Breaking News

ကျော်ဟုန်း - သီတဂူမာတာ

သီတဂူမာတာ
ကျော်ဟုန်း
(မိုးမခ) ဇွန် ၁၈၊ ၂၀၂၅


သူက
ကောင်းကင်နံရံကို
ဆုတ်ဖြဲလိုက်တယ်။

ပြီးတော့
စွမ်းအင်ကို ဝေမျှစားသုံး
ကြယ်တွေကို မီးထွန်းလိုက်ပြန်။

သူ* ဆိုတာက
ညကောင်းကင်ကို
အကြိမ်ကြိမ်ဖြတ်သန်းဖူးတဲ့
အတွေ့အကြုံ သူ့ဆီမှာ ရှိတယ်။

ဒို့ဆီမှာတော့
ဝံပုလွေတွေ အူသံကြားရတဲ့ ညတိုင်း
တာဝန်ကျေ လ သာစမြဲပေါ့
တောက ခေါင်သကိုး။

ညဉ့်နက်တွေမှာ ထိန်လင်းဖို့
နေဆီက
သူ ဖဲ့ယူထားတဲ့ အလင်းစုဟာ
သူ့ ပကတိ
မာယာမဟုတ်။

သူ့ရဲ့
အမြဲတမ်းအကျင့်တခုက
အရုဏ်ဦးဆီ
အလည်အပတ်ပို့ဆောင်ကြဉ်း
နေ့သစ်များကို ချစ်တတ်အောင်
ကမ္ဘာမြေပေါ် မှာ ပန်းစုံပိုပွင့်အောင်
သူ့လက်ရေးနဲ့
ကကြီး ခကွေး သင်ပေးဖူးတယ်
အ အထိ။

ကျောက်ဆောင်တွေကို ဖြိုဖျက်ဖို့
ပင်လယ်ပြင်ကို
ကိုယ်ခံပညာသင်ပေးခဲ့တာလည်း 'သူ'

အမှောင်မိုက်ကို ဦးညွှတ်စေဖို့
ရှေ့တန်းထွက်
စစ်သူကြီးလုပ်ခဲ့တာလည်း 'သူ'

သူ့အတွက်တော့
တိမ်မည်းညစ်တွေ ကိုက်စားခံခဲ့ရ
အကြိမ်ကြိမ် မမှု။

ရော ...
ရင်သပ်ရှုမော အံ့ဖွယ်ပါတကား။

သူ* ဆိုတာက
ဒီနေ့ ၈၀ အမေစု
မြန်မာပြည်သူ ပြည်သားအားလုံးရဲ့
ဒေါ်အောင်ဆန်းစုကြည်ပေါ့။

၂၅၆၁၉
+++++++
* ၈၀ ပြည့်မွေးနေ့ရှင်  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကန်တော့ခြင်း * 

 -
 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar