မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၁၄)
စု ၈၀ ပြည့်
ကဗျာ ၁၂၀ ပြည့်
ကဗျာတွေ ထပ်လာနေဆဲပါ။
ဒီနေ့ဟာ အမေစု မွေးနေ့ ဇွန် ၁၉ ပါ။ သုံးလလိုကတည်းက ကဗျာတွေ စုဆောင်းလာတာ ပြီးခဲ့တဲ့ စုမွေးနေ့ ၈၀ ကြို ကဗျာများ အပိုင်း ၁၃ အထို ကဗျာပုဒ်ရေ ၁၁၀ ဖော်ပြခဲ့ပြီးပြီ။ အခု အပိုင်း ၁၄ မှာ ၁၀ ပုဒ်ထပ် ဖတ်ကြရပါမည်။
( ၁၁၁ )
ဂန္ထဝင်ရှစ်ဆယ် (မောင်လွမ်းဏီ)
ဘာပန်း ပန် ပန်
နန်းဆန်တယ်။
ဆံနွယ်ဖျားထက်
ရွှန်းလက်ကြယ်ပွင့်များ
ရဲဝင့်အောင်လံတော်။
လောကဓံလား
ခါးစီးအံခဲ၊ ပန်းပန်လျက်ပဲ
တရားမြဲခိုင်၊ ရှားနှစ်တိုင်ချောဆိုပါတော့။
ရန်သူ ရူးလောက်အောင်
ကြောက်သူဟာ
ဦးမညွှတ် ဒူးမထောက်သူတွေရဲ့
သံမဏိစိတ်ဓာတ် မဟုတ်လား။
ပိန်းပိတ်အမှောင်တွင်း
သံခြေကျင်းခတ်၊ နှောင်ကြိုးပတ်ချည်
ဘာမထီတဲ့ စာမရီလေ
ဘာလဲဟဲ့ စစ်ငရဲငဲ့ စိန်ခေါ်ခဲ့သူ။
ကိုအောင်ဆန်းသွေး၊ မြေပြန့်သွေးလေ
သမိုင်းခြေရာ၊ လူထုကဗျာ၊ စုကဗျာပဲ
သစ္စာမြဲခိုင်၊ ၈၀ တိုင်ခဲ့
ပြည်သူတွေရဲ့ နှလုံးသားကိုး။
မျိုးဆက်သစ်တို့ အနာဂတ်
လူထုအမေ သက်တော်ရှည်မှ
ကြယ်နဲ့ ဒေါင်းရဲ့ သင်္ကေတ။
မောင်လွမ်းဏီ
ဇွန် ၁၀ ၊၂၀၂၅
( ၁၁၂ )
လမ်းသို့ (ပိုးနွယ်ချည်)
ကြယ်တွေမစုံမိုးကောင်းကင်အောက်
ညမှောင်မှောင် လရောင်မဲ့အခန်း
ခြောက်ခြောက်ခြားခြား သံတိုင်ကြားဝယ်
ဇရာကိုအံတု ဘာကိုမှမမှုပဲ
မာန်ကိုတင်းကာ
ပြုံးရယ်နေမှာမြင်ယောင်တယ်အမေ။
လေးဖက်လေးတန် တံတိုင်းတွေခြံရံ
ဒီနွေပူပူမှာ ဒီနိုင်ငံအရေး တွေးကာပူနေလေမလား။
မပူနဲ့အမေ မပူလေနဲ့ ဒီနွေဦးနဲ့လူငယ်တိုင်း
အမေဖောက်ခဲ့တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်
စမ်းတစ်ဝါးဝါးမဟုတ်ပဲ တခမ်းတစ်နား
လျှောက်နေလေရဲ့။
နွေကတော့ပူတယ်အမေ
ကြယ်တွေလဲ ခနခနကြွေတယ်။
အမေပြန်လာလမ်း အရင်လိုသပြေညိုတွေ
ကြိုဖို့စောင့်နေလေရဲ့။
ဒီနွေဦးမှာ လေရူးတွေမြူးခဲ့တယ်
အာဏာရစ်မူး ရူးခဲ့သူတွေကြောင့်
တစ်ချို့ပန်းတွေ ရိုးတံပါမကျန်ကြွေကျမြေခခဲ့
တစ်ချို့ ပန်းတွေ အပွင့်အဖတ်မစုံဖူးငုံရုံသာ
တောင်ပံတွေကျိုး ငှက်ကလေးတစ်ချို့လဲ
အမေလာလှမ်း မှန်းလို့တေးဆို ကြိုဖို့ပြင်နေ။
ဒီခရီးလမ်း ကြမ်းမှန်းသိတယ်
အားမာန်တင်းခါ ဆက်လျှောက်နေမယ်
အမေအိုမျှော်မှန်း ဒီမိုကရေစီလမ်းသို့
ရောင်နီသန်းလို့ ရောက်လုနီးလေပီ ။
ပိုးနွယ်ချည်🩵
( ၁၁၃ )
ထောင်တွင်းမှ ပေးပို့သော အမေစုအတွက် မွေးနေ့ကဗျာ
Diamond Rose (မြသားသွင်)
မရိုင်းဘူးအစဥ် သမိုင်းကို လှန်ကြည့်
ဒိုင်းမွန်းသခင်ကို နှိုင်းတုမယှဥ်နဲ့။
အောင်ဆန်းရဲ့သွေး ပြည်သူ့သွေးတဲ့
ပညာဉာဏ်တွဲ ဆင်ကာရံမြဲ၊
တစ်လိမ့်လိမ့်တက် လှိုင်းလုံးယှက်လည်း
မလွဲမပျောက် ရှေ့သို့ချီဆဲ။
တစ်ယောက်အားနဲ့ ယူသော်မရ
တစ်သောင်းအားနဲ့ ယူသော်ရ၏။
ပြည်သူ့တန်ဖိုး သူမြှင့်နှိုးလျက်
ပြည်သူအတွက်ဆို နောက်မရွံ့ဘူး။
လင်စွန့်သားစွန့် လွတ်လပ်မှုစွန့်
မကြောက်မတွန့်လို့ အချိန်ပေးဆပ်၊
စုပေါင်းညီညာ အောင်ကြောင်းဖြာမို့
ဝေးစုညီညာ ငြိမ်းချမ်းဖို့အရေး
ခန္ဓာပင်ပန်း စိတ်တွေနွမ်းလည်း
မဆုတ်မဆိုင်း ဟုတ်တိုင်းကြံမြစ်
ဆယ်လှစ်ရာသီ ရှစ်ပင်တည်မဲ့
နှင်းဆီသခင် သင်းကြည်ရွှင်ရေး
အာရောဂျံကောင်း ပတ္တနာတောင်း၏။
# မြသားသွင်
ရဲဘော်တို့ရေ အရာအားလုံးအတွက် ဖိုက်တင်ပါ။
မင်းတို့ရဲ့ ရဲရင့်မှုတွေကို အမြဲအမှတ်ရနေသလို
ကျွန်တော်တို့လည်း အကောင်းဆုံး
ဆောင်ရွက်နေပါတယ်။
( ၁၁၄ )
“၈၀ပြည့် အမေဆီသို့”
Happy Birthdayတော့
ဘယ်ဟုတ်မလဲ အမေရာ။
တော်လှန်သော မွေးနေ့က
အမေ့တွက်တော့ ရိုးနေပြီလေ။
ခုချိန် တိုင်းပြည်နဲ့ပြည်သူတွက်
အမေ စိုးရိမ်ပူပန်နေမှာပဲ။
ဒါပေမဲ့ အမေရာ
လူထုအတွက် သောကတွေ
ခနမေ့ဖျောက် အမေ့ခန္ဓာတွက်
အမေရှာပါလို့ပဲ မှာချင်တယ် အမေ။
အမေရေ
တော်လှန်ရေးမှာလေ .........
လူငယ်တွေ ဘယ်လောက်ထိ
အင်တိုက်အားတိုက် ပေးဆပ်ကြိုးစားနေတာ
အမေသိခဲ့ရင် အနာဂတ်တိုင်းပြည်တွက်
အမေ စိတ်အေးနိုင်ပြီ သိလား အမေ။
အမေ ကျန်းမာအောင်နေပေးပါ။
တော်လှန်ရေး အောင်ပွဲဆင်တဲ့တစ်နေ့
တိုင်းပြည်ကြီး ငြိမ်းချမ်းမဲ့တစ်နေ့
အာဏာရှင်အပြီးတိုင် ကျရှုံးမဲ့တစ်နေ့
ပြည်သူတွေ ပြုံးပျော်ရွှင်မဲ့တစ်နေ့
အဲ့တစ်နေ့...........
အမေ့အပြုံးနဲ့သာ ထပ်ပေါင်းလိုက်ရင်
အချိုသာဆုံးနေ့ပေါ့ အမေရယ်။
#ရဲဘော်လာဗွယ်
( ၁၁၅ )
အမေသို့ (ပခုက္ကူသင်းကြူ)
အမေ့အသက် "ရှစ်ဆယ်"
တကယ်တော့ အဖွားအရွယ်
ချစ်ကြတဲ့ပြည်သူတွေကတော့
'အမေ' လို့ပဲ ခေါ်ကြတယ်။
ပျော်ရတယ် မော်ရတယ် လို့
ရှိမနေကြတော့တဲ့ ပြည်သူတွေမှာ
နွေလာလာ
မိုးလာလာ
ဆောင်းလာလာ
ကောင်းလာမဲ့သတင်း မျှော်လင့်
တော်သင့်ရာဘဝတွေမှာ
မရမနေရှင်သန်ရင်း
အမေ
ပြန်လာဖို့ကို မျှော်လင့်နေကြ
စောင့်နေကြတယ် အမေ။
ကြောက်နေရတဲ့ဒီဘဝတွေ လွတ်မြောက်ဖို့
မကြောက်တရားနဲ့ရှင်သန်ကြတဲ့
အပင်မှန်မျိုးစေ့တွေလည်း
ငှားငှားစွင့်စွင့်နဲ့
ဒီလေးနှစ်အတွင်း
ချင်းနင်းဝင်ရောက်
လူလားမြောက်ကြပါပြီ အမေ။
လူလားမြောက်လာတဲ့
တူသားနောင်မယ်တွေအတွက်
ရေ, မြေ, အာဟာရ,
ပြည်သူသာ အဓိကမို့
ပြည်သူကမွေး
ပြည်သူကကျွေးတဲ့
အမေ့သားသမီးတွေ
ပွားစီးညီညာ
အားကြီးလို့လာပါပြီ အမေ
အားကြီးလို့ လာပါပြီ။
အမေပြောတဲ့
အမေပြောခဲ့တဲ့
မေတ္တာစကားတွေ
မပယ်မရှားဦးထိပ်ထားဆဲပေမဲ့
တရားမဲ့တဲ့မတရားမှုတွေအတွက်
ရက်စက်တဲ့လူမဆန်မှုတွေအတွက်
တူတူတန်တန်တွေပြန်ပေး
ရန်ဝေးရန်ကွာဖို့
ရန်-ငါတွေလည်း ပြတ်ကြရတော့တာပါ အမေ။
ကဲပါလေ...
အမေကပြန်အလာ
သားတို့ကိုကြိုတဲ့အခါ
အမေ့ဆံကေသာ
ထုံးဖွဲ့တဲ့အခါမှာ...
နှင်းဆီလည်းပန်ပါ
စပယ်လည်းပန်ပါ
ကံ့ကော်လည်းပန်ပါ
ပိတောက်လည်းပန်ပါ
ခတ္တာလည်းပန်ပါ
နှင်းပန်းလေးလည်းပန်ပါ
တောပန်းလေးလည်းပန်ပါ
.........
ဒါပေမဲ့ အမေ့လက်မှာတော့
"အောင်သပြေ"နဲ့ ကြိုပေးပါ။။
ပခုက္ကူသင်းကြူ
၁၉.၆.၂၀၂၅
[အမေ ဒေါ်အောင်ဆန်းစုကြည် (၈၀)နှစ်ပြည့်မွေးနေ့ အတွက် မွေးနေ့ ဂုဏ်ပြုကဗျာ ]
( ၁၁၆ )
သက်တမ်းရင့်နှင်းဆီ (လူကြီးမင်း)
မွှေးကြိုင်သည့် သင်းရနံ့
မနာလိုသူ စေတနာဆိုးနဲ့
အလီလီ ချိုးဖျက်သော်လည်း
အနှစ်(၈၀) ကြာသည့်တိုင်
သူ့ကိုယ်ပိုင် ဂုဏ်သတင်း
သင်းပြန့်နေဆဲ . . .။ ။
( ၁၁၇ )
အမေစုမွေးနေ့တွက်ဂုဏ်ပြု ထောင်တွင်းမှ ကဗျာ
#လိုချင်မျှော်မှန်းအပြုံးပန်း (ကေကေ)
လွတ်မြောက်ရာ လမ်းကနေ ခြေဦးလှည့်
ငါတို့ ဆင်းရဲနေတာကို မကြည့်ရက်
ငဲ့ကွက်ခဲ့တဲ့ အမေအို....။
ပန်းတစ်ပွင့်ကို ခေါင်းမှာပန်
ဒုက္ခတွေကို ရင်စီးခံလို့
ဆုံးဖြတ်ချက်ကို မပြင်
ရဲဝံ့တဲ့ ခြေလှမ်းဆင်
လင်ကိုစွန့် သားကိုစွန့်
ပျော်ရွှင်မှုတွေကို စွန့်
လွတ်လပ်ခြင်းကို စွန့်
အရာရာကို စွန့်လို့
လျှောက်လှမ်းခဲ့တဲ့ အမေအို...။
တိုင်းပြည်ကို ချစ်ပြ
ပြည်သူကို ချစ်ပြ
အမှန်တရားကို ချစ်ပြ
ရိုးရာဝတ်စုံကို ချစ်ပြ နဲ့
သြော်...သူချစ်မပြခဲ့တာ
သူ့မိသားစု နဲ့
သူ့လွတ်လပ်မှုတွေပါလား...။
ဗိုလ်ချုပ်တစ်ဦးက မေးတယ်
သားတွေကို စိတ်မပူဘူးလား တဲ့
သူက ပြန်ဖြေတယ်
လူ့အခွင့်အရေး
အပြည့်အဝရတဲ့ နိုင်ငံမှာနေတာ
မပူဘူး တဲ့
သူ ပူပင်နေတာ
လူ့အခွင့်အရေး ဆုံးရှုံးနေတဲ့
မြန်မာပြည်သူတွေ
လူ့အခွင့်အရေး
ချိုးဖောက်ခံနေရတဲ့ တို့တတွေ။
အဲ့ဒီအချိန်တုန်းက
လူ့အခွင့်အရေး ဆိုတာ ဘာလဲ
ငါတို့ မသိခဲ့သေး။
သေနတ်ပြောင်းရှေ့လည်း နေရဲတယ်
အကျဉ်းချထားလည်း နေတာပဲ
အကျယ်ချုပ်ထားလည်း
ဘာမှ မပြောရှာဘူး။
ပြန်လွတ်လာတော့
လျှောက်ရမဲ့လမ်းမှာ ဆက်လျှောက်ဆဲ
သူ့ခြေလှမ်းတွေ ခပ်သွက်သွက်
ခပ်မြန်မြန် လှမ်းနေခဲ့တာ
သံမဏိလို စိတ်ထားကြောင့်ပဲလား
ခရီးဝေးနေသေးတဲ့ ပန်းတိုင်ကြောင့်ပဲလား
ဝေခွဲမရ...။
Maskတွေ ချုပ်ပြ လက်ဆေးပြနဲ့
ကိုဗစ်ကာလမှာပေါ့
အသေးစိတ်က သင်ကြား
မတျတောတရားနဲ့ အမေအို...။
စိတ်ထားဖြူတော့ မျက်နှာကြည်တယ်
စိတ်ထားလှတော့ အရွယ်တင်တယ်
ဘယ်အချိန် ကြည့်ကြည့်
ကျက်သရေ အမြဲရှိ။
သောင်ပြို ကမ်းပြို
ကမ္ဘာပြို စကြာဝဠာပြို
အို..ဘာတွေပဲ ပြိုအောင် နိုင်ပါစေ
မိစ္ဆာတစ်သိုက် ရူးမိုက်တော့လည်း
ကံကြမ္မာမလှ အကျဉ်းစံရ။
ဒီတစ်ခါတော့ တို့မခံ
တွန်းလှန်မယ် ဆိုတဲ့စိတ်
အတိတ်ကို နမူနာယူလို့
အရိုးကြေကြေ အရေခမ်းခမ်း
အမှန်တရားအတွက် လျှောက်တဲ့လမ်းမှာ
ညီညီညာညာ လှမ်းကြပြီ အမေ...။
ဒီအချိန်မှာ...
ကျန်းမာအောင် နေပေးပါ
ကိုယ့်ကိုယ့်ကို ဂရုစိုက်ပါ
မီးလျှံထဲမှာ ပွင့်တဲ့ပန်း
ဘယ်တော့မှ မနွမ်းတာ သိပေမဲ့
စိုးရိမ်လို့ပါ အမေ...။
ပန်းတိုင်ကို ဆွတ်ခူး
ပြည်သူအားလုံး ပျော်မြူးတဲ့နေ့မှာ
ဘာဆုမှ မလိုချင်ပါဘူး
အပြုံးပန်း တစ်ပွင့်ပဲ
လက်ဆောင်ပေးပါ အမေ...။
ချစ်သောအမေ မွေးနေ့မှစ၍ အသက်ရာကျော် ရှည်ပါစေ။
kk(ကေကေ)
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)
#policalprisoners
#အသက်၈၀ပြည့်မွေးနေ့
#PPM
၁၁၈
#နှင်းဆီ (ဆလိုင်းဇုန်)
(သစ်ခက်သံလွင်) ဇွန် ၁၉၊ ၂၀၂၅
ပန်းတွေပွင့်စေခဲ့သူပေါ့
အမတဲ့
အမေ တဲ့
ဘွားဘွားတဲ့ ……
လမ်းပြသူဟာ
သူကိုယ်တိုင် လမ်းဖြစ်ပြတယ် …
လမ်းတလျှောက်
ရနံ့သင်းလိုက်တာလေ …..
၁၉ ဇွန် ၂၀၂၅
( ၁၁၉ )
အမေမနက်ဖန်ပြန်လာနော် (ထင်လင်း(ကိုသားကြီး)
အမေ
သားခေါ်တဲ့ တမ်းချင်း
ပြင်းပြင်းပြပြ
လွမ်းရပါတယ် အမေ ။
သက္ကရာဇ်တွေပြိုဆင်း
ရင်တွင်းရှိုက်ငို
ကောင်းကင်ပြိုမတတ်
မေတ္တာရည်တွေငတ်ခဲ့ပေါ့ အမေ ။
သားတို့ မျက်ရည် ၊ သက်သေတည်သား
အမေ မနက်ဖန် ပြန်လာနော် ။
ယုံကြည်ခြင်းတွေ ရင်းနှီးလို့
အရင်းအနှီး ကြီးတယ်အမေ
အသက်သွေးတွေနဲ့ ကျေနပ်ပါတယ်
သားတို့မျိုးဆက် က ဒီခေတ်ပျက်မှာ
နောက်ဆုံးလူသားဖြစ်ပါရစေ
အနာဂါတ်ကို
အမေအပြုံး အမေ့နှလုံးသား ဆန္ဒပြည့်ဖို့
သားတို့ မျှော်နေတယ်အမေ
အမေ
မနက်ဖန် ပြန်လာနော် ။
ထင်လင်း(ကိုသားကြီး)
၁၈ ဇွန် ၂၀၂၅
မှောင်ရောင်ဝင်စ
ဥရောပ ည ၁၁ နာရီ တိတိ
အမ်စတာဒမ် /နယ်သာလန်
(( ၁၂၀ ))
ပြည့်မိခင်သို့တောင်းဆုလွှာ (ဇော်ငြိမ်းလတ်)
သပြေနုရယ်နဲ့
အမေစုကိုတဲ့တောင်းဆုချွေ။
သက်ရှစ်ဆယ်မာစေကြောင်းပေပေါ့
ဒေါင်းကအိုးဝေ။
တို့မြန်ပြေ
မြှော်ရှာလေပြည်သူများ။
နိမိတ်ကောင်းချိန်မို့
အောင်ဒေါင်းအလံထူ၍
တိုင်းဇမ္ဗူအရောင်လင်းအောင်
လွတ်ကင်းစေသား။ ။
(18- 06- 2025) ၈၀ ပြည့်ကို တရက်လို
အပိုင်း ၁၄ ကို ကဗျာ အပုဒ် ၁၂၀ နဲ့ပဲ တော်သေးပြီ။ အပိုင်း ၁၅ မှာ ကျန်နေသေးတဲ့ ကဗျာတွေ ဆက်ဖော်ပြပေးပါမယ်။ ဒီနေ့ကတော့ ၁၉ ဇွန် ၂၀၂၅ ပါ။ အမေစုရဲ့ ၈၀ ပြည့်နေ့ပေါ့။ စု ၈၀ ပြည့်မှာ ကဗျာပေါင်းက အပုဒ် ၁၂၀ ဖော်ပြလိုက်ပြီပေါ့။ နောက်ထပ် ကဗျာ အပုဒ် ၂၀ လောက် လက်ထဲမှာ ရှိနေပြီ။ နောက် ထပ်ပို့လာနေကြသေးတယ်မို့ စုကဗျာအပုဒ် ၁၅၀ ကနေ ၂၀၀ ဆီကို ဆက်ရွေ့နေပါတယ်။ ။
စုမွေးနေ့ခါ၊ ဂုဏ်ပြုရာတွက်
ကဗျာပို့ပေး၊ ရသေးလားတဲ့
ရပါရဲ့လေ၊ ဖြေပေးနေရ
ပါးညောင်းလှပါပြီတကား။ ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar