Breaking News

လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၆)


လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၆)

မိုးမခ ၊ ဇွန် ၇ ၊ ၂၀၂၅


လီနင်ဝါဒ (ဝါ) ဆိုရှယ်လစ်နိုင်ငံတော် တည်ဆောက်မှုရဲ့ အခြေခံအုတ်မြစ်

လီနင်ဟာ ၁၈၉၀ ပြည့်နှစ်များမှာ စိန့်ပီတာစဘတ် တက္ကသိုလ် တက်ရောက်နေစဉ်ကတည်းကစလို့ မာ့က်စ်ဝါဒ လေ့လာရေးအစုလေးတွေထဲမှာ ပါ၀င်လေ့လာရင်း ရုရှားနိုင်ငံမှာ ပဒေသရာဇ်ဇာဘုရင်နဲ့ တစုံတရာ ဖွံ့ဖြိုးလာနေပြီဖြစ်တဲ့ အရင်းရှင်စနစ်ကို ဖြုတ်ချ မြေမြှုပ်ပစ်မယ့် ဆိုရှယ်လစ်တော်လှန်ရေးကို ရှေ့ဆောင်ဖို့ ပစ္စည်းမဲ့ အတွေးအခေါ် တပ်ဆင်ထားတဲ့ အလုပ်သမားပါတီတရပ်လိုအပ်တယ်' ဆိုတာကို ပထမဆုံး တင်ပြခဲ့ပါတယ်။ 

ဒီအတွက် တစိုက်မတ်မတ် ကြိုးစားခဲ့ရာမှာ အရေးအကြီးဆုံး လက်နက်အဖြစ် မြေအောက်သတင်းစာ အစ္စကာရာ (Iskra)ကို ရုရှားတပြည်လုံးအနှံ့ ထုတ်‌ဝေပြီး ရုရှားနိုင်ငံရေး လက်တွေ့နဲ့ကိုက်ညီတဲ့ မာ့က်စ်ဝါဒ သဘောတရားအသစ်တွေကို ရှင်းလင်းတင်ပြတဲ့ ဆောင်းပါးများကို လီနင်ဟာ အခက်အခဲအမျိုးမျိုးကြား (နယ်နှင်ဒဏ်ခံ နေရစဉ် ၊ နိုင်ငံခြားတိုင်းပြည်များမှာ တိမ်းရှောင်နေရစဉ်က ဖြစ်သဖြင့်)က ရေးသားပြီး ပါတီတည်ဆောက်ရေးမူတွေ၊ နည်းလမ်းတွေ၊ ပါတီလမ်းစဉ်တွေရဲ့ မူကြမ်းအများအပြား ရေးသားခဲ့ပါတယ်။

၁၉၀၃ ခုနှစ်မှာတော့ လက်ဝဲပါတီ အစုအ‌ဝေးလေးတွေ အားလုံးစုစည်းပြီး လီနင် ရေးဆွဲတဲ့ သဘောတရားရေး၊ နိုင်ငံရေး၊ စည်းရုံးရေးများပေါ် အခြေခံတဲ့ ရုရှားအလုပ်သမား လူတန်းစားပါတီ (ဘော်ရှီဗစ်ပါတီ)ကို တည်ထောင်လိုက်ပါတယ်။

ပစ္စည်းမဲ့အခြေခံ အတွေးအခေါ် တပ်ဆင်ထားတဲ့ ဒီပါတီကို လီနင် ဦးဆောင်ပြီး ပါတီတွင်းအတွေးအခေါ် အမှားအမျိုးမျိုးကို တိုက်ပွဲဆင်ပြီးနောက် ၁၉၁၇ ခုနှစ်မှာ အောက်တိုဘာတော်လှန်ရေး အောင်ပွဲ ရရှိလိုက်နိုင်ပြီး ဆိုဗီယက်အာဏာကို တည်ဆောက်လိုက်ပါတော့တယ်။

ဒါကတော့ လီနင်က တော်လှန်‌ရေးတရပ် အောင်မြင်ဖို့ ရှေ့ဆောင်လမ်းညွှန်မှုပေးနိုင်တဲ့၊ ပစ္စည်းမဲ့အတွေးအခေါ် တပ်ဆင်ထားတဲ့ ပါတီတရပ်ကို ဘယ်လို တည်ဆောက်နိုင်ခဲ့သလဲ'ဆိုတာကို ပြသအတည်ပြုလိုက်နိုင်တဲ့ ဖြစ်ရပ်ပါ။

ဒါ့အပြင် လီနင်ရဲ့ တခြားစွမ်းဆောင်ချက်များကိုလည်း ကြည့်ရအောင်။

လီနင်ဟာ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးအတွက် ပြင်ဆင်နေစဉ်က ဒီလို ပြောဖူးပါတယ်။

'တို့တတွေအနေနဲ့အခုအခါ ဘယ်သူမှ မတက်ဘူးသေးတဲ့ တောင်မြင့်တလုံးကို တက်ကြတော့မှာ။ လမ်းလည်း မရှိဘူး။ စမ်းတဝါးဝါး တက်ကြရမှာ။ တိုက်ရိုက်မတက်နိုင်တဲ့အခါ ကွေ့ပတ်တက်ရတာတွေလည်း ရှိနိုင်တယ်။ ပြန်လန်ကျတာတွေလည်း ရှိနိုင်တယ်'လို့ ဆိုခဲ့ဖူးပါတယ်။ အဲဒီကာလ (၁၉၁၈-၁၉၂၀) တွေမှာ ပြည်တွင်း (မြေရှင်--အရင်းရှင်များရဲ့) ပုန်ကန်သောင်းကျန်းမှုနဲ့ ပြည်ပ (နိုင်ငံ ၁၄ နိုင်ငံ)ရဲ့ စွက်ဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံအနှံ့ အငတ်ဘေးတွေ စကျရောက်လာပါတယ်။ 

ဒီမှာတင် လီနင်က 'အရာရာဟာ ရှေ့တန်းအတွက်' ဆိုတဲ့ ကြွေးကြော်သံတင်ပြီး တပြည်လုံးက အင်အားစုတွေကို စုစည်းဖို့ ဆောင်းပါးအမြောက်အမြား ရေးခဲ့ပါတယ်။ 

ပြီးတော့ စစ်ကွန်မြူနစ်စနစ်-ပေါ်လစီ (စီးပွားရေးစနစ်တခုလုံးကို ဗဟိုချုပ်ကိုင်မှုနဲ့ ထိန်းချုပ်လိုက်တာ) ကို ချမှတ်လိုက်ပါတယ်။ ဒါက စီးပွားရေး မျက်နှာစာက တိုက်ပွဲပါ။ စစ်ရေးမှာလည်း တပ်နီတော်ရဲ့ အရေးကြီးတဲ့ မဟာဗျူဟာစစ်ဆင်ရေးများစီမံရာမှာ လီနင်က တိုက်ရိုက် ဦးဆောင်မှု ပေးခဲ့တာပါ။

၁၉၂၀ နောက်ပိုင်း တိုင်းပြည် တစုံတရာတည်ငြိမ်လာပြီးနောက် ပြည်သူတွေ တစုံတရာ ချောင်လည်လာနိုင်ရေးအတွက် စီးပွားရေး မူဝါဒသစ်တွေ (New Economic Policy.NEP) ချမှတ်ပြီး ယာယီဈေးကွက် စီးပွားရေးစနစ်ကို ခွင့်ပြုပေးလိုက်ပါတယ်။ ဒီလိုနဲ့ အမျိုးသားစီးပွားရေး နာလန်ထူလာပြီး ၁၉၂၂ လောက်မှာတော့ အတော်သိသာထင်ရှားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ အတူ ပြည်သူတွေရဲ့ နေထိုင်မှုဘ၀တွေ ချောင်လည်လာကြပါတယ်။

တခြားဘက်အသီးသီး အုပ်ချုပ်ရေးအဆင့်ဆင့်

လူမျိုးစုအရေးနဲ့ တပ်ပေါင်းစု တည်ဆောက်ရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု စတာတွေမှာ ဘက်စုံက တည်ဆောက်ရေးတွေကိုလည်း အဆက်မပြတ် လုပ်ဆောင်ပေးခဲ့ပါတယ်။

အာဏာရပါတီ တည်ဆောက်ရေးများအတွက်လည်း မူဝါဒတွေ (ဥပမာ- ပါတီတွင်း ဒီမိုကရေစီ ဗဟိုချုပ်ကိုင်မှုမူများ၊ ပါတီရဲ့ စုပေါင်းခေါင်းဆောင်မှုအခန်း၊ ပါတီ၀င်တဦးချင်းရဲ့ တာ၀န်ခွဲ‌‌မှုနဲ့ ကြီးကြပ်မှု) စတာတွေလည်း ချမှတ်ပေးခဲ့ပါတယ်။

ဒီလုပ်ငန်းတွေကို လီနင်ဟာ ဆောင်းပါးများ စာတမ်းများ အများအပြား ရေးပြီး တပါတီလုံးကိုပညာပေးခဲ့တာပါ။

၁၉၂၄ ခုနှစ်မှာ လီနင် ကွယ်လွန်သွားတာဖြစ်လို့ ဆိုရှယ်လစ် တည်ဆောက်ရေး ကာလတိုတောင်းပေမဲ့ ပြဿနာအရပ်ရပ်ကို စနစ်တကျလေ့လာ၊ သိပ္ပံနည်းကျ ခွဲခြမ်းစိတ်ဖြာပြီး အချိန်မီမူဝါဒများချမှတ်တာ၊ ပြောင်းလဲတာတွေ လုပ်နိုင်တဲ့အတွက်-အရေးပါတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အစချီချက်များအဖြစ် ရရှိခဲ့ပါတယ်။

ဒါတွေအားလုံး စနစ်တကျ အစီအစဉ်တကျ စုပေါင်းပြီးနောက်ပိုင်းမှာ 'လီနင် လက်ရွေးစင် ကျမ်းများ'အဖြစ် ရုရှားမှာလည်း ဘာသာစုံနဲ့အပြင် တခြားနိုင်ငံအများအပြားမှာလည်း ဘာသာပြန်ထုတ်‌ဝေခဲ့ပါတယ်။

ဒါတွေကို လီနင်ဝါဒ လို့ ခေါ်‌ဝေါ်သတ်မှတ်လိုက်ပါတယ်။

လီနင်ဝါဒဟာ မာ့က်စ်ဝါဒကိုလက်တွေ့ အကောင်အထည်ဖော်တာဖြစ်လို့ ဆိုဗီယက်ဆိုရှယ်လစ်နိုင်ငံတော်ကြီး တည်ဆောက်ရာမှာ အခြေခံကျတဲ့ သဘောတရားများ ဖြစ်လာတဲ့အပြင် ဆိုရှယ်လစ်စနစ် တည်ဆောက်ရေး ပထမဆုံးသော စမ်းသပ်မှု အောင်မြင်ရေးအတွက်လဲ အဓိကအထောက်အပံ့ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ကွန်မြူနစ်နိုင်ငံများ တည်ဆောက်ရေးတွေအတွက်လဲ စံနမူနာယူစရာတရပ် ဖြစ်လာပါတော့တယ်။

ဒါကြောင့်ပဲ နောက်ပိုင်း ကွန်မြူနစ်လှုပ်ရှားမှုများအတွင်းမှာ (၂၀ ရာစုအလယ်ပိုင်းမှစလို့) မာ့က်စ်ဝါဒ-လီနင်ဝါဒလို့ ပူးတွဲသတ်မှတ် သုံးစွဲလာကြတာ ဖြစ်ပါတယ်။

ကိုးကား - မာ့က်စ်ဝါဒ အဘိဓာန်၊ (အောင်ဇံ)-ဒုတိယတွဲ၊ စာမျက်နှာ-၇၇၄

လှကျော်ဇော

၄-၆-၂၀၂၅



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar