Breaking News

တပ်ဦးလ - အမေစုကို ချစ်တယ်

Art- Than Htay Maung
 
အမေစုကို ချစ်တယ်
တပ်ဦးလ
(မိုးမခ) ဇွန် ၂၀၊ ၂၀၂၅


အမေစုနဲ့တွေ့ရင်
သားသားပြောစရာရှိလို့ပါ
စာသင်နေရင်း လေယာဉ်ပျံတွေရောက်လာတဲ့အခါ
သားတို့ ဗုံးခိုကျင်းထဲဝင်ပုန်းရတယ်မေမေ
ဟိုတလောကမှ သားသူငယ်ချင်းတွေ
ဗုံးကြဲတဲ့အထဲ ပါသွားခဲ့တာမေမေ
သူတို့ လွယ်အိတ်တွေပဲကျန်ခဲ့တာမေမေ
ဆရာမက လက်ရေးလှကျင့်ခိုင်းတော့
သားတို့က
အမေစု ကျန်းမာပါစေ
အမေစု လွတ်မြောက်ပါစေ ဆိုပြီး
ဗလာစာအုပ်ထဲမှာ အစမ်းလေ့ကျင့်ခဲ့တာမေမေ
ဟိုဘက်ရွာက စာသင်ကျောင်းမှာဆို
အဲ့လို မရေးရဘူးတဲ့မေမေ
တွေ့တာနဲ့
ဆရာမက အပစ်ပေးတာတဲ့မေမေ
ပန်းချီပုံဆွဲခိုင်းရင်လည်း
သားတို့က အမေစုကြိုက်တဲ့ပန်းလေးတွေပဲရွေးပြီး
ဆွဲခဲ့တာ
သားသားဖေဖေဆိုရင်
သားကို ခဏခဏမေးတယ်မေမေ
သားကြီးလာတဲ့အခါ ဆရာဝန်ကြီးလုပ်မှာလား
စစ်ဗိုလ်ကြီးလုပ်မှာလားတဲ့
သားဘာမှမလုပ်ချင်ဘူး
အမေစုလို ခေါင်းဆောင်ကြီးလုပ်မယ်
ပြည်သူတွေကို စောင့်ရှောက်မယ်လို့ပြောလိုက်တယ် မေမေ
မင်းခုအချိန် အမေစုနဲ့ဖုန်းပြောခွင့်ရမယ်ဆို
သားအနေနဲ့ ဘာပြောချင်တာရှိလည်းတဲ့
တစ်ကယ်လား ဖေဖေ
ဟယ်လို
ဟယ်လို
အမေဒေါ်အောင်ဆန်းစုကြည်လား
သားသားဇေယျာဘုန်းထက်ပါ
မွေးနေ့ ၈၀
အမေစုကို ချစ်တယ်
မွေးနေ့ ၈၀
အမေစုကို ချစ်တယ်
မွေးနေ့ ၈၀
အမေစုကို ချစ်တယ်

 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar