး ၄င်းရဲ့ မိသားစုဝင်တွေ ဖြစ်တဲ့ ဇနီး၊ သား ဖြစ်သူတွေကို ဖမ်းဆီးထားသလို နောက် ပစ်ခတ်သူတဦးကိုလည်း ကာယကံရှင်ကို ဖမ်းဆီးရမိထားသည့်တိုင် ဇနီးနဲ့ ၆ နှစ်အရွယ် သမီးတို့ကိုပါ ဖမ်းဆီးပြီး ပူးပေါင်းပါဝင်သူ တရားခံတွေသဖွယ် ဓါတ်ပုံနဲ့တကွ သတင်းမှာ ဖေါ်ပြခြင်းကိုလည်း အများက ဝေဖန်ရှုတ်ချစရာ ဖြစ်စေတာပါ။

ဒါ့အပြင် ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တဲ့ လုပ်ကြံပစ်ခတ်သူကို ဆေးကုသပေးတဲ့ ဆေးခန်းပိုင်ရှင်၊ ဆရာဝန်နဲ့ ချိတ်ဆက်ပေးသူတွေကိုပါ ဖမ်းဆီးခဲ့ခြင်းက အခုလို ဖြစ်ရပ်တွေမှာ သိလျက်နဲ့ ဖြစ်စေ မသိပဲနဲ့ ဖြစ်စေ ထိတွေ့ပတ်သက်သူ အားလုံးကို ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ ရည်ရွယ်ချက်လို့လည်း ယူဆရပါတယ်။

ဒီလုပ်ကြံသတ်ဖြတ်သူတွေ အရင်က ကျူးလွန်ခဲ့တယ်ဆိုတဲ့ လုပ်ကြံပစ်ခတ်မှု ၄ ခုနဲ့လည်း ချိတ်ဆက် စွပ်စွဲထားပါတယ်။

အခုလို စစ်ကောင်စီဘက်က ထုတ်ပြန်လာတာနဲ့ ပတ်သက်ပြီး ဒီပစ်ခတ်မှုဟာ ၄င်းတို့ လုပ်ဆောင်တာလို့ ဖြစ်ပွားစဥ်ကတည်းက ထုတ်ပြန်ခဲ့တဲ့ Golden Valley Warrior အဖွဲ့ က အခုဖမ်းဆီးခံထားရသူတွေဟာ အပြစ်မဲ့သူတွေလို့ ယေဘုယျဆန်ဆန် ငြင်းချက်ထုတ်ခဲ့ပြီး ၄င်းတို့ အဖွဲ့ဝင်တွေက ဘေးကင်းရာမှာရှိတယ်လို့ သတင်းဌာနတချို့ကို တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

ဒီလို ငြင်းဆိုခဲ့ခြင်းဟာ ဖမ်းဆီးခံထားရသူတွေရဲ့ လုံခြုံရေးနဲ့ အမှုသွားအမှုလာ အပေါ် သက်ရောက် နိုင်တာကြောင့် ပြောဆိုတာလား သို့မဟုတ် အခြားသောရည်ရွယ်ချက်နဲ့ ပြောဆိုတာလား သေချာမသိနိုင်ပါဘူး။

စစ်ကောင်စီဘက်ကတော့ ပစ်ခတ်သူ ၂ ဦးအနက် တဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်တဦးရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးထားသလို ပါဝင်ပတ်သက်သူအားလုံးနီးပါး ဖမ်းဆီးနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူတဲ့အနေနဲ့ ထုတ်ပြန်တာဖြစ်သလို တဖက်မှာတော့ မိမိတို့အဖွဲ့ဝင် နဲ့ ကူညီပေးသူတွေ ဖမ်းဆီးခံထားရခြင်းကို အသိအမှတ် မပြုတဲ့ သဘောလည်း သက်ရောက်ကောင်း သက်ရောက်နိုင်ပါတယ်။

အခုလို လုပ်ကြံသတ်ဖြတ်ခံရသူ ဗိုလ်မှူးချုပ်ဟောင်း နဲ့ သံအမတ်ဟောင်း ဖြစ်သူဟာ စစ်အရာရှိကြီးတွေကို မွမ်းမံသင်တန်းပေးတဲ့ NDC လို့ ခေါ်ဆိုတဲ့ နိုင်ငံတော်ကာကွယ်ရေးကောလိပ်မှာ ဘာသာရပ်တချို့ကို ဧည့်သင်ကြားသူ အဖြစ်သင်ကြားပေးနေခြင်းကြောင့် စစ်ရေးပစ်မှတ်ဖြစ်တယ်လို့ သတ်မှတ်ကြောင်း ပြောဆိုပါတယ်။

တဖက်မှာတော့ အခုလို လုပ်ကြံသတ်ဖြတ်မှုတွေဟာ ရန်ကုန်၊ မန္တလေးတို့လို မြို့တွေမှာ နေထိုင်နေတဲ့ စစ်တပ်နဲ့ ပတ်သက်သူတွေ၊ စစ်အရာရှိဟောင်းတွေကို ကြောက်လန့်စေတဲ့ အကျိုးသက်ရောက်မှု ရှိစေမှာ အမှန်ဖြစ်ပါတယ်။ စစ်အာဏာရှင် စနစ်ကို ဖယ်ရှားဖို့ထက် စစ်တပ်နဲ့ ဆက်စပ်ပတ်သက်နေသူတွေ အရာရှိကြီး အဆင့် တာဝန်ထမ်းဆောင်ဖူးသူတွေကို ပစ်မှတ်ထားတဲ့ သဘောလို့လည်း ဆိုနိုင်ပြီး လုပ်ကြံသတ်ဖြတ်ရေး နည်းလမ်းကို ကိုင်စွဲလုပ်တာဟာ နိုင်ငံတကာက အစိုးရ၊ လူ့အခွင့်အရေးကာကွယ်ရပ်တည်တဲ့ အဖွဲ့တွေ အနေနဲ့ အခုလို လုပ်ဆောင်မှုတွေကို ထောက်ခံအားပေးမှာ မဟုတ်ပါဘူး။

စစ်ကောင်စီအနေနဲ့ အခုလို လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ဝါဒဖြန့်ချိရာမှာ NUG အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ဦးရည်မွန်နဲ့ ချိတ်ဆက် ဝါဒဖြန့်ချိလေ့ရှိပြီး အမှန်တကယ် ဆက်စပ်ပတ်သက်ခြင်း ရှိ/မရှိ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ စွပ်စွဲတာမျိုး မတွေ့ရဘဲ NUG ဟာ အကြမ်းဖက်အဖွဲ့အစည်း၊ လုပ်ကြံသတ်ဖြတ်ရေးကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ဖြစ်ကြောင်း ဝါဒဖြန့်တဲ့ သဘောနဲ့ အစဥ်ချိတ်ဆက် ထုတ်ပြန်လေ့ရှိတာလို့ ယူဆနိုင်ပါတယ်။

တဖက်မှာလည်း NUG အနေနဲ့ အခုလို လုပ်ကြံသတ်ဖြတ်မှုတွေကို ပါဝင်ပတ်သက်ခြင်း ရှိတယ် မရှိဘူး ဆိုပြီးရှင်းလင်း ပြောဆိုနိုင်တဲ့ အနေအထားရှိရင် ပြောသင့်သလို လုပ်ကြံသတ်ဖြတ်မှုတွေကို မူအရ လက်ခံသလား ၊ အားပေးထောက်ခံသလား ပါဝင်ပတ်သက်မှုရှိသလား ဆိုတာတော့ ပြောဖို့ တာဝန်ရှိတဲ့ အနေအထားဖြစ်ပါတယ်။

ပြည်တွင်းစစ် နှစ် ၇၀ ကျော် သမိုင်းမှာ လုပ်ကြံသတ်ဖြတ်မှုတွေကို မူအရ လက်ခံထားပြီး ဖေါ်ဆောင်တဲ့ လက်နက်ကိုင် အဖွဲ့အချို့ နဲ့ ကျင့်သုံးခဲ့တဲ့ ကာလအပိုင်းအခြားတချို့ ရှိခဲ့ပေမယ့် မြန်မာနိုင်ငံသမိုင်းမှာ များများစားစားတော့ မတွေ့ရပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့၊ ဗမာလက်နက်ကိုင် အဖွဲ့တချို့ က စစ်အရာရှိတချို့ကို လုပ်ကြံသတ်ဖြတ်တာ၊ မြို့ပေါ်မှာ ဖေါက်ခွဲရေးလုပ်ဆောင်တာတွေ ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လုပ်ကြံသတ်ဖြတ်တဲ့ နည်းလမ်းကို ယခင်ကထက် ပိုပြီးကျင့်သုံးလာကြတာ တွေ့ရပါတယ်။ မြို့ပေါ်မှာ အစုအဖွဲ့အလိုက် သီးခြားစီရှိကြတဲ့ အဖွဲ့တွေကလွဲရင် ဘယ်လက်နက်ကိုင်အဖွဲ့ နိုင်ငံရေးအစုအဖွဲ့ကမှ လုပ်ကြံသတ်ဖြတ်တဲ့ နည်းလမ်းကို လက်ခံ ကျင့်သုံးပါတယ်လို့ တိတိပပ ဝန်ခံတာမျိုး မတွေ့ရသလို ဆန့်ကျင်ရှုတ်ချတဲ့ ပြောဆိုမှုလည်း ထင်ရှားစွာမတွေ့ရပါဘူး။

ကိုဇေယျာသော် ဦးဆောင်တယ်လို့ ဆိုတဲ့ မြို့ပြပျောက်ကျား အဖွဲ့တွေက ရဲစခန်း၊ ကင်းစခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလို အချို့အဖြစ်အပျက်တွေမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ပစ်မှတ်ထားခဲ့တာ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။

စစ်တပ်ရဲ့ တာဝန်ရှိသူတွေ၊ စစ်ဆင်ရေးတွေ မှာ အဓိကကျတဲ့ တာဝန်ယူထားသူတွေကို လုပ်ကြံသတ်ဖြတ်တာတွေက ရန်သူရဲ့ စစ်ဆင်ရေး အားနည်းချိနဲ့သွားဖို့ ရည်ရွယ် လုပ်ဆောင်ကြတာ မှန်ပေမယ့် အငြိမ်းစား စစ်အရာရှိတွေ၊ အုပ်ချုပ်ရေး ဌာနတွေမှာ ပါဝင်တဲ့  အရပ်သားအရာရှိတွေကို လုပ်ကြံသတ်ဖြတ်တာတွေက ရန်သူဘက်နဲ့ ကြားနေအရပ်သားတွေကို ရန်သူနဲ့ ဆက်နွယ် ပတ်သက်ခြင်း မပြုရဲအောင် အကြောက်တရား ဝင်အောင် လုပ်ဆောင်တဲ့ ရည်ရွယ်ချက်လည်း ဖြစ်ပြီး စနစ်ကို ဦးတည်ထားတဲ့ နိုင်ငံရေးရည်ရွယ်ချက်ထက် လူပုဂ္ဂိုလ်ကို ပစ်မှတ်ထားတဲ့ အကြောက်တရားနဲ့ ခြိမ်းခြောက်မှုဆီ ဆီဦးတည်သွားစေမှာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar